ဖားကန့်ဒေသရှိ ဥရုချောင်းအတွင်း ရေထုညစ်ညမ်းမှုကြောင့် ဒေသခံများအခက်တွေ့


26 June, 2018

ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသ၌ ရွှေနှင့် ကျောက်မျက်တူးဖော်မှုများ၊ အမှိုက်စွန့်ပစ်မှုများကြောင့် ဥရုချောင်းအတွင်း ရေများ နောက်ကျိညစ်ညမ်းလာပြီး ငါးနှင့် အခြားရေနေသတ္တဝါများရှားပါးကာ ဒေသခံများအနေဖြင့် အခြားဒေသများမှ ငါးများကို ဝယ်ယူစားသုံးနေရ ကြောင်း သိရသည်။

''လွန်ခဲ့တဲ့ နှစ် ၂ဝ ဝန်းကျင်ခန့်လောက်က ဥရု ချောင်းထဲ ငါးကြင်းကြီးတွေ၊ ငါးရွေးကြီးတွေနဲ့ တခြား ရေနေသတ္တဝါတွေ အများကြီးရှိခဲ့တယ်၊ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း ကျောက်မျက်တူးဖော်ရေးတွေလုပ်လာတော့ တဖြည်းဖြည်းနဲ့ ငါးတွေရှားပါးသွားတယ်''ဟု ဖားကန့်တွင် အနှစ် ၄ဝ ကျော် နေထိုင်လျက်ရှိသူတစ်ဦးက ပြောသည်။

ငါးလုပ်ငန်းလုပ်ကိုင်သူများနှင့် ငါးရှာသူအချို့ ရှိသော်လည်း တစ်ဝမ်းတစ်ခါးအတွက်ပင် မလွယ်ကူ ကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်းတွင် ချောင်း၏ အရည်အသွေး အဆိုးရွားဆုံး ထိခိုက်လာပြီး သဘာဝ ရေအရင်းအမြစ်များပါ ဆုံးရှုံးခဲ့သည့်အတွက် ငါးများ မရှိတော့ကြောင်း၊ ဒေသငါးစားသုံးမှုအတွက် မိုးကောင်း၊ အင်းတော်ကြီးဒေသနှင့် အောက်ပိုင်းမှ ရေခဲရိုက်ငါးများ တင်သွင်းနေရပြီး လက်ရှိ ငါးတစ်ပိဿာ ငွေကျပ် ၆ဝဝဝ၊ ခုတ်သားတစ်ပိဿာ ငွေကျပ် ၈ဝဝဝ ဖြင့် ဝယ်ယူစားသုံး နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရေထုညစ်ညမ်းနေမှုနှင့်ပတ်သက်၍ ကချင်ပြည်နယ် ရေအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဆရာဦးလကျုံဟောင်းခေါင်က ''ဖားကန့် ဒေသက ဥရုချောင်းဟာ သေချာသလောက်နီးပါးကို ရေထုညစ်ညမ်းမှုဖြစ်နေတယ်လို့ ယူဆပါတယ်၊ ဘာလို့ဆို ချောင်းထဲ စွန့်တဲ့အမှိုက်တွေနဲ့ စွန့်ပစ်မြေစာတွေ၊ ရွှေမျော တိုက်ရာမှာအသုံးပြုတဲ့ ပြဒါးတွေက ချောင်းထဲပဲသွားနေ တော့ ရေသောက်လို့မရတော့ဘူး၊ ငါးဖမ်းစားလို့လည်း မရတော့ဘူး၊ ဒါဟာ ရေရှည်မှာ ပိုမိုဆိုးရွားသွားနိုင်တယ်လို့ မြင်ပါတယ်''ဟု ပြောကြားသည်။

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများသည် ရေသယံဇာတ ကို ဆိုးရွားစွာထိခိုက်စေသည့် အဓိကအချက်ဖြစ်ပြီး ရွှေရှာရာတွင်သုံးသည့် ပြဒါးသည် ငါးမျိုးစိတ်များအား မျိုးတုန်းစေသကဲ့သို့ လူများ ပြဒါးအဆိပ်သင့်ပါက ဗဟို အာရုံကြောစနစ်ကိုထိခိုက်ကာ မျိုးဆက်မအောင်သည့် အခြေအနေမျိုးအပြင် အသက်အန္တရာယ်ပါထိခိုက်နိုင် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဖားကန့်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီလဆိုင်းက ''အရင်ကဆိုရင် ဒီဥရုချောင်းရေကိုပဲ သောက်သုံးရသလို ချောင်းထဲကငါးတွေကိုပဲ ဒေသခံတွေက မှီခိုစားသုံးရတာပါ၊ အခုတော့ဒေသခံတွေက ကော်ဖီချောင်း လို့ ခေါ်ပါတယ်၊ ချောင်းဖျားပိုင်း မှော်ပုံရွာ အောက်ဘက်က စပြီးတော့ ရေတွေကနောက်ကျိလာတယ်၊ အဲဒီအခါ ကျတော့ ဘာငါးမှ မနေနိုင်ပါဘူး''ဟု ပြောကြားသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂ဝ၁၇ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ စစ်တမ်းကောက်ယူမှု စာရင်းဇယားများအရ ဖားကန့်ဒေသတွင် ငါး၊ ပုစွန် မွေးမြူရေးကန် ၆၈ ခု(ဧကပေါင်း ၁၁၅ ဒသမ ၅၄)မှ ၇၇ ဒသမ ၂၁၉ ပိဿာထွက်ရှိပြီး ဒေသခံလူဦးရေ ၁၂၅ဝ၃၃ ဦးနှင့် ရွှေ့ပြောင်းလုပ်သား တစ်သိန်းခွဲခန့် အတွက် ငါးစားသုံးမှု လုံလောက်မှုမရှိကြောင်း သိရသည်။

ဥရုချောင်းတစ်လျှောက် ရွှေတူးဖော်မှုလုပ်ငန်းနှင့်ဆက်စပ်၍ ရေသယံဇာတနှင့် ပတ်ဝန်းကျင်ထိခိုက်မှု များကိုWCS၊ စင်ကာပူအခြေစိုက် INGO အဖွဲ့အစည်း တစ်ခုနှင့် ဒေသခံအဖွဲ့အစည်းတစ်ခုတို့ ပူးပေါင်း၍ ကာလတို စစ်တမ်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ဥရုချောင်းသည် ဖားကန့်မြို့အတွင်း ကံဆီးဒေသ၊ လမာဘွမ်တွင် မြစ်ဖျားခံစီးဆင်းလာကာ လုံးခင်း၊ ဖားကန့်မြို့၊ ဟောင်ပါးနှင့် ဆယ်ဇင်းကျေးရွာများကို ဖြတ်သန်းစီးဆင်းပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ်တွင် ချင်းတွင်းမြစ်အတွင်းသို့စီးဝင်သည့် ရေမိုင် ၁၂ဝ ခန့် ရှည်လျားသော ချောင်းတစ်ခုဖြစ်သည်။ ယခု အခါတွင် ရေထုညစ်ညမ်းသည့်အတွက် ငါးများ ရှားပါး လျက်ရှိကြောင်း သိရသည်။

 MOI

Local News Read 514 times