အသေးစားစီးပွားရေးလုပ်ငန်းများ အကျိုးရှိသည့် Tap to Phone ဖြေရှင်းချက်


18 November, 2020

အာရှပစိဖိတ်ဒေသတွင်းမှ သုံးစွဲသူ ထက်ဝက်ကျော် (၅၅ ရာခိုင်နှုန်း) သည် ငွေရှင်းကောင်တာတွင် Tap to Phone ငွေပေးချေမှုကို အသုံးပြုမည်ဟု ဖြေကြားထားသည်။

Tap to Phone ဖြေရှင်းချက်သည် အသေးစားစီးပွားရေးလုပ်ငန်းများအား ၎င်းတို့၏ စမတ်ဖုန်းပေါ်မှ Visa ငွေပေးချေမှုများကို လက်ခံနိုင်ပြီး ကုန်ကျစရိတ် ကြီးမားသည့် အခြေခံလိုအပ်ချက်များကို ဖယ်ရှားပေးသည်။

COVID-19 ကာလအတွင်း အာရှပစိဖိတ်ဒေသတွင်းရှိ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းများသည် ဒီဂျစ်တယ်ငွေပေးချေမှုများကို ပိုမိုအသုံးပြုလာခဲ့သည်ကို တွေ့ရှိခဲ့ရသောကြောင့် အသေးစားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများ ဒီဂျစ်တယ်စီးပွားရေးသို့ ပိုမိုကူးပြောင်းလာနိုင်ရေးအတွက် Tap to Phone စနစ်ဝန်ဆောင်မှု များကို အရှိန်မြှင့်တင်ရန် ငွေပေးချေမှုလုပ်ငန်းကဏ္ဍ တစ်ခုလုံးကို Visa မှ စဥ်ဆက်မပြတ် တိုက်တွန်းလျက် ရှိသည်။ Tap to Phone စနစ်ဖြင့် ရောင်းချသူများအနေဖြင့် Visa ၏ Contactless ငွေပေးချေမှုများအတွက် သီးခြား ငွေလက်ခံစက် မလိုဘဲ ကိုယ်ပိုင် Android NFC-enabled Smartphone များဖြင့် တိုက်ရိုက် လက်ခံရရှိနိုင်စေသည်။

Visa ၏လေ့လာချက်အသစ်တစ်ခုတွင် အာရှပစိတ်ဖိတ်ဒေသတွင်း၌ Tap to Phone ငွေပေးချေမှုစနစ်ကိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း ဒေသတွင်းရှိ သုံးစွဲသူအများစု (၅၅ ရာခိုင်နှုန်း) သည်အဆိုပါ စနစ်ကို အသုံးပြုနိုင်ခြေ များသည်ဟု တွေ့ရှိရသည်။ သုံးစွဲသူ စိတ်ဝင်စားမှုတွင် မလေးရှားက (၆၄ ရာခိုင်နှုန်း) ဖြင့် အများဆုံး ဖြစ်ပြီး ထိုင်ဝမ်က (၆၂ ရာခိုင်နှုန်း)၊ဟောင်ကောင်က (၆၂ ရာခိုင်နှုန်း) နှင့် အိန္ဒိယက (၅၅ ရာခိုင်နှုန်း) စသည်ဖြင့် အသီးသီး တွေ့ရှိရသည်။ ထို လေ့လာချက်တွင် အာရှပစိဖိတ်ဒေသတွင်းရှိ သုံးစွဲသူများ အနေဖြင့် Contactless ငွေပေးချေခြင်းစနစ်နှင့် ရင်းနှီးပြီးသား ဖြစ်သောကြောင့် Tap to Phone ဝန်ဆောင်မှုများကိုစတင်မိတ်ဆက်ပါက ကြိုက်နှစ်သက်ကြလိမ့်မည်ဟု ခန့်မှန်း အကြံပြုထားသည်။

