၂ဝ၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတွင်ပါရှိသည့် အငြင်းပွားလျက်ရှိသော ယခင်က အခွန်မဆောင်ခဲ့သည့် ငွေများကို အခွန်လွတ်ငြိမ်းသက်သာခွင့်တစ်နှစ်ပြုမည့်ပုဒ်မထည့်သွင်းခြင်းမပြုရန်မတ် ၂ဝ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။
ဥပဒေကြမ်းတွင် အခွန်လွတ်ငြိမ်းချမ်းသာခွင့်ဟု အများခေါ်ကြသည့် ယခင်က အခွန်မဆောင်ခဲ့၊ ရှောင်ခဲ့သည့်ငွေများကို တစ်နှစ်အတွင်း ပထမခြောက်လတွင် သုံးရာခိုင်နှုန်းနှင့် ဒုတိယခြောက်လတွင် ငါးရာခိုင်နှုန်းအခွန်ဆောင်ပြီး ငွေဖြူပြောင်းခွင့်ကို
အစိုးရအဖွဲ့က ထည့်သွင်းအဆိုပြုခဲ့သော်လည်း လွှတ်တော်တွင်းနှင့် ပြင်ပတွင် ဝေဖန်ကန့်ကွက်မှုများရှိခဲ့သည်။
ထို့ကြောင့် လွှတ်တော်အမတ်များ၊ အစိုးရတာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များသည် ညှိနှိုင်းအစည်းအဝေး ငါးကြိမ်ပြုလုပ်ကာ ထိုအချက်ကို ဆက်လက်ထည့်သွင်းခြင်း မပြုတော့ဘဲ သီးခြားဥပဒေတစ်ရပ်အဖြစ်သာ ဆက်လက်ရေးဆွဲရန် သဘောတူခဲ့ကြသည်။
ထို့ကြောင့် လွှတ်တော်တွင် ဥပဒေကြမ်းကို အတည်ပြုရာ၌ အဆိုပါကန့်သတ်ချက်ဖြင့် အခွန်သက်သာခွင့်ပြုရန် ဖော်ပြထားသည့်အပိုဒ်ကိုချန်လှပ်ကာ အတည်ပြုခဲ့သည်။
ထိုအချက်ကို ချန်လှပ်ခဲ့ခြင်းသည် အခွန်သက်သာခွင့်ပြုခြင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် လိုအပ်ခြင်း၊ ရှင်းလင်းလွယ်ကူစွာ လိုက်နာရန်လိုအပ်ခြင်း၊ နှစ်စဉ်အခွန်ပုံမှန်ထမ်းဆောင်နေသည့် ပြည်သူများ နစ်နာမှုမရှိရန် လိုအပ်ခြင်း၊
သတ်မှတ်ခွင့်ပြုကာလကုန်ဆုံးပြီးနောက် အရေးယူမည့်အခြေအနေများကို တိကျစွာဖော်ပြရန် လိုအပ်ခြင်းနှင့် ကန့်သတ်ချက်ဖြင့် သက်သာခွင့်ပြုသည့်အခွန်ကို မမှန်ကန်သောနည်းလမ်းဖြင့် ထမ်းဆောင်ခဲ့ပါက အရေးယူနိုင်ရန် လိုအပ်ခြင်းတို့ကြောင့်ဟု
လွှတ်တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဆိုထားသည်။
ထို့ကြောင့် ဥပဒေကြမ်းပူးပေါင်းကော်မတီက ဖေဖော်ဝါရီ ၂၈ ရက်တွင် တင်ပြခဲ့သော စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် အလွှာသုံးမျိုးဖြင့် ကောက်ခံရန် အကြံပြုချက်သည်လည်း အလိုအလျောက် ပျက်ပြယ်ခဲ့သည်။
လွှတ်တော်၏ အတည်ပြုချက်အရ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ဝင်ငွေခွန် ၃ဝ ရာခိုင်နှုန်း ဆက်လက်စည်းကြပ်မည်ဖြစ်သည်။
