မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်အတွင်း နေအပူချိန်များမြင့်မားလာရာ မြေသောက်ယေခု ဧပြီလပိုင်း အပူရှိန်ပြင်းတဲ့အတွက် သောက်ရေအိုး (မြေအိုး) တွေ အလွန်ပဲ ရောင်းခနေရကြောင်း၊ ဆိုင်မှာတော့ ရွာသာယာကျေးရွာထွက် မြေအိုးနဲ့ ကုက္ကိုခွ ကျေးရွာထွက်မြေအိုးတွေမှာယူပြီး ရောင်းချနေကြောင်း၊ ရွာသာယာကျေးရွာထွက် မြေအိုးကတော့ ဒေသအကြိုက်အိုးအကြိုက်ဖြစ်၍ ရွာသာယာ ကျေးရွာထွက်ပြာသိုအိုးဆိုတာ ပြာသိုလမှာ ဖုတ်တဲ့အိုး (တစ်နှစ်ပတ်လုံးအေးနေတဲ့အိုး) ဆိုပြီး နာမည်ကျော်အိုးမျိုးဖြစ်ကြောင်း၊ ရေအိုးတွေကို ပြာသိုလကတည်းက ကြိုတင်မှာယူသိုလှောင်ထားရကြောင်း၊ နွေရာသီကာလဟာ သောက်ရေအိုးတွေ အလွန်ရောင်းကောင်း တဲ့အချိန်ကာလတစ်ခုဖြစ်သည်ဟု မင်းဘူးမြို့ မှ အိုးရောင်းချသူတစ်ဦးက ပြောခဲ့ပါသည်။
ရွာသာယာကျေးရွာထွက် ကျောက်အိုး ကြီးတစ်လုံး ကျပ် ၁၅၀ဝ၊ အိုးလတ် တစ်လုံး ကျပ် ၉၀ဝ၊ အိုးသေး တစ်လုံး ကျပ် ၄၀ဝ၊ ကုက္ကိုခွကျေးရွာထွက်အိုးကြီး တစ်လုံး ကျပ် ၁၇၀ဝ၊ အိုးလတ် တစ်လုံး ကျပ် ၁၀ဝဝ၊ အိုး သေး တစ်လုံး ကျပ် ၆၀ဝ နဲ့ ရောင်းချပါတယ်။ ရွာသာယာကျေးရွာထွက်အိုးက အိုးသားပါးပြီး ကျောက်အိုးလေးတွေဖြစ်တဲ့အတွက် အခုလို နွေကာလမှာအလွန်ပဲအေး၍ လူကြိုက်လည်းများသောကြောင့် ယခုရက်ပိုင်း တစ်နေ့ကို ရေအိုးအလုံး ၄၀ လောက် ရောင်းချရတယ်ဟု ၎င်းက ပြောခဲ့ပါသည်။
ရှေးယခင်ကတိုင် နွေကာလရောက်ပြီဆိုပါက သောက်ရေအိုးအသစ်များ ဝယ်ယူသောက်သုံးလေ့ရှိကြပြီး သောက်ရေအိုးလေး ကို ရေစိုအဝတ်လေးပတ်ကာ သောက်သုံး နေကြသည်မှာ ယနေ့တိုင် ကျေးရွာတော်တော် များများတွင် တွေ့မြင်နေရကြောင်းနှင့် သဘာဝ ရေအေးကိုသောက်သုံးကာ အမောအပန်းပြေစေကြောင်း သိရပါသည်။
မင်းဘူးမြို့ပေါ်ရှိ ဈေးများနှင့် ရပ်ကွက် များတွင် မြေအိုး၊ စဉ့်အိုးရောင်းချနေသော အိုးဆိုင် ၂၀ ခန့်ရှိပြီး ယခုကဲ့သို့ ပူပြင်းသော ကာလတွင် သောက်ရေအိုးများ အလွန်ရောင်း ကောင်းကြောင်း အိုးဆိုင်များမှ သိရသည်။
Myanmar Times