စက်မှုဇုန် ရင်းနှီးမြှုပ်နှံမှုများကို အဓိက ဖိတ်ခေါ်သွားမည်


16 August, 2018

မြန်မာ့ရင်းနှီးမြှုုပ်နှံမှုကော်မရှင်၏ မူဝါဒသစ်အရ စက်မှုဇုန်များ ထပ်မံတိုးချဲ့ တည်ဆောက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုအဓိက ဖိတ်ခေါ်ခွင့်ပြုသွားမည်ဟု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

အနာဂတ်စီးပွားရေး ဖွံ့ဖြိုးမှုများ လုပ်ဆောင်ရာတွင် ကော်မရှင်သည် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးနှင့် အခြေခံအဆောက်အအုံပိုင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူပြုမည့် လုပ်ငန်းများကို ဦးစားပေး ခွင့်ပြုသွားရန် ရည်ရွယ်ထားသည်ဟု ၎င်းက ပြောသည်။

အလုပ်အကိုင် အခွင့်အလမ်းများရရှိရန်နှင့် စက်မှုဇုန်များရှိရန် လိုအပ်သဖြင့် ဦးစားပေးကဏ္ဍအဖြစ် ရင်းနှီးမြှုုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်သွားရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။

"အလုပ်အကိုင်အခွင့်အလမ်း များများရဖို့က ကုန်ထုတ်လုပ်ငန်းတွေအပေါ်မှာ အဓိကကျပါတယ်။ အဲဒါကြောင့် ကုန်ထုတ်လုပ်ငန်းတွေ အဆင်ပြေဖို့အတွက် စက်မှုဇုန် တည်ထောင်တဲ့အပိုင်းမှာ ရင်းနှီးမြှုုပ်နှံမယ့် ရင်းနှီးတည်ထောင်သူတွေကို များများ ဖိတ်ခေါ်သွားဖို့ ရှိပါတယ်။

စက်မှုဇုန်တွေက လိုအပ်တဲ့ အခြေခံအဆောက်အအုံပိုင်းကို ကိုယ်ထူကိုယ်ထ လုပ်နေရတာမျိုး မဟုတ်တော့ဘဲ ဇုန်တစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ အင်္ဂါရပ်အားလုံး ပြည့်ပြည့်စုံစုံပါဝင်တဲ့ ဇုန်တွေ အရေအတွက်များများ ဖြစ်လာဖို့ လုပ်သွားမှာပါ" ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သော ကျွမ်းကျင်လုပ်သားများစွာ ပေါ်ထွန်းလာရန် ဇုန်အသီးသီးတွင် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ သင်တန်းကျောင်းများ ပူးတွဲဖွင့်လှစ်ခြင်းသည် ဇုန်များ ပေါ်ထွန်းလာရန် ဦးတည်ဆောင်ရွက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ စက်မှုဇုန် ၁၉ ဇုန်ကို တည်ထောင်ထားပြီးကာ အသစ် တိုးချဲ့တည်ဆောက်လျက်ရှိသည့် စက်မှုဇုန် ခြောက်ဇုန်ရှိနေသည်။

စက်မှုဇုန်အများစုသည် လျှပ်စစ်မီးရရှိမှု အားနည်းခြင်း၊ ကုန်ထုတ်လုပ်ငန်းများအတွက် လုပ်ငန်းသုံးကားများ သွားလာမှုဆိုင်ရာ လမ်းအဆင်ပြေမှု အားနည်းခြင်း၊ ရေရရှိမှု အားနည်းခြင်းနှင့် ရေဆိုးရေညစ်များနှင့် အမှိုက်စွန့်ပစ်ရေးဆိုင်ရာစနစ် အားနည်းခြင်း စသည့် အခြေခံအဆောက်အအုံများ အားနည်းချက်များကို ကြုံတွေ့နေရလျက်ရှိကြောင်း စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီတာဝန်ရှိသူများက ပြောကြားသည်။

 Myanmar times

Investment/Divestment Read 557 times