သို့ရာတွင် ပစ္စည်းဝယ်ယူခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်း၊ တည်ဆောက်ခြင်း စသည်တို့အတွက် ရလမ်းတင်ပြနိုင်ခြင်းမရှိသည့် ငွေများအပေါ် ငွေကျပ် သိန်း ၃ဝဝ အောက်ဖြစ်လျှင် ၁၅ ရာခိုင်နှုန်း၊ သိန်း ၃ဝဝ နှင့် တစ်ကျပ်မှ သိန်း ၁,ဝဝဝ အထိဆိုလျှင်
၂ဝ ရာခိုင်နှုန်း၊ သိန်း ၁,ဝဝဝ နှင့် တစ်ကျပ်အထက်ဖြစ်ပါက ၃ဝ ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ကောက်ခံရန် အတည်ပြုခဲ့သည်။
'အခွန်သက်သာခွင့်နှင့်ပတ်သက်ပြီး သီးခြားဥပဒေတစ်ရပ် ရေးဆွဲပြဌာန်းမည်ဆိုလျှင် ယခုထက်ပိုပြီး ဆွေးနွေးခွင့်ရှိလာမည်။
အဓိကမှာ ခိုင်မာသော ဥပဒေတစ်ရပ် ဖြစ်လာရန်လိုအပ်ပြီး အသစ်ပြဌာန်းမည်ဆိုလျှင် အချိန်အနည်းငယ်ယူ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာကော်မတီဥက္ကဌမှ ပြောသည်။
ထို့ပြင် အစိုးရအဖွဲ့၏ အဆိုပြုချက်တွင် နှစ်တစ်နှစ်အတွင်း လစာဝင်ငွေ ၄၈ သိန်းအထိရှိသူကို ဝင်ငွေခွန်ကင်းလွတ်ရန် ဖော်ပြထားသော်လည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက သိန်း ၆ဝ အထိ ရရှိသူကို ကင်းလွတ်ခွင့်ပြုရန် အကြံပြုခဲ့သေးသည်။
သို့သော် ယင်းကိစ္စကိုလည်း သီးခြားဥပဒေတွင် ထည့်သွင်းရေးဆွဲမည်ဖြစ်သဖြင့် နဂိုမူလအတိုင်း လစာ ၄၈ သိန်း ဝင်ငွေရှိသူမှစကာ အခွန်ဆောင်ရန်ပင် အတည်ပြုခဲ့သည်။
နောက်ထပ်ထူးခြားချက်အဖြစ် အင်ဂျင်ပါဝါ ၁,၅ဝ၁ စီစီမှ ၂,ဝဝဝ စီစီအထိ မော်တော်ယာဉ်များကိုလည်း အထူးကုန်စည်ခွန် ၂ဝ ရာခိုင်နှုန်း အခွန်ကောက်ခံရန် အဆိုပြုထားရာမှ ၁ဝ ရာခိုင်နှုန်းသာ ကောက်ခံရန် လွှတ်တော်က အတည်ပြုခဲ့သည်။
ထို့ကြောင့် Double Cab၊ 4 Door Pickup မှအပ ၁,၅ဝ၁ စီစီမှ ၂,ဝဝဝ စီစီအထိ အင်ဂျင်ပါဝါရှိသော ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများကို အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းသာ
ကောက်ခံမည်ဖြစ်သည်။
ထိုကားများသည် ပြည်သူအများ ဝယ်ယူစီးနင်းနိုင်သည့် အိမ်သုံးကားအမျိုးအစားများဖြစ်သောကြောင့် အခွန်နှုန်းကိုလည်း ထက်ဝက်လျှော့ချခဲ့ခြင်းဖြစ်ကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီက တင်ပြခဲ့သည်။
ယနေ့အတည်ပြုချက်အရ စီးကရက်အမျိုးမျိုးအပေါ် ကောက်ခံမည့် အထူးကုန်စည်ခွန် နှုန်းထားများတွင် အလိပ် ၂ဝ အထိပါ တစ်ဘူးရောင်းဈေး ကျပ် ၄ဝဝ အထိဖြစ်လျှင် တစ်လိပ်ကို လေးကျပ်နှုန်း၊ ၄ဝ၁ ကျပ်မှ ၆ဝဝ ထိဖြစ်လျှင် ကိုးကျပ်နှုန်း၊ ၆ဝ၁ ကျပ်မှ
