ငွေကြေးဆိုင်ရာလုပ်ငန်းများတွင် နည်းပညာအသုံးပြုမှု မြန်မာပြည်တွင်ပိုမိုများလာသည်နှင့်အမျှ နိုင်ငံတကာသုံး VISA ၊ Master ၊ Union Pay တို့နှင့် MPU ပြည်တွင်းဘဏ်များပူးပေါင်းကာထုတ်လုပ်သည့် အကြွေးဝယ်ကဒ်သုံးစွဲသူလည်း ပိုများလာသည်။
အဆိုပါကဲ့သို့သုံးစွဲမှှုများလာမှု နှင့်အတူ အကြွေးဝယ်ကဒ်သုံးရာတွင် သတိပြုစရာများကို လက်ရှိသုံးစွဲနေသူလုပ်ငန်းရှင်များ ၊ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ပြထားရာတွင် နှစ်စဉ်ကြေး ၊နောက်ကျဒဏ်ကြေး ၊ မိမိပေးချေနိုင်သည့်ငွေပမာဏထက်ပိုမိုသုံးစွဲမိခြင်း ၊ အခြားကုန်ကျစရိတ်စသည်တို့ကို သတိပေးလေ့ရှိသည်။ အားသာချက်အနေဖြင့် ပြည်ပသို့ခရီးသွားရာတွင် လွယ်ကူစွာသုံးနိုင်ခြင်း၊ အွန်လိုင်းမှ အလွယ်တကူငွေပေးချေနိုင်ခြင်း၊ငွေသားအမြောက်မြားကိုင်ဆောင်ရန်မလိုအပ်ခြင်းစသည်တို့အပေါ်တွင် မှတ်ချက်ကောင်းများကိုလက်ရှိသုံးစွဲနေသူများက ညွှန်းလေ့ရှိသည်။
အကြွေးဝယ်ကဒ်လျှောက်ထားရာတွင် မိမိ၏ပုံမှန်ဝင်ငွေကို အခိုင်အမာဖော်ပြနိုင်မည့်အထောက်အထားနှင့် လူပုဂ္ဂိုလ်အာမခံတို့သည် အဓိကအရေးကြီးပြီး လျှောက်ထားသူ၏ဝင်ငွေပေါ်လိုက်ကာ Card ကိုချပေးသင့်မသင့်သတ်မှတ်ထားသည့် Cardအမျိုးအစားသုံးမျိုးအနက်(ဝင်ငွေပေါ်လိုက်ကာ အကြွေးဝယ်ယူသုံးစွဲနိုင်မှုပမာဏသတ်မှတ်ထားချက်)မည်သည့်အမျိုးအစားချထားပေးမည်ကို သတ်မှတ်လေ့ရှိကြောင်း သိရသည်။ဝင်ငွေရလမ်းခိုင်မာပြီး လုပ်ငန်းငယ်တစ်ခုတည်ထောင်လိုသူတစ်ဦးအနေဖြင့် Credit Card ကို သုံးကာလုပ်ငန်းထူထောင်ခြင်းက ၎င်းအတွက် တွက်ချေကိုက်သကဲ့သို့ Credit Card သုံးပြီးမိမိပြန်ဆပ်နိုင်သည့်ပမာဏကျော်လွန်ကာသုံးစွဲသူများ အသုံးမတတ်သူများ ၊သတ်မှတ်ထားသော အတိုးနှုန်းများများ ၊ကန့်သတ်ချက်များကို မသိသူများအတွက် အကြွေးဝယ်ကဒ်သည် အကြွေးနွံက ရုန်းထွက်ရန် မလွယ်ကူနိုင်ပေ။
နိုင်ငံတကာသုံး အကြွေးဝယ်ကဒ်စနစ်များသည် နိုင်ငံပေါင်း ၁၉၀ ခန့်တွင် သုံးစွဲနေကြသည်။ထို့အတူ နောက်ဆက်တွဲပြသနာအဖြစ် အကြွေးဝယ်ကဒ်ဖြင့် အကြွှေးပြန်မဆပ်နိုင်ဘဲနာမည်ပျက်စာရင်းသွင်းခံသူကလည်းထုနဲ့ဒေး။ သတ်မှတ်အချိန်တွင် အကြွေးမဆပ်နိုင်သဖြင့် သားပစ်မယားပစ်ထွက်ပြေးသည့် အကြောင်းအရာများကလည်း နိုင်ငံတကာသတင်းများတွင် ဖတ်နေရသည်။ စီမံခန့်ခွဲမှုမတတ်ခြင်း၏ ဆိုးကျိုးအဖြစ်လည် မြင်စရာရှိသည်။ငွေစက္ကူအသုံးပြုမှုလျှော့ချနိုင်ခြင်း စီးပွားရေးလုပ်ငန်းဆိုင်ရာ ငွေပေးချေးမှုများ နှင့် အခါအားလျော်စွာ လျှော့ဈေးအစီအစဉ်များပေးလေ့ရှိသည့် ယင်းကဒ်စနစ်အတွက် အဆိုပါ အကြွှေးဝယ်ကတ်တွေကိုရယူအသုံးပြုပြီး ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသူများ မြန်မာပြည်တွင်လည်း ရှိလာသည်။ ယင်းအတွက်လည်းနိုင်ငံပိုင် သတင်းစာများကတစ်ဆင့် သက်ဆိုင်ရာဘဏ်များတွင်လာရောက်ပြီး ပေးဆပ်နိုင်ဖို့ ကြေညာမှုများလုပ်ရသည်အထိ ဖြစ်သည်။
“တစ်နည်းအားဖြင့်ဆိုရရင်တော့ ဒီ Credit Card တွေက ဘဏ်တွေရဲ့ အပေါင်မဲ့ ချေးငွေသဘောမျိုးပါပဲ။အလကားပေးတယ်ထင်ပြီးတော့ သုံးလို့တော့ မရဘူးပေါ့ ၊ တာဝန်ယူမှှု တာဝန်ခံမူတော့ ရှိရမှာပေါ့။အဓိကတော့ ယုံကြည်မှှုပေါ့ ဘဏ်တွေအနေနဲ့လည်း လုပ်ငန်းရှင်တွေကို ကူညီပေးချင်တယ်၊ လုပ်ငန်းရှင်တွေအနေနဲ့ကလည်းဒါတွေကို အသုံးပြုပြီး လုပ်ငန်းတိုးတက်အောင်မြင်မယ်ဆိုရင် ဘဏ်တွေရော အသုံးပြုသူတွေရော ကဒ်ကုမ္ပဏီတွေရောအားလုံး အကျိုးရှိမှာဖြစ်ပါတယ်”လို့ ကမ္ဘောဇဘဏ်မှ အကြီးတန်းအကြံပေး ဖြစ်သူ ဦးသန်းလွင်က ပြောသည်။အကြွေးဝယ်ကဒ်ကိစ္စနှင့်ပတ်သက်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒေါ်တိုးနန္ဒာတင်ကလည်း“ဘဏ်တွေအနေနဲ့ကတော့ အဲဒါကို မထုတ်ပေးခင်ထဲက သူ့ရဲ့ နောက်ခံအကြောင်းတွေ သေချာသိဖို့လိုအပ်မယ်ထင်တယ်။
မြန်မာလူမျိုးဆိုတာလည်းသိတဲ့ အတိုင်းပဲလေ အလကားရရင် ဆင်တောင်အကြွေးယူမယ်ဆိုပြီး စကားရှိခဲ့တာ။အမှန်တော့အဲဒီအကျင့်တွေ အရင်ပြင်သင့်တယ်”ဟု ထောက်ပြသည်။ထို့ပြင် တချို့သော စိုက်ပျိုးစရိတ်ချေးငွေ ရရယူတဲ့ သူများအနေဖြင့်လည်း ရရှိလာသည့် ငွေကြေးများကို လုပ်ငန်းအတွက် အမှန်တစ်ကယ် အသုံးပြုခြင်းမရှိဘဲ မလိုအပ်သည့် ဇိမ်ခံပစ္စည်းများဝယ်ယူခြင်းတို့သည်ပြန်လည်ပေးဆပ်ချိန်တွင်အခက်အခဲနှင့်ကြုံတွေ့ရနိုင်ကြောင်း သူမ က ဆက်ပြောသည် ။လူငယ်များ အနေဖြင့် ငွေသားကိုင်ဆောင်ခြင်းများကနေ ပြောင်းလဲပြီး ခေတ်မီ ငွေပေးချေမှှု စနစ်ကို ပြောင်းလဲဖို့ရည်ရွယ်နေသူများလည်း အများအပြားတွေ့မြင်နေရပါသည်။ ကမ္ဘာတစ်ဝှမ်း ဒစ်ဂျစ်တယ် ငွေပေးချေမှှု လုပ်ငန်းနယ်ပယ်တွင်ဦးဆောင်နေသည့် Visa ၏ ၂၀၁၈ ခုနှစ်အတွင်း ကောက်ယူထားသည့် လေ့လာဆန်းစစ်မှှု စစ်တမ်းအရ မြန်မာနိုင်ငံတွင် ခေတ်မီ ငွေပေးချေမှှု နည်းလမ်းများအသုံးပြုသူ အမျိုးအစားလေးမျိုး တွေ့ရှိရကြောင်းဖော်ပြထားသည်။
