စပါးမှောင်ခို ဖမ်းဆီးရန်စီစဉ်နေခြင်းနှင့် ဆန်ဈေးနှုန်း


05 October, 2018

တရုတ်နိုင်ငံသို့ စပါးမှောင်ခိုတင်ပို့မှု တားဆီးနိုင်ရန် ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ ဆောင်ရွက်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (စီးပွား/ကူးသန်း) လက်ထောက် အမြဲတမ်း အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။

“စပါးကျတော့ ဒီမှောင်ခိုထွက်နေတဲ့ လမ်းကြောင်းကနေပြီးတော့ စုံစမ်းလို့ရတဲ့ အနေအထားလေးကို ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ ညိုနှိုင်းအကြောင်းကြားထားတာပေါ့။ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှာလည်း တရားမဝင်ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့ဆိုတာ ရှိတယ်။ သူတို့ကိုလည်း လှမ်းအကြောင်းကြားတယ်။ နောက်တခုက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကိုလည်း တရားမဝင်ကုန်သွယ်မှု တားဆီးပေးဖို့ အကြောင်းကြားထားတယ်” ဟု ၎င်းက ပြောသည်။

တားဆီးရခြင်းအကြောင်းအရင်း
*******************
ယင်းသို့ တားဆီးရခြင်းမှာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ စီးပွား/ကူးသန်း ဝန်ကြီးဌာနသို့ တင်ပြထားသော ကြောင့် အရေးယူဆောင်ရွက်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ဦးခင်မောင်လွင်က ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ပြည်နယ် အစိုးရနဲ့ ညိုနှိုင်းထားတာတော့ သိပ်တော့ မကြာသေးဘူး။ နောက်တခုက ရှမ်းပြည်နယ် အစိုးရ အဖွဲ့က စပါးတွေကို စစ်ဆေးမှု ရှိခဲ့တယ်။ စပါးက ပြည်တွင်းမှာ လွတ်လပ်စွာ သယ်ယူခွင့်လည်း ရှိတော့ လားရှိုး အထိ ရောက်လာရင် ဖမ်းတော့ မဖမ်းဘူး။ နောက်ကြောင်းကို ပြန်လွှတ်တာတော့ ရှိတယ်။ ပြည်ပ တင်ပို့ခွင့် မရှိတော့ တင် ပို့ရင်တော့ အရေးယူ ဆောင်ရွက်ပေးမှာ ရှိတယ်”ဟု ဆိုသည်။

ပြည်ပသို့တင်ပို့ခွင့်မပြု
*************
စပါးကို ပြည်ပသို့ တင်ပို့လျှင် ကုန်ကြမ်း ပစ္စည်းများဖြစ်သော တိရစ္ဆာန် အစာထွက်ပစ္စည်းများ ပြည်တွင်း၌ ရှားပါးလာနိုင်ခြင်းကြောင့် ပြည်ပတင်ပို့ခွင့်ကို ခွင့်မပြုခြင်းဖြစ်ကြောင်း ဦးခင်မောင်လွင်က ပြောသည်။

အကယ်၍ တင်ပို့လျှင် ပို့ကုန်/သွင်းကုန် ဥပဒေအရ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကို ချမှတ်နိုင်သည်ဟု စီးပွား/ကူးသန်းက သိရသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) လက်အောက်ရှိ နယ်စပ် ကုန်သွယ်ရေးမြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှဦးက “နယ်စပ်ကနေ တရုတ်ဘက်ကို စပါးတွေ သွားနေတာတော့ တော်တော် သွားပါတယ်။ ကားလေးတွေနဲ့ ၃၊ ၄၊ ၅ တန်လောက် သွားကြတယ်။ တခါတလေကျ တနေ့ကို ကားအစီး ၄၀၊ ၆၀နဲ့ ၁၀၀ လောက်အထိ သွားကြတယ်။ တခါတလေတော့လည်း အစီး ၂၀ နဲ့ ၃၀ ပေါ့။ မှောင်ခိုဆိုတော့လေ” ဟု ပြောသည်။

ယင်းသို့ မှောင်ခိုသွားနေခြင်းကြောင့် ဆန်စက်လုပ်ငန်းရှင်များအတွက် ကုန်ချောထုတ်လုပ်မှုအပိုင်း၌ အနည်းငယ် အခက်အခဲဖြစ်ရကြောင်း ၎င်းကဆိုသည်။

ထိုကဲ့သို့ တရုတ်သို့ စပါးများ တရားမဝင်သွားနေခြင်းမှာ ၃၊ ၄ နှစ်ခန့်ရှိနေပြီး ယခုနောက်ပိုင်း၌ ပို၍များလာခြင်း ဖြစ်ကြောင်း ဦးလှဦးက ပြောသည်။

ကုန်ကြမ်းဝယ်ယူရခြင်းအကြောင်းအရင်း
************************
ယင်းသို့ စပါးများကို ဝယ်ယူခြင်းမှာ မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်ချောများကို ဝယ်ယူခြင်းထက် ဈေးပိုသက်သာခြင်း၊ စပါးဝယ်ယူပြီး တရုတ်ပြည်မသို့ ပြန်လည်တင်ပို့သည့်အခါ အမြတ်ငွေများရရှိခြင်းတို့ကြောင့် စပါးဝယ်ယူမှု ပိုမိုပြုလုပ်လာကြကြောင်း ဈေးကွက်အတွင်းက သိရသည်။

ဆက်လက်၍ ဦးလှဦးက “ဖမ်းဖို့ ပြောနေတာ ကြာပါပြီ။ မူဆယ်ဘက်ကလည်း တရားမဝင် ကုန်သွယ်မှုက တော်တော်များလာတာလေ။ များလာတော့ စပါးတခုတည်း ရည်ရွယ်ပြီးလုပ်တာတော့ မဟုတ်ဘူး။ တခုလုံး ခြုံငုံပြီး လုပ်တာ။ အရင်ထဲက လုပ်တာပါ။ ဒါပေမယ့် မြောက်ပိုင်းမှာ နယ်မြေအခြေအနေအရ တော်တော်လေး ရှုပ်ထွေးတာလေ။ အဖွဲ့အစည်းတွေက တော်တော်များတာလေ။ အစိုးရက အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတွေရော၊ အစိုးရနဲ့ အဆင်မပြေတဲ့ အဖွဲ့တွေရော အဖွဲ့အစည်းတွေက ၂၀ ကျော်တယ်။ အဲဒီတော့ သူတို့ ရပ်တည်ဖို့ လမ်းကြောင်းက မှောင်ခိုလမ်းကြောင်းပဲ အားပြုရတယ်” ဟု ပြောသည်။

လက်ရှိအခြေအနေ
************
လက်ရှိအခြေအနေများမှာ ကုန်သွယ်ရေးအနေနှင့် တရားမဝင်ကုန်သွယ်မှု တားဆီးရေးကိစ္စရပ်များကို အစိုးရအနေ ဖြင့် လုပ်ဆောင်သော်လည်း တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများ အားလုံးပပျောက်နိုင်သည်ဟု ယူဆ၍မရနိုင် ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့ စပါးအတိုင်းသာ ပြည်ပသို့ ထွက်မည်ဆိုပါက မွေးမြူရေးလုပ်ငန်းများမှာ ဆန်ဘေးထွက်ပစ္စည်းများကို အမှီ ပြုနေရသဖြင့် အစာဈေးနှုန်းရှားပါးခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပြည်တွင်း ကြက်၊ ဝက်၊ ငါး ဈေးနှုန်း များလည်း တက်လာနိုင်သည်အထိ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ဆန်စပါး လုပ်ငန်းရှင်တချို့က ပြောဆိုကြသည်။

မှောင်ခိုလမ်းကြောင်း
*************
စပါးများမှောင်ခို ထွက်နေသည့်ပုံစံမှာ ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်များက ၎င်းတို့၏ စားနပ်ရိက္ခာအတွက် သယ်ယူရာတွင် တရားဝင်ခွင့်ပြုချက်နှင့် သွားခြင်းကို နွှယ်၍ မှောင်ခိုသွားနေခြင်းများလည်းရှိကြောင်း၊ အဓိက အားဖြင့် မူဆယ်ဘက် လမ်းကြောင်းထက် နမ့်ခမ်းလမ်းကြောင်းဘက်မှ သွားနေခြင်းမှာ ပိုများကြောင်း ကုန်သည်များက ဆိုသည်။

ယခု စပါးတင်းတရာလျှင် ငွေကျပ် ၅ သိန်းကျော်မှ ၆ သိန်း ၃ သောင်းကျော်အထိ တရုတ်ကုန်သည်များက ဝယ်ယူမှု ရှိနေကြောင်း သိရသည်။

ဆန်ဈေးနှုန်း
********

ဆန်အမျိုးအစား

အနိမ့်ဆုံးဈေး

အမြင့်ဆုံးဈေး

ဖျာပုံပေါ်ဆန်းသစ်

၄၇၀၀၀

၅၀၀၀၀

ဒေးဒရဲပေါ်ဆန်းသစ်

၄၇၀၀၀

၅၀၀၀၀

မြောင်းမြ/ပုသိမ်ပေါ်ဆန်းသစ်

၄၈၀၀၀

၅၂၀၀၀

ပေါ်ဆန်းနယ်စုံသစ်

၄၄၀၀၀

၄၆၀၀၀

ဧည့်မထ

၂၃၀၀၀

၂၃၅၀၀

ငစိန်

၂၃၀၀၀

၂၇၀၀၀

မြီးဒုံ

၄၂၀၀၀

၄၃၅၀၀

ဧည့်မထဆန်ကွဲ [2,3,4]

၁၉၀၀၀

၁၉၆၀၀

ဧည့်မထဆန်ကွဲ [1,2]

၁၉၀၀၀

၁၉၆၀၀

ပေါ်ဆန်းချောဆန်ကွဲ

၂၂၀၀၀

၂၄၀၀၀

ရွှေဘိုပေါ်ဆန်း

၆၁၀၀၀

၆၂၀၀၀

မိုးသုခရှယ်

၂၄၅၀၀

၂၆၀၀၀

ဧည့်မထ ၂၅% သစ်

၂၂၅၀၀

၂၈၀၀၀

ပေါ်ဆန်းသစ်ရှယ်

၄၃၀၀၀

၄၅၀၀၀

ရက် ၉၀ သစ်ရှယ်

၂၃၀၀၀

၂၃၅၀၀

ကြမ်းသစ်ရှယ်

၂၃၀၀၀

၂၃၅၀၀

ကြားပျံသစ်ရှယ်

၅၀၀၀၀

၅၄၀၀၀

နှံကားသစ်ရှယ်

၂၂၅၀၀

၂၂၆၀၀

irrawaddy

Local News Read 5561 times