မြန်မာ့စီးပွားရေး ၁၈% ကျုံ့ ၊ အလုပ်လက်မဲ့ ၂၀၁၉ ထက် ၂ဆမြင့်တက်နိုင်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်


26 July, 2021

၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမည်ဟု ခန့်မှန်းကြောင်း ကမ္ဘာဘဏ်မှ ထုတ်ပြန်သည့် အစီရင်ခံစာကို ဖော်ပြအပ်ပါသည်။ 

မြန်မာနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသော နိုင်ငံရေး ကသောင်းကနင်းဖြစ်မှု နှင့် လျင်မြန်စွာ မြင့်တက်လာနေသည့် ကိုဗစ် -၁၉ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုများကြောင့် ၂၀၂၀ ခုနှစ်ကပင် ကမ္ဘာ့ကပ်ရောဂါကြောင့် အားနည်းနေ ခဲ့သည့် မြန်မာ့စီးပွားရေးအား ဆိုးရွားစွာ ထိခိုက်စေပါသည်။ ကမ္ဘာ့ဘဏ်၏ ယနေ့ထုတ်ပြန်လိုက်သော မြန်မာ့စီးပွားရေးစောင့်ကြည့် အစီရင်ခံစာ အရ လက်ရှိရင်ဆိုင်နေရသော လူ့အသက်များ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ၊ ဆင်းရဲမွဲတေမှုနှင့် အနာဂါတ် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေသည့် အခြေအနေများစွာဖြင့် မြန်မာနိုင်ငံ၏ ၂၀၂၁ ဘဏ္ဍာနှစ် (အောက်တိုဘာ ၂၀၂၀ - စက်တင်ဘာ ၂၀၂၁) တွင် စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းခန့် ကျုံ့သွားမည်ဟု ခန့်မှန်းသည်။

၁၈ ရာခိုင်နှုန်း ထပ်မံကျုံ့သွားမည် ဆိုခြင်းသည် ၂၀၂၀ ဘဏ္ဍာနှစ် တွင် တွေ့ကြုံခဲ့ရသည့် အားနည်းသွားသော ဖွံ့ဖြိုးတိုးတက်မှုပေါ်တွင် နိုင်ငံစီးပွားရေး အနေဖြင့် ကိုဗစ် - ၁၉ နှင့် ဖေဖော်ဝါရီလ တပ်မတော် အာဏာသိမ်းမှုသာ မဖြစ်ပွားခဲ့ပါက ရှိသင့်သည့် ပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုမိုသေးငယ်သွားမည် ဟု ဆိုလိုသည်။ အလုပ်အကိုင် တစ် သန်းခန့် ဆုံးရှုံးသွားနိုင်ပြီး လုပ်သားအများအပြားသည်အလုပ်ချိန် သို့မဟုတ် လစာ လျှော့ချခံရနိုင်ကာ ဝင်ငွေလျော့ကျမှုကို တွေ့ကြုံရနိုင်သည်။ ၂၀၁၉ ခုနှစ် အဆင့်နှင့် နှိုင်းယှဉ်လျှင် ဆင်းရဲနွမ်းပါးသည့် အခြေအနေသို့ ကျရောက်မည့် မြန်မာ့လူဦးရေသည် ၂၀၂၂ ခုနှစ်အစောပိုင်းတွင် နှစ်ဆ မြင့်တက်သွားနိုင်ခြေရှိသည်။

အလုပ်အကိုင်များ ၊ ဝင်ငွေများ ဆုံးရှုံးသည့်နည်းတူ ကျန်းမာရေးနှင့် အစားအစာ ဖူလုံမှု မရှိမှု ဘေးအန္တရာယ်များ စုပေါင်း၍ ယခင်နှစ် ကမ္ဘာ့ကပ်ရောဂါကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားခဲ့ရတဲ့ အဆင်းရဲဆုံးနှင့် အင်အားအနည်းဆုံး ပြည်သူများဟာ လူနေမှုဘဝ သက်သာချောင်ချိရေးအတွက် အခက်အခဲကြီးစွာ ရင်ဆိုင်ရပါလိမ့်မယ် ” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန် ကပြောကြားခဲ့သည်။

