တရုတ်သို့ စပါးတင်ပို့ရန် အဝယ်များ၍ ပြည်တွင်းစပါးဈေးကောင်းလာခြင်းနှင့် ဆန်ဈေးနှုန်းများ


05 February, 2021

မိုးစပါးအသစ်ပေါ်ချိန်တွင် တရုတ်နိုင်ငံသို့စပါးတိုက်ရိုက်တင်ပို့ရန် ကျေးရွာများအထိဆင်း၍ ဝယ်ယူမှုများကြောင့် ပြည်တွင်းစပါးဈေး မြင့်တက်နေသည်။

တရုတ်နိုင်ငံသားများက ဧည့်မထ၊ ငစိန်စပါးအမျိုးအစား ခွဲခြားခြင်း၊ ဈေးနှုန်းခွဲခြားခြင်းမရှိဘဲ ကားတစ်စီးစာစပါးရရှိမည်ဆိုပါက တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းခြောက်သောင်းဈေး ဖွင့်ဝယ်ယူကြောင်း ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

မိုးစပါးအသစ်ဈေးကွက် စတင်ဝင်ရောက်ချိန်က တင်းတစ်ရာလျှင် ကျပ်ခြောက်သိန်းဖြင့် ဈေးစဖွင့်ပြီး တရုတ်တင်ပို့ရန် ဝယ်ယူမှုကြောင့် ရက်ပိုင်းအတွင်း ဈေးပြန်တက်ခြင်းဖြစ်သည်။

‘‘နယ်စုံမှာ တရုတ်ကဆင်းပြီးစပါးဝယ်နေတော့ စပါးဈေးက လတ်တလောကျဖို့မလွယ်ဘူး’’ ဟု ဦးသန်းဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် မိုးစပါးပေါ်ချိန်ကလည်း တရုတ်နိုင်ငံသားများက ကျေးရွာများအထိဆင်းပြီး စပါးဝယ်ယူစုဆောင်း၍ တရုတ် နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခြင်းကြောင့် မြန်မာပြည်အလယ်ပိုင်း ဆန်စက်လုပ်ငန်းရှင်များ အခက်အခဲဖြစ်ခဲ့ရသည်။

တရုတ်နိုင်ငံသားများ ပေးသည့်ဈေးနှုန်းသည် ပြည်တွင်းကုန်သည်များ၊ လယ်သမားများထံမှ ဝယ်ယူလိုသည့်ဈေးထက်ပိုများခြင်းကြောင့် လယ်သမားများအတွက် အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟု ဓနုဖြူမြို့နယ်မှ လယ်သမားဦးသိန်းအောင်က ပြော သည်။ ပြည်တွင်းဈေးကွက်တွင် စပါးအသစ်ပေါ်ချိန် ဈေးမြင့်တက်လေ့ရှိသော်လည်း နယ်စုံမှ စပါးအထွက်များချိန်တွင် ဈေးကျဆင်းခြင်းကို လယ်သမားများနှစ်စဉ်ကြုံတွေ့နေရသည်ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသို့ စပါးတိုက်ရိုက်ရောင်းချခြင်းက လယ်သမားများအတွက် အခွင့်အရေးတစ်ခုဖြစ်သော်လည်း ပြည်တွင်းဆန် စက်လုပ်ငန်းရှင်များ၊ မွေးမြူရေးအစားအစာအတွက် စပါးကြိတ်ခွဲရာမှ ထွက်သည့်ဖွဲနု၊ ဆန်ကွဲတို့ကို ဆုံးရှုံးရသည်ဟု ဆန် စက်လုပ်ငန်းရှင်အချို့က ပြောကြားသည်။

ထို့ကြောင့် အစိုးရက ပြည်ပသို့ဆန်ပို့ခွင့်ပြုထားသော်လည်း ကုန်ကြမ်းဖြစ်သည့် စပါးတင်ပို့မှုကို ခွင့်ပြုခြင်းမရှိပေ။ ‘‘စပါးအ တိုင်းပို့ဖို့ကို ကျွန်တော်တို့ကခွင့်ပြုမထားဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ဒါမျိုးတွေဖြစ်ခဲ့တယ်။ အဓိက နယ်စပ်ထွက်ပေါက်တွေကနေ တားဆီးဖို့ ကျွန်တော်တို့ဆောင်ရွက်နေပါတယ်’’ ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးရန်နိုင်ထွန်းက ပြောသည်။

