ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဒုတိယဥက္ကဌ ဗစ်တိုးရီးယားကွာကွာ၏ သုံးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ငြိမ်းချမ်းသာယာသော ရပ်ရွာအသိုင်းအဝိုင်းများ တည်ဆောက်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ စုစုပေါင်း သန်း ၃၅ဝ အကူအညီပေးမည်ဟု ကတိပေးကြောင်း ကမ္ဘာ့ဘဏ်က ဇူလိုင်လ ၁ဝ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဌတို့ တွေ့ဆုံမှုအပြီး ထိုသို့ကြေညာခြင်းဖြစ်သည်။
အဆိုပါ ဒေါ်လာသန်း ၃၅ဝ အနက် သန်း ၁ဝဝ သည် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပံ့ပိုးမည်ဖြစ်ပြီး အဆိုပါငွေဖြင့် လုပ်မည့်အစီအစဉ်အတွင်း ရခိုင်ပြည်နယ်ရှိ လူမှုအသိုင်းအဝိုင်းများ အားလုံးအတွက် အလုပ်အကိုင်ရရှိရေး၊ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရေးနှင့် အခြေခံကျသည့် လူမှုဝန်ဆောင်မှုများ ရရှိနိုင်ရေးအား အလေးထားဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့ပြင် တတိယအကြိမ် ပင်လုံငြိမ်းချမ်းရေးညီလာခံ ကျင်းပတော့မည်ဖြစ်ရာ မြန်မာနိုင်ငံအနှံ့အပြားတွင် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး၏ အရေးပါမှုများကို ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စကွာကွာတို့ ဆွေးနွေးခဲ့ပြီးနောက် ဒေါ်လာ သန်း ၂ဝဝ နှင့် ၂၅ဝ အထိ ကနဦး ဘဏ္ဍာရေးအကူအညီပေးရန် သဘောတူခဲ့ပါသည်။
အဆိုပါထောက်ပံ့မှုဖြင့် ငြိမ်းချမ်းသာယာသော ရပ်ရွာအသိုင်းအဝိုင်းများ တည်ဆောက်ရေးစီမံကိန်းအား အကောင်အထည်ဖော်ရန် ပြင်ဆင်မှုများစတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း မစ္စကွာကွာက ကြေညာခဲ့သည်။
ယင်းစီမံကိန်းအရ ရပ်ရွာအသိုင်းအဝိုင်းများတွင် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အဓိကကျသည့် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြေခံကျသည့် လူမှုဝန်ဆောင်မှုများနှင့် ရုပ်ပိုင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းဖြင့် ရပ်ရွာအသိုင်းအဝိုင်းများ၏ စွမ်းဆောင်ရည်များအား မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ၎င်းက ပြောခဲ့ပါသည်။
''ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခဖြစ်ပွားမှုရဲ့ အကျိုးဆက်ကို ခံစားနေရတဲ့ ဒေသတွေမှာ စီးပွားရေးအခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ဖို့နဲ့ လူမှုအသိုင်းအဝိုင်းများကြား သဟဇာတဖြစ်နိုင်ဖို့ ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်''ဟု ကမ္ဘာ့ဘဏ် ဒုဥက္ကဌ မစ္စကွာကွာက ပြောသည်။
Myanmar Times