၂၀၁၉ မှာ ဖွံ့ဖြိုးလာမယ့် အာမခံကဏ္ဍ


27 December, 2018

အစိုးရအနေဖြင့် ဘဏ္ဍာရေးအခြေခံအဆောက်အအုံများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ပြုပြင်ပြောင်းလဲမှုများကို ၂၀၁၈ ခုနှစ်အတွင်း အားစိုက် လုပ်ဆောင်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ယင်းတို့အနက် ၂၀၁၈ နှစ်ကုန်ပိုင်းကာလတွင် ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအချို့လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ခြင်းက ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွင်းက အထင်ကရတစ်ခု ဖြစ်ပါတယ်။

လာမည့် ၂၀၁၉ အတွင်း ဘဏ္ဍာရေးအခြေခံ အဆောက်အအုံနယ်ပယ်မှ တစ်ခုအပါအဝင်ဖြစ်သော အာမခံလုပ်ငန်း ကဏ္ဍသည်လည်း ဖြေလျှော့မှုမျာLiberalization ပြုလုပ်ပြီး ယင်းကဏ္ဍ ပြောင်းလဲမှုတစ်ခုကို မြင်တွေ့ ရနိုင်သည်။ အဆိုပါ ပြောင်းလဲမှုသည် နိုင်ငံတကာလုပ်ငန်းများကို ပြည်တွင်း အာမခံဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် မကြာမီကာလအတွင်း ခွင့်ပြုဖွယ် ရှိနေခြင်းဖြစ်သည်။အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့မှ တာဝန်ရှိသူများက ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြားအာမခံ လုပ်ငန်းများကို ပြည်တွင်းအာမခံလုပ်ငန်းနယ်ပယ်သို့ ဝင်ရောက်ခွင့်ပြုရန် စီစဉ်နေသည်ဟု ပြောဆိုထားခဲ့ပါတယ်။

နိုင်ငံနှင့် အာမခံထားရှိမှု

****************

ခေတ်အဆက်ဆက်တွင် အာမခံလုပ်ငန်းကို နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းကသာ လုပ်ကိုင်ခဲ့ပြီး ဦးသိန်းစိန် အစိုးရ လက်ထက်ဖြစ်သော ၂၀၁၃ ခုနှစ်တွင်မှ ပြည်တွင်းပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ ခုကို အာမခံလုပ်ငန်း လုပ်ကိုင်ရန် စတင်ခွင့်ပြုခဲ့ပါတယ်။အာမခံစနစ်၏ သဘောသဘာဝသည် ဆုံးရှုံးမှုများကို ကြိုတင်အကာအကွယ်ယူခြင်းဖြစ်ပြီး တစ်ဦးချင်းသော်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် သော်လည်းကောင်း အာမခံထားရှိပါက ဆုံးရှုံးနစ်နာမှု တစ်စုံတစ်ရာဖြစ်ပေါ်လာချိန်တွင် ပြန်လည်ကုစားပေးနိုင်သော စနစ်တစ်ခု ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသည် အာမခံထားသော အလေ့အထနှင့် နှစ်ပေါင်းများစွာ ကင်းဝေးခဲ့သည်။ နိုင်ငံအတွင်း ပြည်သူများ အာမခံ ထားရှိမှု လွန်စွာနည်းပါးခြင်းက အာမခံလုပ်ငန်း၏ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် အဖြစ်ရှိနေခဲ့ပါတယ်။