"Contactless ငွေပေးချေခြင်းစနစ်ကို သုံးစွဲတဲ့အပိုင်းမှာ အာရှပစိဖတ်ဒေသဟာ ကမ္ဘာကို ဦးဆောင်နေပြီး အခုဆို ဒေသတွင်းမှာရှိတဲ့ Visa ရဲ့ လူကိုယ်တိုင်ငွေပေးချေမှုလုပ်ငန်းတွေမှာ ၄၄ ရာခိုင်နှုန်းနဲ့ အဓိက ဈေးကွက်တွေမှာ ၇၀ ရာခိုင်နှုန်းကျော် နေရာယူထားပါတယ်"[1]လို့ Visa ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဥက္ကဌဖြစ်သူ Chris Clark က ပြောကြားခဲ့ သည်။ "Tap to Phone ငွေပေးချေမှုက လုံခြုံရေးစနစ်တွေ ပါဝင်ပြီး တခြား ထိပြီး ပြုလုပ်ရတဲ့ ငွေပေးချေမှုတွေနဲ့ ဆင်တူ ပါတယ်။ ကတ်၊ ငွေပေးချေလို့ရတဲ့ Smart Device ဒါမှမဟုတ် ဖုန်း စတာတွေကို အရောင်းကောင်တာမှာရှိတဲ့ ငွေပေးချေမှု လက်ခံစက်တွေမှာ ထိပြီး သုံးရမယ့်အစား ရောင်းချသူရဲ့ Smartphone မှာ ထိပြီး ငွေပေးချေမှု ပြုလုပ်ရုံပါပဲ။ ရောင်းချသူတွေအတွက်တော့ ငွေပေးချေမှု လက်ခံဖို့အတွက် စက်တွေအမျိုးမျိုး မလိုအပ်တော့ဘဲ ဒီဂျစ်တယ် ငွေပေးချေမှုတွေကို လက်ခံနိုင်မှာဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအတွက်ကတော့ Tap to Phone စနစ်ဟာ ငွေကုန်ကြေးကျ သက်သာစွာနဲ့ Visa ငွေပေးချေမှုကို လက်ခံနိုင်ပြီး ဒီဂျစ်တယ်ကူးသန်းရောင်းဝယ်ရေးရဲ့ အကျိုးကျေးဇူးတွေကို ခံစားနိုင်မယ့် နည်းလမ်း ကောင်းတစ်ခုဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

လွယ်ကူခြင်း၊ သက်သောင့်သက်သာရှိခြင်းနှင့် ငွေသားကိုင်ဆောင်စရာမလိုခြင်း အချက်များကိုသုံးစွဲသူများ စိတ်ဝင်စားကြ

Tap to Phone စနစ်သည် စီးပွားရေးလုပ်ငန်းများအတွက် ရောင်းဝယ်ဖောက်ကားမှု အခြေခံလိုအပ်ချက်တစ်ခုလုံးကို လွယ်ကူ သွားစေသည့်အပြင် သုံးစွဲသူများအတွက်လည်း အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ပါသည်။ သုံးစွဲသူများကို စစ်တမ်း ကောက်ယူခဲ့ရာ ၅၂ ရာခိုင်နှုန်းက သုံးစွဲရလွယ်ကူခြင်းသည် ၎င်းတို့ကို Tap to Phone စနစ်အား အသုံးပြုစေရန် လှုံ့ဆော် နိုင်သည့် အဓိက အကြောင်းပြချက် ဖြစ်သည်ဟု ဖော်ပြခဲ့ကြပြီး ၅၁ ရာခိုင်နှုန်းက အချိန်ကုန်သက်သာသောကြောင့်နှင့် ၅၀ ရာခိုင်နှုန်းက ငွေသားကိုင်ဆောင်စရာ မလိုသောကြောင့်ဟု ဖြေဆိုခဲ့ကြသည်။

သုံးစွဲသူ ၄၃ ရာခိုင်နှုန်းက လုံခြုံမှုသည် ၎င်းတို့အား Tap to Phone ငွေပေးချေမှုစနစ်ကို ပြောင်းလဲအသုံးပြုရန် အားပေးသည့် အချက်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ သို့သော် သုံးစွဲသူများကို လုံခြုံရေး စနစ်ပါဝင်မှုများနှင့် ပတ်သက်၍ ပညာပေးရန် ဒီဂျစ်တယ်ငွေပေးချေမှုနယ်ပယ်ရှိ လုပ်ငန်းများအနေဖြင့် ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်ဟု Visa မှ ယုံကြည်ထားသည်။ ကိုယ်ရေးကိုယ်တာ သို့မဟုတ် ဘဏ္ဍာရေးအချက်အလက်ဆုံးရှုံးခြင်းကို Tap to Phone ၏ အဓိကစိုးရိမ်ဖွယ်အချက်များအဖြစ် ထင်မြင်ကြောင်း ဖြေဆိုခဲ့ကြသည်။ Tap to Phone စနစ်တွင် Visa ၏ မြင့်မားသော လုံခြုံမှုဆိုင်ရာ ငွေပေးချေမှုစံနှုန်းအတိုင်း ဝယ်သူနှင့် ရောင်းသူနှစ်ဘက်လုံးအတွက် လုံခြုံရေးစနစ် အဆင့်ဆင့် ထားရှိထား သည်။ စနစ်တစ်ခုချင်းစီသည် လုံခြုံရေး ဆိုင်ရာဌာနမှ အသိအမှတ်ပြု အကဲဖြတ်ခြင်းအပါအဝင် အထူးကြပ်မတ် လက်မှတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို လက်ခံယူ ထာပြီးဖြစ်သည်။ ဤစနစ်များအားလုံးသည် PCI Security Standards Council မှသတ်မှတ်ထုတ်ဝေထားသည့် စံနှုန်းများနှင့်လည်း သေချာစစ်ဆေးထားပြီးဖြစ်သည်။

