မကွေးတိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်နေသည့် ရေသန့်စက်ရုံ ၁၁ ရုံကို ပိတ်သိမ်းခဲ့ပြီး ခွင့်ပြုချက်ရရှိပြီးဖြစ်သော်လည်း သတ်မှတ်ချက်နှင့် မညီသည့် ရေသန့်စက်ရုံလေးရုံကို ခံဝန်လက်မှတ်ရေးထိုးစေကာ သတိပေးထားကြောင်း မကွေး တိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာပြည့်ထူးက ပြောသည်။
မကွေးတိုင်းအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် အောက်တိုဘာလဆန်းက စတင်ကာ တိုင်းအတွင်းမြို့နယ်များရှိ ရေသန့်စက်ရုံများကို ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်။ ခွင့်ပြုချက်မရှိဘဲ ရေသန့် ထုတ်လုပ်နေသည့် စက်ရုံများမှာ မကွေးခရိုင်အတွင်း နှစ်ရုံ၊ ပခုက္ကူ ခရိုင်တွင် လေးရုံ၊ သရက်ခရိုင်တွင် နှစ်ရုံနှင့် မင်းဘူးခရိုင်တွင် သုံးရုံဖြစ်သည်။
ထို့အပြင် တိုင်းအတွင်း ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် ရေသန့် စက်ရုံလေးရုံသည်လည်း သန့်ရှင်းမှု အားနည်းသောကြောင့် ခံဝန်လက်မှတ် ရေးထိုးခိုင်းထားကြောင်း ၎င်းက ဆိုသည်။
‘‘မကွေးတိုင်းအတွင်း လမ်းပန်းဆက်သွယ်ရေးခက်နေလို့ ဂန့်ဂေါခရိုင်တစ်ခုပဲ စစ်ဆေးဖို့ ကျန်ပါတယ်။ ပွင့်လင်းရာသီမှာ စစ် ဆေးမှာဖြစ်ပါတယ်။ သန့်ရှင်းမှု အားနည်းတဲ့ စက်ရုံတွေကလည်း Cross အကြီးကြီး ဖြစ်တာမျိုးတော့ မဟုတ်ဘူး။ ဆပ်ပြာထားရမယ့်နေရာမှာ ဆပ်ပြာမရှိတာမျိုး စတဲ့သန့်ရှင်းမှု နည်းနည်းအား နည်းတာမျိုးတွေပါ’’ဟု ဒေါက်တာပြည့်ထူးက ဆိုသည်။
လက်ရှိတွင် မကွေးတိုင်းအတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ခွင့်ပြုချက်ရရှိထားသည့် ရေသန့်စက်ရုံ ၈၀ ခန့်ရှိကြောင်း တိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
7 day