ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများ ထပ်ထုတ်မည်


16 June, 2020

မြန်မာနိုင်ငံ ဗဟိုဘဏ်က ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူတွေဆက်လက်ပြီး ထုတ်သွားမှာ ဖြစ်တယ်လို့ ဇွန်လ ၁၅ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်က ဒုတိယ ဥက္ကဌ ဦးစိုးမင်း က ပြောပါတယ်။  " ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူကို အားလုံးသိတဲ့အတိုင်းဇန်နဝါရီလ ၄ ရက်နေ့အထိမ်းအမှတ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ ကျွန်တော်တို့ထုတ်တဲ့ငွေစက္ကူတွေဟာ Denotation (အဓိပ္ပါယ်ဖော်ပြချက်) နဲ့ ပုံစံပေါ်မူတည်ပြီး ၁၄မျိုးရှိပါတယ်။ နောင်ဆိုလည်း တခြားစက္ကူတွေကိုလည်း ဒီဗိုလ်ချုပ်ရုပ်ပုံနဲ့ထုတ်သွားဖို့ရှိပါတယ် " လို့လည်း ဦးစိုးမင်းက သတင်းထောက်တွေကို ပြောပါတယ်။

အခုလက်ရှိ ထုတ်ဝေထား ဗိုလ်ချုပ်ရုပ်ပုံနဲ့ ငွေစက္ကူတွေဟာ သတ်မှတ်ထားတဲ့ အရေအတွက်အတိုင်း ထုတ်ထားတာ ဖြစ်တဲ့အတွက် ပြည်သူတွေကြားမှာ သိမ်းဆည်းသူတွေလည်း ရှိတာကြောင့်လိုသလောက် မပြန့်နှံ့တာတွေရှိတယ်လို့ဦးစိုးမင်းက ပြောပါတယ်။ ဗိုလ်ချုပ်ရုပ်ပုံငွေစက္ကူတွေကို ၂၀၂၀ ဇန်နဝါရီလ၄ ရက်နေ့မှာ တစ်ထောင်တန် ငွေစက္ကူအဖြစ် ထုတ်ဝေခဲ့ပြီး ငွေစက္ကူရဲ့မျက်နှာစာဘက်မှာ မြန်မာအမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံ နဲ့ကျော ဘက် မှာ လွှတ်တော် အဆောက်အဦးပုံကို ရိုက်နှိပ်ထားခဲ့ပါတယ်။

ထုတ်ဝေခဲ့တဲ့ တစ်ထောင်တန် ငွေစက္ကူ ရဲ့အရွယ်အစား ဟာ ၁၅၀ မီလီမီတာနဲ့ အနံ ၇၀ မီလီမီတာ ရှိပြီးအပြာရောင်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေကို မဆလ အစိုးရလက်ထက် ၁၉၈၅ ခုနှစ်မှာ တစ်ကြိမ်၊ ၁၉ ၈၇ ခုနှစ်မှာ တစ်ကြိမ် ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် ခြင်္သေ့ပုံနဲ့ ဆင်ပုံပါတဲ့ ငွေစက္ကူတွေကိုရိုက်နှိပ်ထုတ်ဝေခဲ့ပြီး နှစ်သုံးဆယ် ကျော် အကြာမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ ငွေစက္ကူ တစ်ထောင်တန်ကို ပြန်လည်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

လက်ရှိ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငွေစက္ကူတွေကို ဖျက်သိမ်းတာကို တားမြစ်ထားပါတယ်။ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်းက " အားလုံးကို ခုသုံးစွဲနေတာတွေကိုအစဉ်လိုက်ရိုက်နှိပ်မှာပါ။ သုံးစွဲနေတာတွေကို အားလုံး ရိုက်နှိပ်မှာပါ။ငါးထောင်တန်ကော တသောင်းတန်ကော အကုန် ထုတ်သွားမှာပါ"လို့ပြောပါတယ်။ 

တစ်သောင်းတန် ထက် တန်ဖိုးမြင့်တဲ့ ငွေစက္ကူတွေကိုတော့ ထုတ်ဖို့ မရှိသေးဘူးလို့ဦးစိုးမင်းက ဆိုပါတယ်။ အခုလက်ရှိ ထုတ်ဝေထားတဲ့ဗိုလ်ချုပ်ပုံငွေစက္ကူတွေဟာ အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေထားတာဖြစ်တဲ့အတွက်အမြတ်တနိုးသုံးစွဲသူတွေဟာ သိမ်းဆည်းထားတာဖြစ်ပြီး အားလုံးဆီ ဒီငွေစက္ကူတွေမရောက်သေးတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဦးစိုးမင်းကဖြေကြားခဲ့ပါတယ်။

ငွေစက္ကူ အသစ်ရိုက်ထုတ်မယ် ဆိုရင် ပြည်တွင်းလှည့်ပတ်ငွေရဲ့ ၅ရာခိုင်နှုန်းပဲ ရိုက်သင့်ပြီး ဒီထက်ပိုများတဲ့ ပြည်တွင်းမှာ လှည့်ပတ်ငွေများလာရင် ငွေတန်ဖိုးလျော့ကျနိုင်တယ်လို့ သုံးသပ်ချက်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်ဘက်ကတော့ ရှိပြီးသားတစ်ထောင်တန် အဟောင်းတွေကို အသစ်နဲ့အစားထိုးတာဖြစ်ပြီး အဟောင်းတွေက တဖြေးဖြေးချည်း အများပြည်သူ လက်ထဲကနေပျောက်သွားအောင် လုပ်တာလို့ ပြောခဲ့ပါတယ်။

BBC Burmese

Banking & Loan Read 560 times