အရက်နှင့် စီးကရက်အမျိုးမျိုးအပေါ် အခွန်နှုန်းများ ပြင်ဆင်တိုးမြှင့်ထားသည့် ၂ဝ၁၈-၁၉ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကပြည်ထောင်စုလွှတ်တော်သို့ သြဂုတ် ၂၇ ရက်က တင်သွင်းခဲ့သည်။
အဆိုပါဥပဒေကြမ်းသည် လာမည့်အောက်တိုဘာ ၁ ရက်မှ ၂ဝ၁၉ ခုနှစ် စက်တင်ဘာ ၃ဝ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး လက်ရှိတည်ဆဲဖြစ်သည့် ၂ဝ၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို အခြေခံကာ ရေးဆွဲထားခြင်းဖြစ်သည်။ ဥပဒေကြမ်းတွင် အထူးကုန်စည်ခွန်အမျိုးအစားတွင်ပါသော အရက်နှင့် စီးကရက်အမျိုးမျိုးအပေါ် အခွန်ကောက်ခံမည့်နှုန်းထားများကို ပြင်ဆင်သတ်မှတ်ထားကြောင်း အစိုးရအဖွဲ့ကိုယ်စားတင်သွင်းသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
''အစိုးရအနေနဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒတွေကို ပီပြင်အောင်ဖော်ဆောင်နိုင်ရန် အချို့သော အထူးကုန်စည်ခွန်နှုန်းထားတွေကို လက်ရှိနှုန်းထားအစား ဂျီဒီပီတိုးတက်မှုနဲ့ ငွေကြေးဖောင်းပွမှုတို့ကို အခြေခံပြီးနှုန်းထားအသစ် အနည်းငယ်တိုးမြှင့်သတ်မှတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ အခွန်နှုန်းများတိုးမြှင့်ခြင်းဖြင့် နိုင်ငံတော်အတွက် ဘဏ္ဍာငွေများ အထိုက်အလျောက် တိုးတက်ရရှိမည်ဟု ဆိုသည်။
၂ဝ၁၈ ခုနှစ် အခွန်အကောက်ဥပဒေတွင် စီးကရက်တစ်ဘူးကို အနိမ့်ဆုံး တန်ဖိုးကျပ် ၄ဝဝ မှ အမြင့်ဆုံး ၈ဝ၁ ကျပ်နှင့်အထက်သတ်မှတ်ပြီး အခွန်ကောက်ခံမှုတွင်လည်း တစ်လိပ်လျှင် လေးကျပ်မှ ၁၆ ကျပ်နှုန်းအထိ သတ်မှတ်ကောက်ခံရန် ပြဌာန်းထားသည်။ ယခုဥပဒေကြမ်းတွင်မူ အနိမ့်ဆုံးတန်ဖိုးကို ကျပ် ၆ဝဝ သတ်မှတ်လိုက်ပြီး အမြင့်ဆုံးတန်ဖိုးကိုလည်း ၁,ဝဝ၁ ကျပ်နှင့်အထက်ဟု သတ်မှတ်ထားသည်။ ထို့ပြင် တစ်လိပ်ခြင်းအပေါ် ကောက်ခံမည့် အခွန်နှုန်းကိုလည်း အနည်းဆုံး ခြောက်ကျပ်မှ အများဆုံး ၂၁ ကျပ်အထိ တိုးမြှင့်ပြင်ဆင်ထားသည်ကို တွေ့ရသည်။
ထို့ပြင် ဆေးပေါ့လိပ်နှင့်ပတ်သက်၍ လက်ရှိဥပဒေတွင် တစ်လိပ်ရောင်းဈေး ၁ဝ ကျပ်အထိကို ပြား ၅ဝ နှုန်းနှင့် ၁၁ ကျပ်နှင့်အထက်ကို တစ်ကျပ်နှုန်းဖြင့်ကောက်ခံရန် သတ်မှတ်ထားသည်။ ဥပဒေကြမ်းတွင်မူ ထိုသို့ခွဲခြားခြင်း မပြုတော့ဘဲ တစ်လိပ်လျှင် တစ်ကျပ်နှုန်းကောက်ခံရန် ပြင်ဆင်သတ်မှတ်ထားသည်။