"မိမိပိုင် ငွေကြေးဥစ္စာတွေကို ငွေကြေးအနည်းငယ်နဲ့ အာမခံကို အသုံးပြုပြီးဘယ်လို အကာအကွယ် ယူလို့ရလဲဆိုတာကို သိပ်မသိကြသေးပါဘူး။ တစ်နှစ်တစ်နှစ်ကို ငွေကြေးအနည်းငယ် သုံးပြီး စနစ်တကျနဲ့ ကာကွယ်လို့ရတယ်ဆိုတာ သိတဲ့သူတွေက အာမခံထားကြပါတယ်။ ဒါပေမဲ့လည်း ငါးနှစ်အတွင်းမှာတော့လျင်လျင်မြန်မြန် ဈေးကွက်ဖွံ့ဖြိုးလာတာကို တွေ့ရပါတယ်"ဟု မြန်မာနိုင်ငံအာမခံအသင်း အတွင်းရေးမ·း ဦးသောင်းဟန်က ပြောပါတယ်။လက်ရှိတွင် အစိုးရအနေဖြင့် သက်တမ်းငါးနှစ်ကျော်သာ ရှိသေးသည့်ပုဂ္ဂလိက အာမခံလုပ်ငန်းနယ်ပယ်သို့ နိုင်ငံခြားအာမခံလုပ်ငန်းများ ဝင်ရောက်ခွင့်ပြုရန် စီစဉ်နေခြင်းအပေါ် ပြည်တွင်းပုဂ္ဂလိက အာမခံအသိုင်း အဝိုင်းကစိုးရိမ်မှုအချို့ ရှိနေသည်။ အဓိကအချက်သည် ပြည်တွင်းအာမခံ လုပ်ငန်းများအနေဖြင့် နိုင်ငံခြား အာမခံလုပ်ငန်းနှင့် ယှဉ်ပြိုင်ရာတွင် အရင်းအနှီး ငွေကြေးအားနည်းခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းခြင်းတို့သည် အဓိက စိန်ခေါ်မှုများဖြစ်နေခဲ့ပါတယ်။

"စီးပွားရေးတိုးတက်ဖို့ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖို့ လိုတယ်။ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖို့ ကျွန်တော်တို့ အဓိက မဏ္ဍိုင်က ဘဏ်လုပ်ငန်းကောင်းရမယ်၊ အာမခံကောင်းရမယ်၊ ကုန်သွယ်ရေးကောင်းရမယ်၊ ဥပဒေရေးရာတွေ ကောင်းရမယ်။ဒါတွေကို မှန်းပြီး ဘဏ်လုပ်ငန်းဆိုင်ရာလည်း ဖြေလျှော့မှု(Liberalize) လုပ်နေပြီ၊ အာမခံလည်း(Liberalize) လုပ်ရပါမယ်" ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်ရှိသော အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့(IBRB)အတွင်းရေးမှုး ဦးဇော်နိုင်က ပြောခဲ့ပါတယ်။

နိုင်ငံခြားအာမခံနှင့် စိန်ခေါ်မှုများ

************************

အစိုးရက မူဝါဒအားဖြင့် အာမခံလုပ်ငန်းနယ်ပယ်တွင် နိုင်ငံခြားအာမခံလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုရန် လုပ်ဆောင်ခြင်း ဖြစ်သော်လည်း ပြည်တွင်းပုဂ္ဂလိက အသိုင်းအဝိုင်းဘက်က အနည်းငယ် စောနေသေးသည် ဟူသော ယူဆချက်များလည်းရှိပါတယ်။တစ်ဖက်တွင်လည်း နိုင်ငံခြားအာမခံလုပ်ငန်းများ ဝင်ရောက်လာမှုကြောင့် ငွေကြေးနှင့် နည်းပညာတို့အပြင် ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုကြောင့် ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ ဖြစ်ပေါ်လာနိုင်ခြင်း အကျိုးရလဒ်တို့ ရနိုင်သည်ဟုသော ယူဆချက်များလည်းရှိခဲ့ပါတယ်။

"ဒီလိုခွင့်ပြုတာကြောင့် နိုင်ငံတော်ဘက်က ဝင်ငွေရမယ်။ ပြည်သူတွေအနေနဲ့လည်း ဈေးချိုပြီး အရည်အသွေးကောင်းတဲ့ အာမခံအမျိုးအစားတွေကို ကျယ်ကျယ်ပြန့်ပြန့် ရယူနိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အဆင်သင့် ဖြစ်ပြီလားဆိုတဲ့အပိုင်းရှိတယ်။ လုပ်ထုံးလုပ်နည်း စည်းမျဉ်းပိုင်းကို အစိုးရပိုင်းက စဉ်းစားထားမှာပါ။ ကုမ္ပဏီတစ်ခု ပျက်ရင် ဈေးကွက်ပုံရိပ်ကိုပါ ထိပါမယ်။ ဒါကြောင့် အကူးအပြောင်းကာလ လိုပါမယ်"ဟု မြန်မာ့အာမခံလုပ်ငန်းဦးဆောင်ညွှန်ကြားရေးမ·း ဒေါ်စန္ဒာဦးက ပြောခဲ့ပါတယ်။အစိုးရကလည်း အသက်အာမခံ အမျိုးအစားကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့်ပြု၍ အထွေထွေ အာမခံအမျိုးအစားကို ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုရန်စီစဉ်နေသည်ဟု ဦးဇော်နိုင်ကပြောပါတယ်။

