သစ်သားကိုယ်ထည် ဂျပန်ဂြိုဟ်တု ၂၀၂၃ တွင် လွှတ်တင်မည်
ဂျပန်နိုင်ငံက ကမ္ဘာ့ပထမဆုံး သစ်သားကိုယ်ထည် ဂြိုဟ်တုကို ၂၀၂၃ ခုနှစ်မှာ လွှတ်တင်ဖို့ အစီအစဉ် ရှိပါတယ်။ သဘာဝပတ်ဝန်းကျင် မိတ်ဖက်ကျတဲ့အပြင် ကုန်ကျစရိတ်လည်း သက်သာပါတယ်။
ဂြိုဟ်တု အပြင်ကိုယ်ထည်ကို သစ်သားဖြင့် တည်ဆောက်ထားပြီး ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်တဲ့အခါ သစ်သားကိုယ်ထည် လောင်ကျွမ်းသွားမှာ ဖြစ်ပါတယ်။
ယခုအခါ ဂြိုဟ်တုတွေ တည်ဆောက်ရာမှာ အသုံးများကြတဲ့ အလူမီနီယမ်ထက် သစ်သားက ဈေးသက်သာပါတယ်။
နောက်ထပ်အားသာချက်က သတ္တုသား မဟုတ်တဲ့အတွက် လျှပ်စစ်သံလိုက်လှိုင်းတွေ ဂြိုဟ်တုအတွင်းသို့ သစ်သားကို ဖြတ်သန်းဝင်ရောက်နိုင်တာကြောင့် ဆက်သွယ်ရေး အန်တာနာ antenna ကို ဂြိုဟ်တု အပြင်ဘက် ထုတ်ထားဖို့ မလိုအပ်ဘူး။ ဂြိုဟ်တုအထဲမှာ တပ်ဆင်ထားလို့ ရပါတယ်။
စီစဉ်ထားတဲ့ ကိုယ်ထည်က ကုဗတုံးပုံ ဖြစ်ပြီး ပတ်လည်အနားများ ၁၀ စင်တီမီတာ ရှိပါတယ်။ အပြင်သားကို သစ်သားနှင့် ဆိုလာဆဲတို့ သုံးစွဲထားပါတယ်။
ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ နိုင်ငံပိုင်တက္ကသိုလ် Kyoto University နှင့် တိုကျိုအခြေစိုက် သစ်သားထည် ထုတ်ကုန်လုပ်ငန်း Sumitomo Forestry Co. တို့ ပူးပေါင်းပြီး လုပ်ကိုင်ကြပါတယ်။
အာကာသခရီးစဉ်မှာ သစ်သားကိုယ်ထည် ခံနိုင်ရည်ကို အာကာသထဲမှ International Space Station မှာ စမ်းသပ်မှာ လာမယ့် ဖေဖော်ဝါရီလမှာ စမ်းသပ်ဖို့ လျာထားပါတယ်။
သစ်ပင်အမျိုးမျိုးမှ ရယူထားပြီး မာကြောမှု မတူညီတဲ့ သစ်သားအမျိုးမျိုးဖြင့် သစ်သားပြားများ ပြုလုပ်ကာ အာကာသထဲ ၉ လခန့်ထားရှိပြီး ယိုယွင်းပျက်စီးမှုကို စမ်းသပ်မှာ ဖြစ်ပါတယ်။