 

စတိုးဆိုင်များ၊ စားသောက်ဆိုင်များနှင့် မုန့်စျေးတန်းများတွင် Tap to Phone စနစ်ကို လူကြိုက်များနိုင်

Visa သည် သုံးစွဲသူများအနေဖြင့် ဖုန်းမှတစ်ဆင့် ငွေပေးချေနိုင်ဖွယ် အများဆုံးရှိသည့် နေရာများကိုလည်း လေ့လာခဲ့သည်။ ပါဝင်ဖြေကြားသူ ၅၉ ရာခိုင်နှုန်းသည် Convenience Store များကို ရွေးချယ်ခဲ့ကြပြီး လွယ်ကူလျင်မြန်သည့် ငွေပေးချေနိုင်မှု များကို လိုလားကြောင်း ဖြေကြားခဲ့သည်။ ပါဝင်ဖြေကြားသူ ထက်ဝက်ကျော် (၅၆ ရာခိုင်နှုန်း) ကမူ စားသောက်ဆိုင်များတွင် ထိုင်ရာကနေမထဘဲ ငွေပေးချေလိုကြောင်း ပြောကြားခဲ့သည်။ မုန့်စျေးတန်းများ၊ လမ်းဘေးစျေးဆိုင်များနှင့် အခြားဆိုင်ငယ် များသည် ပါဝင်ဖြေကြားသူ ၅၂ ရာခိုင်နှုန်း၏ ရွေးချယ်မှုဖြင့် တတိယ လူကြိုက်အများဆုံး ဖြစ်ခဲ့ကြသည်။

"စားသုံးသူတွေက Convenience စတိုးတွေ၊ စားသောက်ဆိုင်တွေနဲ့ Food court တွေလို အမြန်ဝန်ဆောင်မှုပေးရတဲ့ လုပ်ငန်းတွေမှာ ငွေပေးချေရတာ ခက်ခဲပြီး အချိန်ကြာနေတာကို မလိုချင်ကြပါဘူး။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း စားသုံးသူတွေကို ဝန်ဆောင်မှုပေးတဲ့အခါ အဆင်ပြေပြီး မြန်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် Tap to Phone စနစ်ဟာ စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ကို အသုံးမပြုသေးတဲ့ လုပ်ငန်းတွေအတွက် စဉ်းစားသင့်တဲ့ ရွေးချယ်စရာ အသစ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း Visa အနေနဲ့ စားသုံးသူဝယ်လိုအားနဲ့ စီးပွားရေး အခွင့်အလမ်းတွေ အတွက် အာရှပစိဖိတ်ဒေသတွေမှာ အခုလို Tap to Phone ဝန်ဆောင်မှုတွေကို ပိုအသုံးပြုနိုင်ဖို့အတွက် မိတ်ဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်" ဟု Clark က ပြောကြားခဲ့သည်။

Visa သည် ယခုလက်ရှိတွင် စျေးကွက်အတွက် နည်းလမ်းသစ်များ ဖန်တီးပေးနိုင်ရန် ၎င်းမှ ထောက်ခံချက်ပေးထားသည့် နည်းပညာပံ့ပိုးသူ ၉ ဦး၊ ဝယ်ယူသူများ၊ ဘဏ္ဍာရေးနည်ပညာလုပ်ငန်းများ (Fintechs) နှင့် လက်တွဲလုပ်ဆောင်လျက်ရှိသည်။ Visa နှင့် ၎င်း၏ မိတ်ဖက်များမှ မလေးရှားနှင့် အိန္ဒိယတို့တွင် Tap-to-phone စနစ်ကို စတင်မိတ်ဆက်ခဲ့ပြီး လာမည့် လများအတွင်း အာရှပစိဖိတ်စျေးကွက်များတွင်လည်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။

