တရုတ်နယ်စပ် ကုန်သွယ်ရေး AQSIQ မှတ်ပုံတင် ဆောင်ရွက်ပေးရန် တင်ပြ


15 March, 2019

ဒုတိယသမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ (၂၅) ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲတွင် ဆန်စပါးလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍနှင့် နယ်စပ်ဒေသကုန်သွယ်မှုတိုးမြှင့်ရေး ကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြသည်။

ဆန်စပါးလုပ်ငန်းကဏ္ဍ
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင် နှင့် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက တင်ပြပါသည်။

၁။ တောင်သူလယ်သမားများ စပါးပေါ်ချိန်တွင် ဈေးကောင်းရရန်အတွက်လည်းကောင်း၊ အသေးစားနှင့် အလတ်စား ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူများအတွက်လည်းကောင်း အဓိကလိုအပ်နေသည့် နယ်စပ်မှတရုတ် နိုင်ငံသို့ တင်ပို့ရောင်းချရေး အဆင်ပြေလွယ်ကူချောမွေ့စေရန် အထူးဦးစားပေး၍ အစိုးရချင်းညှိနှိုင်း ဆောင်ရွက်ပေးရန်။

၂။ မူဆယ်နယ်စပ်တွင်ရောက်ရှိနေသော ဆန်တန်ချိန် (၄/၅) သောင်းခန့်အတွက် ယူနန်ပြည်နယ် အစိုးရနှင့် လည်းကောင်း၊ ယူနန်ပြည်နယ်မှ Buyer များနှင့်လည်းကောင်း အထူးဦးစားပေးညှိနှိုင်းပေးရန်။

၃။ တရုတ်နိုင်ငံသို့ ဆန်၊ ဆန်ကွဲ တင်ပို့ရောင်းချမှုအတွက် ခွဲတမ်းQuota ရရှိရေး၊ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ MoU စာချုပ်ချုပ်ဆိုရေး ကိစ္စများကို အမြန်ဆုံး ထိရောက်စွာ ကူညီဆောင်ရွက်ပေးပါရန်။
၄။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရာတွင် ဆန်စပါးအတွက် တစ်ဧကလျှင် (၁.၅) သိန်းကို (၁၀) ဧကအထိ ထုတ်ပေးခြင်းအား ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးကို ရှေးရှု ၍ ရခိုင်ပြည်နယ်တွင် (၁၀) ဧကအထက် လယ်သမားများအတွက်ပါ ချေးပေးရန်။

ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ
မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့် တင်ပြပါသည်။
၁။ အိမ်ရာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် Apartment Law ထွက်ရှိခြင်းဖြင့် အခန်းပိုင်ဆိုင်သူများမှာ တရားဝင်စာချုပ်စာတမ်းဖြင့် မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း အခွန်အခမြောက်များစွာ ရရှိနိုင်မည်ဖြစ်ကာ အခန်းပိုင်ရှင်များအနေဖြင့်လည်း မိမိတို့ အခန်းအား တရားဝင်လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံခွင့် ရှိလာမည်ဖြစ်ပါသဖြင့် Apartment Law အား အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန်။

၂။ အဆောက်အအုံတစ်ခုဆောက်လုပ်မည်ဆိုပါက ပိုင်ဆိုင်မှုပြည့်စုံစေရန် ဆောင်ရွက်ခြင်း၊ စည်ပင်မှ မြေပုံ ကူးခြင်း၊ ပုံစံများရေးဆွဲခြင်းစသည့် အချိန်ကာလများအတွက် စည်ပင်သို့မတင်ပြမီ အနည်းဆုံး (၆) လခန့် ကြိုတင်ဆောင်ရွက်ရပါကြောင်း။ သို့ဖြစ်ပါ၍ YCDC မှ အဆောက်အအုံဆောက်လုပ်ခွင့် ဥပဒေများ၊ ပြင်ဆင်ချက်များကို အချိန်ကာလ သတ်မှတ်ချက် မပေးဘဲ ချက်ချင်းပြင်ဆင်ပါက ဥပဒေအရ မူလအိမ်ရှင်နှင့် ကန်ထရိုက်တာတို့ ချုပ်ဆိုထားသော စာချုပ်အရ ချက်ချင်းဆောင်ရွက်၍မရနိုင်ဘဲ အိမ်ရှင်နှင့် ကန်ထရိုက်တာတို့အကြား မလိုလားအပ်သောအမှုအခင်းများ ဖြစ်ပွား၍ အကျိုးစီးပွား ထိခိုက်မှုဖြစ်ပေါ် လျက်ရှိသဖြင့် ဥပဒေတစ်ခု၊ ညွှန်ကြားချက်တစ်ခု ထုတ်ပြန် မည်ဆိုပါက ပြည်သူလူထုသို့ အနည်းဆုံး (၆) လ သို့မဟုတ် သင့်လျော်သည့် အချိန်ကာလ Grace Period တစ်ခု သတ်မှတ်ပေးရန်။

၃။ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍအတွက် ချေးငွေများပိုမိုရရှိအောင် ဆောင်ရွက်ပေးရန်။

နယ်စပ်ဒေသကုန်သွယ်မှုတိုးမြှင့်ရေးကဏ္ဍ
ကုန်သည်စက်မှုအသင်းချုပ် နယ်စပ်ဒေသကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာလုပ်ငန်းကော်မတီ အဖွဲ့ဝင် ဦးကိုကိုကြီး တင်ပြပါသည်။

၁။ မြန်မာနိုင်ငံမှထွက်ရှိသည့် လယ်ယာထွက်ကုန်များ၊ တိရိစ္ဆာန်ထွက်ကုန်များ၊ ရေထွက်ကုန်ပစ္စည်းများ၊ စက်မှုထုတ်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန်များအတွက် AQSIQ (General Administration of Quality Supervision, Inspection and Quarantine )မှတ်ပုံတင်ထားသည့် ကုန်စည်မှာ ဆန်၊ သရက်၊ ဖရဲ၊ သခွားနှင့် ဆီးသီး စုစုပေါင်း (၅) မျိုးသာရှိကာ ကျန်ကုန်စည်အများစုမှာ နယ်စပ်လမ်းကြောင်းမှ တရားမဝင်တင်ပို့နေရသည့် အခြေအနေရှိနေသဖြင့် နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရ လည်းကောင်း၊ တစ်ဖက်နိုင်ငံ၏ ဈေးကွက်အနိုင်ကျင့်ခံရမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိပြီး ဆုံးရှုံးမှုများ မကြာခဏ ဖြစ်ပေါ်နေပါကြောင်း။

၂။ လယ်ယာထွက်ကုန် (ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ထောပတ်သီး၊ မြေပဲ၊ ဝဥ၊ ကျွဲကောသီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး၊ ရာဘာ)၊ မွေးမြူရေးထွက်ကုန် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်အရှင်)၊ ရေထွက်ကုန် (ငါး၊ ပုစွန်၊ ဂဏန်း၊ ငါးရှဉ့်၊ ကင်းမွန်)၊ စက်မှုထုတ်ကုန် (အသင့်စား အစားအစာများ၊ အိမ်သုတ်ဆေးများ) စသည့်ကုန်စည်များကို AQSIQ မှတ်ပုံတင်ခွင့် အမြန်ဆုံးရရှိရေး သက်ဆိုင်ရာဌာနမှ ဆောင်ရွက်ပေးရန်။

ရန်ကုန်၊ ကုန်သည်စက်မှုအသင်းချုပ်

Laws and Regulations Read 394 times