မြန်မာနိုင်ငံသည် လက်ရှိအခြေအနေအရ အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ မမျှော်မှန်းနိုင်တော့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
''ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ များများရောက်ဖို့ မျှော်မှန်းပြီးလုပ်ခဲ့ကြတယ်။ လက်ရှိအနေအထားမှာတော့ အနောက်နိုင်ငံတွေက ရင်းနှီးမြှပ်နှံမှုတွေ များများမျှော်မှန်းလို့ မရတော့ဘူး။ တိုင်းပြည်ရဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေအရ အရှေ့နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတော့မျှော်မှန်းလာရတယ်''ဟု အောက်တိုဘာ ၈ ရက်က ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း စာအုပ်မိတ်ဆက်ပွဲတွင် ၎င်းက ပြောသည်။
ကုန်သွယ်မှု အထူးအခွင့်အရေး
ယခုအစိုးရလက်ထက် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြဿနာများကြောင့် အနောက်နိုင်ငံများ၏ ငြိုငြင်မှုများ ခံနေရသကဲ့သို့ ဥရောပသမဂ္ဂကလည်း ၎င်းတို့ပေးထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေးကိုပင် ပြန်လည်ရုပ်သိမ်းရန် စဉ်းစားလျက်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားသည်။
ပြောင်းလဲရန် လိုအပ်
မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာရန် မူဝါဒများ ရေးဆွဲဆောင်ရွက်လျက်ရှိသော်လည်း ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် လိုက်လျောညီထွေပြောင်းလဲရန် လိုအပ်မည်ဟု ဆိုသည်။
''လတ်တလောအားဖြင့် အလားအလာရှိတဲ့နိုင်ငံတွေ၊ ကဏ္ဍတွေ အခါအားလျော်စွာ ပြောင်းလဲသွားနိုင်ပါတယ်။ ပြောင်းလဲလာတဲ့ ကမ္ဘာ့အခြေအနေနဲ့ မူတည်ပြီး လိုအပ်သလို မူဝါဒတွေကို ဆန်းစစ်ရေးဆွဲသွားဖို့ လိုပါတယ်''ဟု ဦးအောင်နိုင်ဦးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နှစ် ၂ဝ စီမံကိန်း
အခြားတစ်ဖက်တွင်မူ အစိုးရသည် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နှစ် ၂ဝ စီမံကိန်းကို ရေးဆွဲခဲ့ပြီးဖြစ်သည်။ ထိုစီမံကိန်းအရ ယခုအစိုးရ သက်တမ်းငါးနှစ်အတွင်း တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလျံဝင်ရောက်ရန် ခန့်မှန်းထားသည်။ ကနဦးနှစ်များက ထိုမျှော်မှန်းချက်အတိုင်း ပြည့်မီကျော်လွန်ခဲ့သော်လည်း ပြီးခဲ့သည့် စက်တင်ဘာ ၃ဝ တွင် ကုန်ဆုံးခဲ့သည့် ခြောက်လတာ ဘတ်ဂျက်ကာလအတွင်းတွင်မူ မပြည့်မီခဲ့ပေ။
''အရင်နှစ်တွေက လျာထားချက်ကို ကျော်လွန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ခြောက်လ ဘတ်ဂျက်တစ်ခုပဲ အကြောင်းအမျိုးမျိုးကြောင့် ကျသွားခဲ့တာပါ''ဟု ၎င်းက ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု
၂ဝ၁၆-၁၇ နှင့် ၂ဝ၁၇-၁၈ ဘတ်ဂျက်နှစ်များအတွင်း တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ခန့်ဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သော်လည်း ခြောက်လဘတ်ဂျက်အတွင်းတွင်မူ တစ်လလျှင် ပျမ်းမျှကန်ဒေါ်လာ သန်း ၃၅ဝ ခန့်သာ ဝင်ရောက်ခဲ့သည်။ ထို့ကြောင့် ခြောက်လဘတ်ဂျက်အတွင်း မျှော်မှန်းချက်၏ သုံးပုံနှစ်ပုံခန့်သာ ဝင်ရောက်ခဲ့သည်။
''မဖြစ်နိုင်တဲ့ဟာကို မှန်းတာတော့ မဟုတ်ဘူး။ ၅ ဒသမ ၆ ဘီလျံက ကိန်းဂဏန်းလှအောင် မှန်းခဲ့တာမဟုတ်ပါဘူး။ သင့်တော်တဲ့ မျှော်မှန်းချက်ဖြစ်ပါတယ်။ အရင်နှစ်တွေမှာ ခြောက်ဘီလျံကျော်အောင် ရခဲ့ပါတယ်''ဟု ဦးအောင်နိုင်ဦးက ပြောသည်။
မျှော်မှန်း
ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နှစ် ၂ဝ စီမံကိန်းအရ ဒုတိယငါးနှစ်တွင် နှစ်စဉ် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလျံ၊ တတိယ ငါးနှစ်တွင် နှစ်စဉ် ၉ ဒသမ ၈ ဘီလျံ၊ စတုတ္ထငါးနှစ်တွင် ၁၄ ဒသမ ၁ ဘီလျံ ဝင်ရောက်ရန် မျှော်မှန်းထားသည်။