၈ဝဝ ထိဖြစ်လျှင် ၁၃ ကျပ်နှုန်း၊ ၈ဝ၁ ကျပ်နှင့်အထက်ဖြစ်လျှင် ၁၆ ကျပ်နှုန်း အခွန်ကောက်မည်ဖြစ်သည်။
အရက်အမျိုးမျိုးအပေါ် ကောက်ခံမည့်အထူးကုန်စည်နှုန်းထားတွင်လည်း တစ်လီတာတန်ဖိုး ကျပ် ၇၅ဝ အထိဆိုလျှင် တစ်လီတာ ၉၁ ကျပ်နှုန်း၊ ၇၅၁ ကျပ်မှ ၁,၅ဝဝ ထိဖြစ်လျှင် ၂၇၄ ကျပ်နှုန်း၊ ၁,၅ဝ၁ ကျပ်မှ ကျပ် ၂,၂၅ဝ ထိဖြစ်လျှင် ၄၅၇ ကျပ်နှုန်း၊ ၂,၂၅၁
ကျပ်မှ ကျပ် ၃,ဝဝဝ ထိဖြစ်လျှင် ကျပ် ၆၄ဝ နှုန်း၊ ၃,ဝဝ၁ ကျပ်မှ ကျပ် ၃,၇၅ဝ ထိဖြစ်လျှင် ၈၂၃ ကျပ်နှုန်းအခွန်ကောက်ရန် အတည်ပြုလိုက်သည်။
ထို့ပြင် သောင်းဂဏန်းတန်ဖိုးရှိသော အရက်များနှင့်ပတ်သက်ပြီး တစ်လီတာ ၁ဝ,၅ဝ၁ ကျပ်မှ ကျပ် ၁၃,၅ဝဝ ထိဖြစ်လျှင် ၂,၉၂၅ ကျပ်နှုန်း၊ ၁၃,၅ဝ၁ ကျပ်မှ ကျပ် ၁၆,၅ဝဝ ထိဖြစ်လျှင် ၃,၆၅၇ ကျပ်နှုန်း၊ ၁၆,၅ဝ၁ ကျပ်မှ ကျပ် ၁၉,၅ဝဝ ထိဖြစ်လျှင် ၄,၃၈၈ ကျပ်နှုန်း၊
၁၉,၅ဝ၁ ကျပ်မှ ကျပ် ၂၂,၅ဝဝ ထိဖြစ်လျှင် ၅,၁၁၉ ကျပ်နှုန်း၊ ၂၂,၅ဝ၁ ကျပ်မှ ကျပ် ၂၆,ဝဝဝ ထိဖြစ်လျှင် ၅,၉၁၁ ကျပ်နှုန်း၊ ကျပ် ၂၆,ဝဝ၁ ကျပ်နှင့်အထက်အရက်များကိုမူ တစ်လီတာတန်ဖိုး၏ ၆ဝ ရာခိုင်နှုန်း အခွန်ကောက်ရန် အတည်ပြုခဲ့သည်။ ဘီယာအမျိုးမျိုးကို
လည်း ၆ဝ ရာခိုင်နှုန်းအခွန်ကောက်မည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေကြမ်းတွင် အခွန်အမျိုးအစားစုစုပေါင်းမှ ကျပ် ၂,၇၉၁ ဒသမ ၈၉၇ ဘီလျံရရှိရန် မျှော်မှန်းထားသည်။
အသေးစိတ်အားဖြင့်ဆိုလျှင် ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၆၉၂ ဘီလျံကျော်၊ ဝင်ငွေခွန် ကျပ် ၈၆၃ ဘီလျံကျော်၊ အကောက်ခွန် ကျပ် ၂၄၅ ဘီလျံ၊ အထူးကုန်စည်ခွန် ကျပ် ၄၃၁ ဘီလျံကျော်၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့်
အခွန်အခမှ ကျပ် ၂၁၁ ဘီလျံ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန် ကျပ် ၁၈၁ ဘီလျံကျော်၊ အောင်ဘာလေသိန်းဆုခွန် ကျပ် ဘီလျံ ၄ဝ၊ မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခငွေ ခေါင်းစဉ် ကျပ် ၇၃
ဘီလျံကျော်၊ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန် ကျပ် ၂၈ ဘီလျံခန့်ရရှိရန် လျာထားသည်။
အစိုးရသည် ဘတ်ဂျက်ကို ခြောက်လဘတ်ဂျက်အဖြစ် ယခုမှ စတင်ကျင့်သုံးမည်ဖြစ်ကာ ဘဏ္ဍာနှစ်သတ်မှတ်မှုကိုလည်း ပြောင်းလဲမည်ဖြစ်သည်။
ဧပြီ ၁ ရက်မှစက်တင်ဘာ ၃ဝ ရက်အထိ ခြောက်လဘတ်ဂျက်ကို အတည်ပြုထားသည်။
အခွန်အတွက်ကိုမူ ဧပြီ ၁ ရက်မှ မတ် ၃၁ ရက် သတ်မှတ်မည်။
source:myanmar time