 "အသက်အာမခံထားရှိမှု အရမ်းနည်းတော့ အသက်အာမခံအပိုင်းမှာ တိုးတက်လာဖို့ မျှော်ကိုးပြီး ၁၀ဝ ရာခိုင်နှုန်းထားမယ်၊ ဖက်စပ် ဖွဲ့ချင်လည်း ဖွဲ့လို့ရတယ်။ အထွေထွေအာမခံအတွက်တော့ ၁၀ဝ ရာခိုင်နှုန်းပေးဖို့ စဉ်းစားမထားဘူး။ ဘာလို့လဲဆိုတော့ ဈေးကွက်တိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်တဲ့အတွက် ဖက်စပ်အနေနဲ့ စပေးဖို့ စဉ်းစားထားတယ်"ဟု ၎င်းက ပြောခဲ့ပါတယ်။

"Liberalization က ကောင်းတာဘက်ကို ပိုများပါတယ်လို့ ပြောချင်ပါတယ်။ အဓိက တိုင်းပြည်၊ ပြည်သူအတွက် ကောင်းတယ်။ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုချင်းအနေနဲ့ ပြောရရင်တော့ အားနည်းတဲ့ကုမ္ပဏီတွေကတော့ နည်းနည်းနောက်ကျပြီး ကျန်ရစ်နိုင်တယ်။ ကုမ္ပဏီတွေဘက်က ကိုယ်ခံအားကောင်းအောင် ကြိုးစားရမှာပါ။ တစ်ဦးတစ်ယောက်ချင်း အကျိုးစီးပွားထက်စာရင်တော့ တိုင်းပြည်နဲ့ ပြည်သူအကျိုးစီးပွားကို ကြည့်ရမှာ ဖြစ်ပါတယ် "ဟု မြန်မာနိုင်ငံ အာမခံအသင်း အတွင်းရေးမ·း ဦးသောင်းဟန်က ဆိုခဲ့ပါတယ်။

အလားအလာ

*********

လက်ရှိတွင် နိုင်ငံ့လူဦးရေသန်း ၅၀ ကျော်တွင် လူဦးရေ နှစ်သန်းခန့်သာ အာမခံထားရှိမှု ရှိသေးသည့်အတွက် ကောင်းမွန်သော ဈေးကွက်အလားအလာ ရှိခြင်းကြောင့် နိုင်ငံခြား အာမခံလုပ်ငန်းများသည် စိတ်ဝင်စားမှု များပြားလျက်ရှိသည်ဟု မြန်မာ့ အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမ·း ဒေါ်စန္ဒာဦးက ပြောခဲ့ပါတယ်။"နိုင်ငံခြားအာမခံတွေကို ဗီယက်နမ်က ၁၀ဝ ရာခိုင်နှုန်း လုပ်လိုက်တဲ့အခါမှာ ပြည်တွင်းက လုပ်ငန်းတွေက ထိခိုက်သွားတယ်။ ထိုင်း၊ အိန္ဒိယ၊ မလေးရှားမှာ ဖက်စပ်ပေးပြီး တဖြည်းဖြည်းချင်း ချဲ့သွားတယ်။ အရှိန်ရလာမှ ဖက်စပ်ရာခိုင်နှုန်း တိုးတိုးပေးတယ်။ ကျွန်တော်တို့လည်Transition Period (အကူးအပြောင်းကာလ) တစ်ခုထားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟုအာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့(IBRB)အတွင်းရေးမ·း ဦးဇော်နိုင်က ပြောပါတယ်။

