မြစ်၊ချောင်းရေများကို ပြန်လည်သန့်စင်ကာ လှိုင်သာယာသို့ ရေပေးဝေမည်


14 September, 2018

လှိုင်သာယာမြို့နယ်အတွင်းရှိ ပြည်သူများ သန့်ရှင်းသောရေရရှိနိုင်ရေးအတွက် မြစ်များ၊ ချောင်းများမှ ရေကို သုံးစွဲနိုင်သည်အထိ ပြန်လည်သန့်စင်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်၌ ပေးဝေသွားနိုင်တော့မည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြောဆိုခဲ့သည်။

ပြန်လည်သန့်စင်

****

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် ရေရှည်အစီအစဉ်များဆောင်ရွက်နေပြီး ရေတိုအစီအစဉ်အနေဖြင့် မြစ်၊ ချောင်းများမှရေကို ပြန်လည်သန့်စင်ပေးဝေသွားမည်ဖြစ်သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထမနေ့ စက်တင်ဘာ ၁၃ ရက်နေ့၌ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများကို ရေပေးဝေရေးစနစ်ဖြင့် ဖြန့်ဖြူးပေးရန်အစီအစဉ်ရှိ၊ မရှိကို မေးမြန်းခဲ့ရာ၌ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

"လှိုင်သာယာဘက်ကိုလည်း လေ့လာမှုတွေဆွဲပြီးတော့ ဒီအတွက်ကိုလုပ်နေပါတယ်။ ဒါကရေတိုအတွက်ပါ။ အဲဒီရေတိုအတွက်က အနီးနားမှာရှိတဲ့မြစ်ချောင်းတွေကနေ ရေကိုယူပြီးတော့ ရေကိုပြန်ပြီးသန့်စင်ပြီးတော့ သုံးစွဲနိုင်ရန်အသင့်ရှိတဲ့ရေအဖြစ်လည်းဖြန့်ဖြူးဖို့ကျွန်တော်တို့ survey တွေလုပ်နေပါတယ်။ အဲဒီအတွက်လည်း ၁၉-၂၀ (၂၀၁၉-၂၀၂၀) လောက်မှာ ရေဖြန့်ပေးဖို့အစီအစဉ်ရှိပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ဆိုသည်။

အတည်ပြု

****

ရန်ကုန်မြို့အတွင်း ရေလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်အတွက် ဂျပန်နိုင်ငံ JICA ၏ ODA အစီအစဉ်ဖြင့် ထောက်ပံ့ငွေ ဂျပန်ယန်း ၁.၉ ဘီလီယံနှင့် ချေးငွေအမေရိကန်ဒေါ်လာ သန်းပေါင်း ၂၃၀ ရယူကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အတည်ပြုခဲ့သည်။

တိုးချဲ့

****

ယင်းရေရှည်အစီအစဉ်အရ ၂၀၄၀ ခုနှစ်တွင်ရှိလာနိုင်သည့် ရန်ကုန်မြို့ရေလိုအပ်ချက် ဂါလန် ၅၂၀သန်းကို ဖြည့်ဆည်းရန်အတွက် ရှိရင်းစွဲရေလှောင်ကန်များ၊ မြစ်များမှ ရရှိနိုင်သည့်ရေပမာဏများကို တိုးချဲ့သွားမည် ဖြစ်သည်။

သို့သော်လည်း အဆိုပါအခြေအနေမရောက်ရှိသေးမီ ရေတိုအစီအစဉ်အနေဖြင့် မြစ်ချောင်းရေများကို ပြန်လည်သန့်စင်ကာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။

လက်ရှိအခြေအနေ

****

"လှိုင်သာယာမြို့နယ်အတွင်း၌ စက်မှုဇုန်များအနက် ဒဂုံဧရာအဝေးပြေး၊ ထိန်ပင်သုဿာန်၊ အမှတ်(၉) ရဲတပ်ရင်းတို့မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ရေပေးဝေမှုစနစ်မှ ရေများကြီးကြပ်ကာ စီမံပေးဝေနေသည်ကို တွေ့ရှိရပါတယ်။ သို့ပါသော်လည်းလှိုင်သာယာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ များတွင် နေထိုင်ကြသောပြည်သူများအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာမှရေပေးဝေမှုမှာ နဝဒေး အိမ်ယာတစ်ခုမှလွဲ၍ ကျန်ရပ်ကွက်ကျေးရွာများတွင်ဖြန့်ဝေပေးခြင်းမရှိသေးသောကြောင့် မြို့နယ်အတွင်းရှိ ပြည်သူများမှာ မိမိ၏အစီအစဉ်ဖြင့်အဝီစိတွင်းများတူးကာ မြေအောက်ရေကိုထုတ်ယူသုံးစွဲနေကြရပါတယ်" ဟု လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင် က လက်ရှိအခြေအနေကို ပြောပြသည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းများအရ လှိုင်သာယာမြို့နယ်အတွင်း အိမ်ထောင်စု ၁၄၈၇၁၁ စုတွင် ၁၃၇၁၅၉ စုမှာ အဝီစိတွင်းများမှ သုံးရေကို ရရှိသုံးစွဲနေပြီး သောက်ရေအတွက် ရေသန့်ဘူးများမှ အဓိကရယူ သုံးစွဲနေသည်ကို တွေ့ရသည်။

အဝီစိတွင်းများမှ သုံးစွဲနေသည့်ရေများသည် တိုက်ရိုက်မဟုတ်သော်လည်း နောင်တစ်ချိန်တွင်သွယ်ဝိုက်၍ လူနေမှုဘဝအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း ဦးမောင်မောင်စိုးက ဆိုခဲ့သည်။

၂၀၁၆ ခုနှစ် စာရင်းများအရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဂျိုးဖြူရေလှောင်ကန်မှ ရေဂါလန် ၂၇ သန်း၊ ဖြူးကြီးရေလှောင်ကန်မှ ရေဂါလန် ၅၄ သန်း၊ လှော်ကားရေလှောင်ကန်မှ ရေဂါလန် ၁၄ သန်း၊ ငမိုးရိပ်ရေလှောင်ကန်မှ ရေဂါလန် ၉၀ သန်း၊ မြေအောက်ရေမှ ရေဂါလန် ၈သန်း၊ စုစုပေါင်း ရေဂါလန် ၁၉၃ သန်းကို ရန်ကုန်တိုင်းဒေသကြီးအတွက် ရေဖြန့်ဖြူးရာတွင် အသုံးပြုနေရသည်။

Source: Mizzima

Local News Read 498 times