လာမည့်နှစ်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းအား ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ခန့်မှန်းဖော်ပြ


16 January, 2021

၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုသည်(၂) ရာခိုင်နှုန်း နှေးကွေး သွားမည်ဟု ခန့်မှန်းထားသော်လည်း ၂၀၂၁ ခုနှစ်တွင်မူ ပုဂ္ဂလိကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ၊ သုံးစွဲမှုများ ပြန်လည်မြင့်တက်လာမည်ဖြစ်သဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း (၇.၉) ရာခိုင်နှုန်းတိုးတက်နိုင်ဖွယ်ရှိသည်ဟု ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာတွင် ဖော်ပြ ထားကြောင်း သိရှိရပါသည်။

အဆိုပါအစီရင်ခံစာအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်ကာလအတွင်း၌ သိသာစွာ ကျဆင်းခဲ့သော်လည်း အစိုးရအနေဖြင့် ကမ္ဘာ့ကပ်ရောဂါထိန်းချုပ်ရေးဗျူဟာအား ထိရောက်စွာ ချမှတ်ကျင့်သုံးခဲ့ခြင်း၊ မူဝါဒများခိုင်မာ အားကောင်းအောင်ဆောင်ရွက်ခဲ့ခြင်း၊ တင်ပို့မှု ပိုမိုခိုင်မာအား ကောင်းလာခဲ့ခြင်းတို့ကြောင့် နိုင်ငံ၏ စီးပွားရေးသည်မျှော်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာတိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါအစီရင်ခံစာအရ တရုတ်နိုင်ငံ၊ အကောက်ခွန်အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏသည် ဆက်လက်တိုးတက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအများစုတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါမှ လုံးဝပြန်လည်နလန်ထူလာပြီ ဖြစ်ကြောင်း ပြသလျက်ရှိကြောင်း၊

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း၌ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ(၂၆၈) ဘီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက်(၂၁.၁) ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မသေချာမှုများဆက်လက် တည်ရှိလျက်ရှိသော်လည်း ကဏ္ဍစုံတွင် အချက်အလက်များ တိုးတက်လျက်ရှိသည့်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးနလန်ထူလာမှုသည် ပြန်လည်အရှိန်ရလာပြီဖြစ်သည်ကို ပြသနေခြင်း ဖြစ်ကြောင်း၊

တရုတ်နိုင်ငံ၏ ပြည်တွင်းဝယ်လိုအား ပြန်လည်နလန်ထူနိုင်မှုသည် ထုတ်လုပ် နိုင်စွမ်းထက်များစွာ နှေးကွေးလျက်ရှိခြင်း၊ အခြေခံရင်းနှီးမြှုပ်နှံမှုများထက် ပြည်တွင်းသုံးစွဲမှု ပိုမိုနှေးကွေးလျက်ရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံအနေဖြင့် စီးပွားရးလျင်မြန်စွာ နလန်ထူလာနိုင်ရန် မသေချာမှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်နလန်ထူနိုင်မှုအပေါ် ခြိမ်းခြောက်လျက်ရှိသည့် အန္တရာယ်များ မြင့်မားလျက်ရှိသော်လည်းထိန်းချုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်းဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးအပေါ် ထိခိုင်နိုင်သည့် အန္တရာယ်များအား ကျော်လွှားနိုင်မည့် အထူးဦးစားပေးမူဝါဒများ ချမှတ်ဆောင်ရွက်သွားရန် ထိပ်သီးအစည်းအဝေးများ ကျင်းပလျက်ရှိကြောင်း၊ စီးပွားရေးပိုမို တိုးတက်လာစေရန် ထိရောက်သည့်မူဝါဒများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါမူဝါဒများအနက် ထိရောက်သေချာသည့် နည်းပညာအသုံးပြုနိုင်စွမ်းကို ပိုမိုမြှင့်တင်ပေးရန်၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးကို ထိပါးစေမည့် အဓိကစိန်ခေါ်မှုများအား ဖြေရှင်းပေးရန်တို့ပါဝင်ကြောင်း သိရှိရပါသည်။

myantrade

Global News Industry Reviews Read 306 times