ပြည်တွင်းအာမခံဈေးကွက်အတွင်း ပုဂ္ဂလိက အာမခံလုပ်ငန်းများအတွက် ကျွမ်းကျင်ဝန်ထမ်း နည်းပါးခြင်း၊ နည်းပညာဆိုင်ရာ တိုးတက်ရန် လိုအပ်ခြင်း၊ အများပြည်သူအနေဖြင့် အာမခံအသိပညာ နည်းပါးခြင်းတို့သည် အဓိက စိန်ခေါ်မှုများ ဖြစ်သလို အာမခံထားရှိမှု နည်းပါးရသည့် အကြောင်းရင်းများတွင် တစ်ဦးချင်းဝင်ငွေ နည်းပါးမှုသည်လည်း အဓိကအချက်အဖြစ် ပါဝင်ခဲ့ပါတယ်။အာမခံလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ရှေ့လျှောက် အာမခံအသိပညာ ဖြန့်ဝေခြင်း၊ ဝန်ဆောင်မှုနှင့် ဈေးကွက်က လိုအပ်နေသော အာမခံအမျိုးအစား အသစ်များ တိုးမြှင့်ခြင်းနှင့် သင့်တင့်သောနှုန်းဖြင့် အာမခံပရီမီယံကြေးများဖြင့် ဈေးကွက်ကို ပိုမိုဖြန့်ကြက်နိုင်အောင် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်မည်ဟု မြန်မာနိုင်ငံ အာမခံအသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်စန္ဒာဦးက ပြောပါတယ်။

 "နိုင်ငံခြားအာမခံကို ဖွင့်ပေးသင့်တယ်။ ဒါပေမဲ့ ဖွံ့ဖြိုးစ ပြည်တွင်းအာမခံကုမ္ပဏီတွေ ယိုင်နဲ့သွားတာ၊ ပြိုလဲသွားတာ မဖြစ်အောင် အကန့်အသတ်နဲ့ ဖွင့်ပေးဖို့တော့ လိုပါတယ်"ဟု ယခင်အစိုးရလက်ထက် ဘဏ္ဍာရေး ဒုတိယဝန်ကြီးဟောင်း ဒေါက်တာမောင်မောင်သိမ်းက ပြောပါတယ်။နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းသည် အာမခံအမျိုးအစားပေါင်း ၂၀ ကျော်လုပ်ကိုင်နေပြီး ပုဂ္ဂလိက အာမခံလုပ်ငန်းများသည် အထွေထွေအာမခံ ၁၃ မျိုးနှင့် အသက်အာမခံ အမျိုးအစားတို့ကို လုပ်ကိုင်နေသည်။ လက်ရှိ အာမခံဈေးကွက်အတွင်း အသက်အာမခံ၊ မော်တော်ယာဉ် အာမခံ၊ စုပေါင်းအသက်အာမခံ၊ ခရီးသွားအာမခံ၊ ကျန်းမာရေးအာမခံ၊ ရေကြောင်းကုန်ပစ္စည်း အာမခံတို့သည် အာမခံထားရှိမှု အများဆုံး အမျိုးအစားများ ဖြစ်ပါတယ်။လက်ရှိအချိန်တွင် နိုင်ငံအတွင်း နိုင်ငံပေါင်း ၁၄ နိုင်ငံက နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံးခွဲပေါင်း ၃၀ ကျော် လာရောက်ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။လက်ရှိတွင် နိုင်ငံခြား အာမခံလုပ်ငန်းများကို ပြည်တွင်း အာမခံဈေးကွက် အတွင်း လုပ်ကိုင်ရန် ခွင့်မပြုသေးသော်လည်း သီလဝါအထူးစီးပွားရေးဇုန် အတွင်း လုပ်ကိုင်ရန်အတွက်မူဂျပန်နိုင်ငံက အာမခံကုမ္ပဏီ သုံးခုကို လုပ်ကိုင်ခွင့် ပြုထားခဲ့ပါတယ်။

Myanmar Time

Local News Read 452 times