တရုတ်နိုင်ငံသို့ စပါးတိုက်ရိုက်တင်ပို့ခြင်းကို တားမြစ်ပေးရန် မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကလည်းအစိုးရသို့ တင်ပြမှုများရှိခဲ့သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စပါးသယ်ယူရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ဖက်ကာ၊ နမ့်ခမ်းလမ်းမှ သယ်ယူသည်ကို သိရှိထားသည်ဟု ဦးရန်နိုင်ထွန်းက ပြောသည်။ ထို့ကြောင့် တရုတ်ပြည်တင်ပို့မည့် စပါးသယ်ဆောင်မှုများကို တားဆီးရန် ပြည်နယ်အစိုးရကို သတင်းပေးပို့ထားသကဲ့သို့ လားရှိုးမြို့နယ်ရှိရေပူ တရားမဝင်ကုန်သွယ်မှုစစ်ဆေးရေးစခန်းကိုလည်း အသိပေးထားသည်ဟု ဦးရန်နိုင်ထွန်းက ပြောသည်။

ယခုနှစ်မိုးစပါးအသစ်ပေါ်ချိန်တွင် စပါးဈေးမြင့်တက်ပြီး ကန်ဒေါ်လာတန်ဖိုးပြန်လည်ကျဆင်းလာခြင်းက ပြည်ပဆန်တင်ပို့သူများအတွက် အခက်အခဲတစ်ခုဖြစ်လာစေသည်ဟု ဦးသန်းဦးက ပြောသည်။

ပြည်ပဆန်တင်ပို့သည့်လုပ်ငန်းရှင်များက ကန်တစ်ဒေါ်လာ ကျပ် ၁,၆၀၀ ဈေးဖြင့် တွက်ပြီး ဆန်ဈေးလျှော့ ရောင်းခဲ့သည်။ ဆန်ကုန်သည်များက မိုးစပါးအသစ်ပေါ်ချိန်တွင် စပါးဈေးကျဆင်းတတ်သည်ကို တွက်ချက်၍ ရောင်းချခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သို့သော် လက်ရှိမိုးစပါးအသစ်ပေါ်ချိန်တွင် ပြည်တွင်းဆန်ဈေးမကျသဖြင့် ပြည်ပဆန်တင်ပို့ရန် ဝယ်ယူသူများက ဆုံးရှုံးမှုရှိနေသည်။ ထို့ကြောင့် ပြည်တွင်းမှ ဆန်ကုန်သည်များကိုသတိထားလုပ်ကိုင်ရန် ကုန်စည်ဒိုင်က အသိပေးထားကြောင်း ဦးသန်းဦးက ပြောသည်။

ဆန်ဈေးနှုန်းများ

************

ဆန်အမျိုးအစား

အနိမ့်ဆုံးဈေး

အမြင့်ဆုံးဈေး

ဖျာပုံပေါ်ဆန်းသစ်

၄၇၀၀၀

၅၀၀၀၀

ဒေးဒရဲပေါ်ဆန်းသစ်

၄၇၀၀၀

၅၀၀၀၀

မြောင်းမြ/ ပုသိမ်ပေါ်ဆန်းသစ်

၄၈၀၀၀

၅၂၀၀၀

ပေါ်ဆန်းနယ်စုံသစ်

၄၄၀၀၀

၄၆၀၀၀

ဧည်မထ

၂၃၀၀၀

၂၃၅၀၀

ငစိန်

၂၃၀၀၀

၂၇၀၀၀

မြီးဒုံ

၄၂၀၀၀

၄၄၀၀၀

ဧည့်မထဆန်ကွဲ [2,3,4]

၁၉၀၀၀

၁၉၆၀၀

ဧည့်မထဆန်ကွဲ [1,2]

၁၉၀၀၀

၁၉၆၀၀

ပေါ်ဆန်းချောဆန်ကွဲ

၂၂၀၀၀

၂၄၀၀၀

ရွှေဘိုပေါ်ဆန်း

၅၉၅၀၀

၆၂၀၀၀

မိုးသုခရှယ်

၂၄၅၀၀

၂၆၀၀၀

ဧည့်မထ ၂၅% သစ်

၂၀၈၀၀

၂၁၀၀၀

ပေါ်ဆန်းသစ်ရှယ်

၄၃၀၀၀

၄၅၀၀၀

ရက် ၉၀ သစ်ရှယ်

၂၄၀၀၀

၂၅၅၀၀

ကြမ်းသစ်ရှယ်

၂၃၀၀၀

၂၃၅၀၀

ကြားပျံသစ်ရှယ်

၅၀၀၀၀

၅၄၀၀၀

နှံကားသစ်ရှယ်

၂၂၅၀၀

၂၂၆၀၀

 

Local News Read 5618 times