“Debit Card (လက်ငင်းဝယ်ယူခွင့်) ကို CB နဲ့သုံးနေတာတော့ ရှိတယ်။ Credit Card ကတော့ လောလောဆယ် မလိုအပ်သေးတော့ မသုံးဖြစ်သေးဘူး၊ နောက်ပိုင်းတော့ သုံးဖို့ရှိတယ်။ ကိုယ်တိုင်ကိုယ်ကျ ဘဏ်မှာ သွားလုပ်ဖို့စုံစမ်းဖို့ကျတော့ အချိန်မပေးနိုင်သေးလို့ပါ” ဟု အင်းစိန်မြို့နယ်မှ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ ဝန်ထမ်း ဖြစ်သူ မဇင်မာဝင့်စံက ပြောပြသည်။လက်ရှိမှာ ဘဏ်စာရင်းဖွင့်ပြီး ခေတ်မီငွေပေးချေမူ နည်းလမ်းတွေ အသုံးပြုနေသူ ၁၀ ရာခိုင်နှှုန်းရှိပြီးခေတ်မီငွေပေးချေမှှုနည်းလမ်းကို အသုံးပြုပြီးဘဏ်စာရင်းဖွင့်ရန် စိတ်အားထက်သန်နေ သူက ၂၂ ရာခိုင်နှှုန်းရှိ အမှန်တစ်ကယ် သုံးစွဲမည်ဆိုသည့် သူက ၄၂ ရာခိုင်နှှုန်းရှိနေပြီး လက်ငင်းငွေချေစနစ်ကလွဲပြီး ကျန်သည့် နည်းလမ်းများကို စိတ်မဝင်စားသူက ၂၆ ရာခိုင်နှုန်းရှိနေသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
အကြွေးဝယ်ကဒ်စနစ်အပြင် လက်ရှိအချိန်တွင် ငွေလွှဲဝန်ဆောင်မှုများဖြစ်သော Wave Money ၊ M -pitesan ၊ OK$ စသည်ဖြင့် ဗဟိုဘဏ်က ခွင့်ပြုထားသည့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှှုလုပ်ငန်းများကိုလည်း ကျေးလက်နေပြည်သူများ ၊ဘဏ်ခွဲနှင့်နီးစပ်မှှုမရှိသည့် မြို့နယ်များမှာ အဆိုပါ အက်ပလေကေးရှင်းများကနေ တစ်ဆင့် လွယ်ကူစွာဆောင်ရွက်လာနိုင်ကြတာကို တွေ့နေရသည်။ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ လက်လှမ်းမီသောနည်းပညာတစ်ခုမဟုတ်တစ်ခုအပေါ်တွင် အားထားနေသည့် သဘောဖြစ်သည်။လက်ရှိတွင် ဘဏ်များရှိ ကြွေးယူသူ၏ အကြွေးရယူထားခြင်းဆိုင်ရာ သတင်းအချက်အလက်များကိုစောင့်ကြည့်နိုင်မည့်မြန်မာခရက်တစ်ဗျူရိုတစ်ရပ်ကို လုပ်ကိုင်ခွင့်ပေးလိုက်ပြီဖြစ်ရာ ပြည်တွင်း၏ အကြွေးဝယ်ကဒ်သုံးစွဲမှုသည်လည်း သိသိသာသာမြင့်တက်လာနိုင်သည်။ အထက်မှာဖော်ပြခဲ့သည့် ငွေလွှဲဝန်ဆောင်မှုများကိုသာ အားကိုးနေရသော ကျေးလက်ဒေသများသည်လည်း အကြွေးဝယ်ကဒ်သုံးစွဲမှုကို ခြေလှမ်းပြင်ဆင်လာနိုင်မည်ဖြစ်သည်။
တစ်ဖက်တွင်လည်း ငွေကြေးဆိုင်ရာဗဟုသုတနှင့် ခေတ်မီ ငွေပေးချေမှှုနည်းလမ်းများ မည်ကဲ့သို့အသုံးပြုရမည်စသောပညာပေးအစီအစဉ်များကတော့ များစွာလိုအပ်နေဦးမည် ဖြစ်သည်။
Myanmar business today