 

အာရှပစိဖိတ်ဒေသအတွင်း Tap to Phone အကြောင်း Visa ၏ လေ့လာဆန်းစစ်ချက်

Visa ၏ "အာရှပစိဖိတ်ဒေသအတွင်း Tap to Phone ဆိုင်ရာ လေ့လာဆန်းစစ်ချက်" ကို YouGov Research မှ ဦးဆောင်၍ ၂၀၂၀၊ ဇူလိုင် ၁၆ ရက်မှ ၂၀ ရက်အတွင်း သြစတြေးလျ၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ နယူးဇီလန်၊ စင်ကာပူနှင့် ထိုင်ဝမ်တို့မှ အသက် ၁၈ နှစ်အထက် ဖြေဆိုသူ ၆,၈၃၂ ဦးတို့ကို စစ်တမ်းကောက်ယူခဲ့သည်။

 

Visa အကြောင်း

Visa Inc. (NYSE: V) သည် ကမ္ဘာတစ်ဝန်း ဒီဂျစ်တယ်ငွေပေးချေမှုလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသည့် အဖွဲ့အစည်း တစ်ရပ် ဖြစ်သည်။ Visa ၏ ရည်မှန်းချက်မှာ လူတစ်ဦးတစ်ယောက်ချင်း၊ စီးပွားရေးလုပ်ငန်းများနှင့် စီးပွားရေး နယ်ပယ်များ တိုးတက် အောင်မြင်လာစေရေးအတွက် ဆန်းသစ်၍ လုံခြုံစိတ်ချရဆုံးသော ငွေပေးချေမှု ကွန်ယက်တစ်ခုကို ကမ္ဘာတစ်ဝန်း ချိတ်ဆက် ပေးနိုင်ရန်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး ကွန်ယက်တစ်ခုဖြစ်သည့် VisaNet ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်း လုံခြုံ စိတ်ချစွာ ငွေပေးချေမှုများ ပြုလုပ်နိုင်သလို၊ သတင်းအချက်အလက်ပေါင်း ၆၅၀၀၀ ကျော်ကို တစ်စက္ကန့်အတွင်း လွှဲပြောင်း ပေးပို့ နိုင်သည်။ Visa ကုမ္ပဏီအနေဖြင့် ဆန်းသစ်တီထွင်မှုအပေါ် စဉ်ဆက်မပြတ် အသားပေးလုပ်ဆောင်လာခဲ့ခြင်းကြောင့် ယခုအခါ မည်သည့်ကြားခံအသုံးပြုစက်ဖြင့်မဆို စီးပွားရေးလုပ်ငန်းများ ချိတ်ဆက်လုပ်ဆောင်ရာ၌ လျင်မြန်စွာ တိုးတက် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့ကာ လူတိုင်း၊နေရာတိုင်းအတွက် ငွေသားကိုင်ဆောင်ရန်မလိုအပ်တော့သည့် အနာဂတ်တစ်ခု ရရှိ ဖော်ဆောင် နိုင်ရေးအတွက် တွန်းအားတစ်ရပ်လည်းဖြစ်စေခဲ့သည်။ အန်နာလော့မှ ဒစ်ဂျစ်တယ်စနစ်ဆီသို့ ကမ္ဘာကြီးတစ်ခုလုံးက ကူးပြောင်း နေသည့်အချိန်တွင် ကောင်းမွန်သော စီးပွားရေးတစ်ရပ်လုံး၏ အနာဂတ်ကို ပြန်လည်ပုံဖော်နိုင်ရေးအတွက် Visa အနေဖြင့် ၎င်း၏ အမှတ်တံဆိပ်၊ ထုတ်ကုန်များ၊ လူအင်အားနှင့် ကွန်ရက်တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ Visa နှင့် စပ်လျဉ်းသည့် ပိုမိုပြည့်စုံသော သတင်းအချက်အလက်များ အတွက် About Visa, visa.com/blog နှင့် @VisaNews တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်သည်။

Banking & Loan Industry Reviews Read 418 times