လျှော်ဖြူအစေး တိုင်ပေသို့ တင်ပို့


10 January, 2019

လျှော်ဖြူအစေး (ခေါ်) ဆေးကုလားမ ၁၀၀၀ ကီလိုဂရမ်ကို တရုတ်၊ တိုင်ပေမြို့သို့ တရားဝင်တင်ပို့ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။တင်ပို့မည့် ဆေးကုလားမ အမျိုးအစားမှာ ရေခဲသားအတုံးခဲဖြစ်ပြီး ဈေးနှုန်းအနေဖြင့် တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ၄၀ ရရှိမည်ဖြစ်ကြောင်း၊ ဆေးကုလားမသည် ပြည်တွင်းဈေးကွက်တွင် တစ်ပိဿာကို ကျပ် ၅၀၀၀ နှင့်၁၂၀၀၀ ကြားဈေးရကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

 “ဆေးကုလားမက တရုတ်ပြည်ဈေးကွက်အတွက် အလားအလာကောင်းတဲ့ ပစ္စည်းအမျိုးအမည်ဖြစ်ပါတယ်။ တချို့ကုန်သည်တွေဆို ကုန်ကြမ်းလိုလာပြီဆိုရင် ဈေးကောင်းပေးပြီး စိုက်ခင်းထဲကိုလာကြည့်ပြီး ဝယ်မယ်ဆိုတာတွေတောင်ရှိတယ်”ဟု ယင်းဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်။လျှော်ဖြူစေးကို တရုတ်၊ အိန္ဒိယနှင့် ထိုင်ဝမ် ကုန်သည်များကပါ အမြင့်ဆုံးဈေးပေး၍ ဝယ်ယူနေကြောင်း လျှော်ဖြူကုန်သည်များထံမှ သိရသည်။

 “ဒီလိုမျိုးတင်ပို့ခွင့်ရနေတုန်းမှာ လျှော်ဖြူအစေးကို တခြားဟာတွေနဲ့ရောပြီး မပို့ဖို့လိုတယ်။ မဟုတ်ရင် ဈေးကွက်ပျက်သွားနိုင်တယ်”ဟု လျှော်ဖြူစိုက်ပျိုးသူ ဦးမြတ်အောင်က ပြောကြားသည်။မြန်မာနိုင်ငံတွင် လျှော်ဖြူပင်ကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီ၊ မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမှုများပြီး စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ စက်မှုကုန်ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများ၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းတို့တွင် သုံးစွဲလျက်ရှိသည်။

လက်ရှိ လျှော်ဖြူပင်ကို မကွေးတိုင်းဒေသကြီးတွင် ဧက ၅၀၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် ဧက ၃၇၀၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧက ၈၀၀၀ ကျော် စိုက်ပျိုးထားပြီး လျှော်ဖြူစိုက်တောင်သူများသည် မန္တလေး၊ မိတ္ထီလာ၊ သာစည်၊ ရန်ကုန်မြို့ရှိ ပွဲရုံကုန်သည်များထံ သွားရောက်ရောင်းချကာ ကုန်သည်များက နယ်စပ်ကုန်သွယ်ရေးလမ်းကြာင်းများမှတစ်ဆင့် ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကုန်သည်များထံမှသိရသည်။

The Voice

Export, Import Read 2911 times