ဂျပန်နိုင်ငံကို မြန်မာ့လျှော်ဖြူ ၂၅ တန်တင်ပို့ဖို့ ယေဘူယျသဘောတူထား


22 March, 2019

မြန်မာနိုင်ငံမှာ ဆေးကုလားမအဖြစ် လူသိများတဲ့ လျှော်ဖြူကို အသုံးပြုကာ လူသုံးကုန်ပစ္စည်းတွေအပြင် အစား အသောက်နဲ့ ဆေးဝါးထုတ်ကုန်တွေ ထုတ်လုပ်ဖို့ တရုတ်၊ ဂျပန်၊ တိုင်ပေ စတဲ့ နိုင်ငံတွေက ဝယ်ယူလေ့ရှိပါတယ်။

ဒါပေမယ့် လျှော်ဖြူတွေဟာ နှစ်ရှည်သီးနှံပင်ဖြစ်တာကြောင့် စိုက်ပျိုးတောင်သူတွေအနေနဲ့ ငွေကြေးစိုက်ထုတ်မှု နည်းပါးပြီး လက်ရှိမှာ တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသေးပါဘူး။ ဈေးကွက်ခိုင်မာမှုလည်း အားနည်းနေပြီး စိုက်ပျိုးထုတ်လုပ်မှုနည်းပညာတွေကို ကူညီထောက်ပံ့ပေးဖို့လိုအပ်နေပါတယ်။

မြန်မာနိုင်ငံမှာ လျှော်ဖြူတွေကို တရားဝင်တင်ပို့တဲ့ ဈေးကွက်ခိုင်မာမှုမရှိတဲ့အတွက် ဈေးနှုန်းကျဆင်းတာတွေ ရှိလာတာကြောင့် တစ်နှစ်ပတ်လုံးဈေးကွက်ခိုင်မာစေဖို့နဲ့ ရာသီမရွေးဝယ်ယူနိုင်ဖို့ ဂျပန်အစိုးရနဲ့ မြန်မာနိုင်ငံကြား မကြာသေးခင်က သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အဆိုပါစာချုပ်အရ မြန်မာနိုင်ငံက တစ်နှ်စ်ကို ဓာတုဗေဒကင်းလွတ်တဲ့ လျှော်ဖြူ ၂၅ တန်ကို ဈေးကွက်ဈေးနှုန်းအတိုင်း တင်ပို့ဖို့နဲ့ ထုတ်လုပ်မှုနည်းပညာတွေကိုလည်း ပံ့ပိုးကူညီပေးဖို့ ယေဘူယျသဘောတူထားပါတယ်။ ဒါ့ပြင် မြန်မာ့လျှော်ဖြူတွေကို တရုတ်နိုင်ငံရှိ ဟိုင်နန်နဲ့ ပေကျင်းမြို့တို့မှာ Myanmar Trade Center ဖွင့်လှစ်ကာ တိုက်ရိုက်တင်ပို့နိုင်ဖို့ကိုလည်း သဘောတူစာချုပ်ချုပ်ဆိုထားပြီးဖြစ်ပါတယ်။

လျှော်ဖြူတစ်ဧကက ရတဲ့ငွေက အခြားပဲ၊ နှမ်းတွေက ရတဲ့ငွေထက် ပိုပြီးတော့ကျန်ပါတယ်။ အခြားစိုက်ခင်းတွေက တစ်ဧက ကျပ် ၁၀ သိန်းလောက်ရရင် လျှော်ဖြူက ကျပ်သိန်း ၅၀ လောက်ရပါတယ်။ ဒါပေမယ့် လျှော်ဖြူဟာ နှစ်ရှည်ပင်ဖြစ်တာကြောင့် တောင်သူတွေအတွက် စိုက်ဖို့ခက်ပါတယ်။

ဒါ့တွေအပြင် စိုက်ပျိုးတဲ့နေရာနဲ့ ထုတ်လုပ်မှုနည်းပညာ မတူညီတာများလို့ အရည်အသွေးတူညီတဲ့ လျှော်ဖြူတွေကို မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့ မလွယ်ကူသေးပါဘူး။ ပြီးတော့ ဒေသဆိုင်ရာနည်းလမ်းတွေအတိုင်းသာ စိုက်ပျိုးထုတ်လုပ်ကြပြီး နည်းပညာ တိကျစွာမရှိတဲ့အပြင် လျှော်ဖြူတန်ဖိုးမြင့်ထုတ်ကုန်တွေကို နိုင်ငံတွင်း ထုတ်လုပ်နိုင်တာလည်း နည်းပါးနေပါတယ်။

၀၁၆ နှစ်ကုန်ပိုင်းမှစကာ လျှော်ဖြူတွေကို တရုတ်နိုင်ငံမှ ဈေးကောင်းပေးဝယ်ခဲ့ရာ ဈေးနှုန်းတစ်စတစ်စ မြင့်တက်လာပြီး ၂၀၁၇ အစောပိုင်းကာလတွေမှာ တစ်ပိသာကျပ် ၆၀, ၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ပြီး ၂၀၁၈ နောက်ပိုင်းမှတော့ ကျပ် ၄၀, ၀၀၀ ကျော် ဝန်းကျင်ကို ပြန်လည်ကျဆင်းလာခဲ့ပါတယ်။

The Myanmar Times

Export, Import Read 1827 times