လက်ရှိ ဆန်ဈေးနှုန်းသည် ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က သိရသည်။
မြင့်တက်ရသည့် အကြောင်းအရင်း
ယခုနှစ်တွင် အနိမ့်ဆုံး လုပ်ခလစာတိုးခြင်း၊ နိုင်ငံ့ဝန်ထမ်းများ လစာတိုးခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ လယ်သမားများ စိုက်ပျိုး ချိန်တွင် ဒေါ်လာဈေး မြင့်တက်ခဲ့သဖြင့် စိုက်ပျိုးရေးသုံးပစ္စည်းများ ဝယ်ယူစရိတ်မြင့်လာခြင်း စသည့် အခြေအနေ များကြောင့် ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးနေလင်းဇင် က ပြောသည်။
ဦးနေလင်းဇင်က“ကျနော်တို့ ဒီနှစ်မှာ ၁ ရက် အနိမ့်ဆုံး လုပ်ခလစာ ၄၈၀၀ ကျပ် တိုးတယ်။ ဧပြီလမှာ နိုင်ငံ့ဝန်ထမ်းတွေကို အစိုးရက လစာတိုးတယ်၊ ကုန်ဈေးနှုန်းတွေ တက်တယ်။ ဆန်ဆိုရင် အခုချိန်မှာ မနှစ်ကနဲ့ ယှဉ်ရင် ၃၀ ရာခိုင်နှုန်း တက်တယ်”ဟု ပြောသည်။
ယခင်လဆန်ဈေးနှုန်း
ပြီးခဲ့သည့် စက်တင်ဘာမှ စတင်၍ ဆန်ကြမ်း ရှယ် ဈေးနှုန်းမှာ ၁ အိတ်လျှင် ကျပ် ၂၅၀၀၀ မှ ၂၈၀၀၀၊ ၃ သောင်း အထိ ဈေးမြင့်တက်ခဲ့ပြီး ရွှေဘိုပေါ်ဆန်း တအိတ်လျှင် ကျပ် ၆ သောင်း ၅ ထောင် အထိ ဈေးမြင့်နေကြောင်း ၎င်းက ဆိုသည်။
၂၀၁၇ ခုနှစ်၌ ယခုကဲ့သို့ ဆန်အသစ် ပေါ်ချိန်တွင် ဆန်ကြမ်း (၂၅ မှတ်တန်) ၁ အိတ်လျှင် ငွေကျပ် ၁၉၅၀၀ မှ ၂ သောင်း အထိ ရှိခဲ့ပြီး ပေါ်ဆန်း ဈေးနှုန်းများမှာ ၄ သောင်းကျော်မှ ၅ သောင်းအထိ ဈေးအသီးသီး ရှိခဲ့သည်။
ဦးနေလင်းဇင်က“ဈေးတက်တဲ့ အခါမှာ ဘယ်သူခံရလဲဆိုရင် ဝင်ငွေနည်း ပြည်သူက ခံရတယ်။ လယ်သမားတွေ စိုက်ပျိုးရေး လုပ်တဲ့အချိန်မှာ ဒေါ်လာဈေး တက်တယ်။ မနှစ်က ၁ ဒေါ်လာ ၁၃၃၀ ကျပ်၊ ၁၃၅၀ ကျပ်မှာ ဒီနှစ်က ၁ ဒေါ်လာ ၁၅၀၀ ကျပ်၊ ၁၆၀၀ ကျပ် ဖြစ်သွားတဲ့အတွက် ဒီဇယ်ဈေး တက်တယ်၊ ဓာတ်မြေသြဇာဈေး တက်တယ်။ တခြား သွင်းအား စုတွေ ဈေးတက်တယ်”ဟု ရှင်းပြသည်။
ကွာဟမှု ကြီးမား
အဆိုပါ ထုတ်လုပ်မှု ကုန်ကျစရိတ်များ ဈေးတက်သောအခါ ယင်းကုန်ကျမှုများအလိုက် စားသုံးသူများအပေါ်၌ ဈေးတက်သွားခြင်းဖြစ်ပြီး အခြေခံလူတန်းစားများအတွက်မူ ကွာဟမှုကြီးမားကြောင်း ၎င်းကပြောသည်။