အရက်အမျိုးမျိုးနှင့်ပတ်သက်ပြီး တစ်လီတာတန်ဖိုး သတ်မှတ်ချက်များ ပြင်ဆင်ထားကာ အခွန်နှုန်းထားများကိုလည်း တိုးမြှင့်ပြင်ဆင်ထားသည်။ လက်ရှိဥပဒေတွင် အရက်ကို တစ်လီတာ၏ အနိမ့်ဆုံးတန်ဖိုးအဖြစ် ၇၅ဝ ကျပ် သတ်မှတ်ထားသော်လည်း ဥပဒေကြမ်းတွင်မူ အနိမ့်ဆုံးတန်ဖိုးကို ကျပ် ၁,ဝဝဝ သတ်မှတ်ထားသည်။
အရက်အမျိုးမျိုးနှင့်ပတ်သက်ပြီး တန်ဖိုးအလိုက် အလွှာ ၁၆ ခုဖြင့် ခွဲခြားသတ်မှတ်ထားသည်။ လက်ရှိဥပဒေတွင် အနိမ့်ဆုံးအလွှာဖြစ်သည့် တစ်လီတာတန်ဖိုး ကျပ် ၇၅ဝ အထိကို ၉၁ ကျပ်နှုန်းကောက်ခံရန် ပြဌာန်းခဲ့သော်လည်း ထပ်မံတင်သွင်းသည့် ဥပဒေကြမ်းတွင်မူ အနိမ့်ဆုံးအလွှာကို ကျပ် ၁,ဝဝဝ အဖြစ်တိုးမြှင့်သတ်မှတ်လိုက်ကာ ၁၂၂ ကျပ်နှုန်း အခွန်ကောက်ခံမည်ဖြစ်သည်။
တန်ဖိုးအမြင့်ဆုံးအလွှာတွင်လည်း လက်ရှိတွင် တစ်လီတာတန်ဖိုးကို ကျပ် ၂၆,ဝဝဝ သတ်မှတ်ထားပြီး ၅,၉၁၁ ကျပ်နှုန်း ကောက်ခံရန် ပြဌာန်းထားသည်။ ဥပဒေကြမ်းတွင်မူ အမြင့်ဆုံးတန်ဖိုးကို ကျပ် ၂၉,ဝဝဝ သတ်မှတ်ထားပြီး ကောက်ခံမည့် အခွန်နှုန်းကိုလည်း ၆,၇ဝ၃ ကျပ်အဖြစ် ပြင်ဆင်သတ်မှတ်ထားသည်။ ၂၉,ဝဝ၁ ကျပ်နှင့်အထက်ရှိသော အရက်များကိုမူ တစ်လီတာလျှင် တန်ဖိုး၏ ၆ဝ ရာခိုင်နှုန်းကောက်ခံရန် သတ်မှတ်ထားသည်။
ဘီယာနှင့် ဝိုင်အမျိုးမျိုးအပေါ် ကောက်ခံမည့် အခွန်နှုန်းထားများမှာ မူတည်ဆဲအခွန်ဥပဒေနှင့် အသစ်တို့ကြား ကွာခြားခြင်းမရှိပေ။
ဥပဒေကြမ်းတွင် အခြားထူးခြားသည့်အချက်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဥပဒေအရ ဖမ်းဆီးရမိရန် သတင်းပေးသူကို ချီးမြှင့်သည့်ဆုကြေးငွေကို ဝင်ငွေခွန် အပြည့်အဝကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။ လက်ရှိ အခွန်ဥပဒေတွင် ထိုကဲ့သို့ရရှိသည့်ဆုကြေးငွေကို နှစ်တစ်နှစ်အတွင်းရရှိသည့်ဆုငွေ၏ ကျပ်သိန်း ၁ဝဝ အထိသာ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားသော်လည်း ဥပဒေကြမ်းတွင်မူ ထိုကန့်သတ်ချက်ကို ပယ်ဖျက်ထားသည်။
Source:Myanmar times