“ဒါကိုလည်း ကျနော်တို့ စိုးရိမ်ပါတယ်။ ဈေးတက်တာက တက်တဲ့ အကြောင်းအရင်းရှိတယ်။ ဒါပေမယ့် ဈေးတက်တာကို တည်ငြိမ်မှုရတဲ့ နည်းတွေနဲ့ ထိန်းညှိပေးဖို့လိုတယ်။ ဘယ်သူတွေက ထိန်းညှိမှာလဲဆိုတော့ အစိုးရလည်း ထိန်းညှိဖို့ လိုတယ်။ ပုဂ္ဂလိကလည်း ထိန်းညှိဖို့ လိုတယ်”ဟု ဦးနေလင်းဇင်က ပြောဆိုသည်။
လက်ရှိဈေးနှုန်း
အောက်တိုဘာလ ၁ ရက်မှ စတင်၍ ဆန်သစ်ပေါ်နေသော်လည်း အစိုဓာတ် မကုန်သေးခြင်းနှင့် ထမင်းချက်ရာ၌ ဆန် (အိုးတက်/မတက်) ကြည့်သောကြောင့် ဆန်အဟောင်းဈေးမှာ လက်ရှိ၌ အမြင့်ဈေးတွင်သာ ရှိနေကြောင်း ဈေးကွက်အတွင်းက သိရသည်။
အင်းစိန်မြို့နယ်မှ အိမ်ရှင်မတဦး ဖြစ်သူ ဒေါ်လှလှဝင်းက “ဆန်ဈေးက ပြီးခဲ့တဲ့လ ဒေါ်လာဈေး တက်တယ် ဆိုကတည်းက တက်တာ။ ဆန် တပြည် ၃၀၀၊ ၄၀၀ ကျပ်၊ ၆၀၀ ကျပ်လောက်နဲ့ တက်လာတာ။ တအိတ် ဆိုရင်တော့ ကျပ် ၁ သောင်း၊ ကျပ် ၂ သောင်းလောက် အထိ တက်သွားတယ်။ ဈေးက တက်ပြီးရင် ဘယ်တော့မှ အရင်ဈေး အတိုင်း ပြန်မကျဘူး။ အတက် ဈေးအတိုင်း သွားတယ်။ အခုလည်း ဈေးကတက်နေတုန်း”ဟု ပြောသည်။
ဆန်စားသုံးမှုနှုန်း
၂၀၁၇ ခုနှစ်တွင် ဆန်တန်ချိန် ၁၄ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်တွင်းစားသုံးမှုမှာ ဆန်ကုန်သည်အသင်းက တွက်ချက်ထား သည့် စာရင်းဇယားအရ လူတဦးချင်း၏ စားသုံးမှုမှာ ၁၅၅ ကီလိုဂရမ် ရှိကာ တနိုင်ငံလုံးဦးရေနှင့် တွက်ပါက စားသုံးမှုသည် ၁ နှစ်လျှင် ဆန်တန်ချိန် ၈ သန်းခွဲ ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သိရသည်။
ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက“ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ဆန်သစ်တွေက ဝင်နေပြီ။ ၂၅ မှတ်တန်က ၂၁၅၀၀ ကျပ်၊ ၁၅ မှတ်တန်က ၂၃၅၀၀ ကျပ်နဲ့ အသစ်ပေါ် နေတယ်။ အဟောင်းဆန်ဈေးကတော့ ပြီးခဲ့တဲ့ လကတည်းက တက်တာ။ အခု ဒီလထဲမှာ ထပ်မတက်ဘဲနဲ့ အမြင့်ဈေးမှာပဲ အရောင်းအဝယ် အေးအေးမှန်မှန်နဲ့ သွားနေတယ်။ ဒါပေမယ့် တက်ထားတဲ့ ဈေးထပ်လည်း မကျဘူး” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “အခု ဈေးတွေက အရမ်းမြင့်နေတော့ နောက်ထပ် ထပ်တက်လို့ မရတော့ဘူး။ အရောင်းအဝယ်က ကုန်သည်တွေ ဆန်စက်လုပ်ငန်းရှင်တွေဆီမှာ ဝယ်ထားတာတွေ များနေပြီးတော့ နောက်ထပ် မဝယ်နိုင်ဘူး။ ဂိုဒေါင်ထဲမှာ ပြည့်နေတယ်။ လက်ရှိ ဝယ်ထားတဲ့ ဈေးနဲ့ ထိန်းရောင်းနေတဲ့ အခြေအနေမို့ ဈေးထပ်လည်း မတက်ဘူး၊ လျှော့လည်း မရောင်းဘူး၊ အဲဒီလို ဖြစ်နေတယ်”ဟု ဆိုသည်။
၂၀၁၈ ခုနှစ်အတွင်း စပါးစိုက်ဧက ၄ သိန်း၊ ၅ သိန်းခန့် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည့်အပြင် နယ်စပ်မှ တရားမဝင် စပါး ထွက်ရှိနေခြင်းလည်း ဖြစ်ပေါ်လျက်ရှိသည်။
ယခုနှစ်တွင် စပါးပြည်ပသို့ တရားမဝင်သွားနေသည့် အခြေအနေကို ထိန်းသိမ်းရန် လိုအပ်သကဲ့သို့ တဖက်တွင်လည်း အစားအသောက်နှင့် ပတ်သက်ပြီး ဆန်ကို နိုင်ငံ့စားနပ်ရိက္ခာအတွက် စနစ်တကျ ထိန်းသိမ်းသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာလ ၆ ရက်က ကုန်သည်စက်မှု အသင်းချုပ်တွင် ပြုလုပ်သော ဒုသမ္မတ ဦးမြင့်ဆွေနှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲ၌ ပြောကြားထားသည်။
ဆန်ဈေးနှုန်းများ
ဆန်အမျိုးအစား
အနိမ့်ဆုံးဈေး
အမြင့်ဆုံးဈေး
ဖျာပုံပေါ်ဆန်းသစ်
၄၇၀၀၀
၅၀၀၀၀
ဒေးဒရဲပေါ်ဆန်းသစ်
၄၇၀၀၀
၅၀၀၀၀
မြောင်းမြ/ ပုသိမ်ပေါ်ဆန်းသစ်
၄၈၀၀၀
၅၂၀၀၀
ပေါ်ဆန်းနယ်စုံသစ်
၄၄၀၀၀
၄၆၀၀၀
ဧည့်မထ
၂၃၀၀၀
၂၇၀၀၀
ငစိန်
၂၃၀၀၀
၂၃၅၀၀
မြီးဒုံ
၄၂၀၀၀
၄၃၅၀၀
ဧည့်မထဆန်ကွဲ [2,3,4]
၁၉၀၀၀
၁၉၆၀၀
ဧည့်မထဆန်ကွဲ [1,2]
၁၉၀၀၀
၁၉၆၀၀
ပေါ်ဆန်းချောဆန်ကွဲ
၂၂၀၀၀
၂၄၀၀၀
ရွှေဘိုပေါ်ဆန်း
၆၁၀၀၀
၆၂၀၀၀
မိုးသုခရှယ်
၂၄၅၀၀
၂၆၀၀၀
ဧည့်မထ ၂၅% သစ်
၂၂၅၀၀
၂၈၀၀၀
ပေါ်ဆန်းသစ်ရှယ်
၄၃၀၀၀
၄၅၀၀၀
ရက် ၉၀ သစ်ရှယ်
၂၃၀၀၀
၂၃၅၀၀
ကြမ်းသစ်ရှယ်
၂၃၀၀၀
၂၃၅၀၀
ကြားပျံသစ်ရှယ်
၅၀၀၀၀
၅၄၀၀၀
နှံကားသစ်ရှယ်
၂၂၅၀၀
၂၂၆၀၀