ကူးသန်းသွားလာနိုင်မှု နှင့် ဝင်ငွေလျော့ကျလာမှု၊ ဆန္ဒထုတ်ဖော်မှုများနှင့် အလုပ်သမား ပြတ်လတ်မှု စသည်တို့က စီးပွားရေးလုပ်ငန်းများကို များစွာ ထိခိုက်စေသကဲ့သို့ ထောက်ပံ့ပို့ဆောင်ရေး နှင့် တယ်လီဖုန်းဆက်သွယ်ရေးများ ၊ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့သော အရေးပါသော စီးပွားရေး ဝန်ဆောင်မှုလုပ်ငန်းများကို ထိခိုက်စေသည်။ ဘဏ်ခွဲများ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် ဗဟိုဘဏ်မှ နည်းလမ်းအမျိုးမျိုးဖြင့် ကုစားရန် ကြိုးပမ်းသော်လည်း ငွေသားကျပ်ငွေများ ဈေးကွက်အတွင်း ပြတ်လပ်နေဆဲ ဖြစ်ပြီး ဘဏ် ဝန်ဆောင်မှုများနှင့် ငွေပေးချေသည့် ဝန်ဆောင်မှုများ အကန့်အသတ် ရှိနေဆဲဖြစ်သည်။ ဇန်နဝါရီလနှောင်းပိုင်းစတင်၍ ဇူလိုင်လလယ်အထိ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်း တန်ဖိုးသည် ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပြီး ကုန်သွယ်မှု ပြတ်တောက်ခြင်းနှင့်အတူ လောင်စာဆီ အပါအဝင် အချို့သွင်းကုန်များ အလွန်လျင်မြန်စွာ ဈေးမြင့်တက်လာခဲ့သည်။

လယ်သမားများအနေဖြင့် အချို့ကောက်ပဲသီးနှံများ လက်ကားဈေး ထိုးကျသွားခြင်း ၊ သွင်းကုန် ဈေးများ မြင့်တက်လာခြင်း နှင့် ချေးငွေ ရရှိရန် အခက်အခဲတို့နှင့် ရင်ဆိုင်ကြရသည်။

အားလုံးခြုံကြည့်မည်ဆိုလျှင် အဆိုပါ. ရိုက်ခတ်မှုများသည် စားသုံးမှုရင်းနှီးမြုပ်နှံမှုနှင့် ကုန်သွယ်မှုတို့ကို အားနည်းစေပြီး စီးပွားရေးလုပ်ငန်းများ နှင့် သွင်းကုန်နှင့် လုပ်သား ထောက်ပံ့မှုတို့ကိုပါ ထိခိုက်စေပါသည်။

“မေလနှင့် ဇွန်လ တို့တွင် ကူးသန်းသွားလာမှု ပြန်လည်ကောင်းမွန်လာခြင်း နဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျော့ခြင်း တို့ဖြင့် အချို့ရိယာများမှာ တည်ငြိမ်လာတော့မယ့် ရှေ့ပြေးလက္ခဏာများ မြင်ခဲ့ရသော်လည်း စီးပွားရေးလုပ်ငန်း တစ်ခုလုံးအနေဖြင့်မှု အလွန်အမင်း အားနည်းနေဆဲ ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ပြန့်နှံမှု တိုးပွားလာသည့်အတွက် ဇူလိုင်လနောက်ပိုင်း စီးပွားရေးအနေဖြင့် ဆက်လက် ကျုံ့သွားနိုင်ပါတယ်" ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး ပညာရှင် ကင်မ် အလန် အက်ဒ်ဝပ် ကပြောကြားခဲ့သည်။

လတ်တလော ရင်ဆိုင်နေရသည့် ကိုဗစ် - ၁၉ တတိယလှိုင်း သည် အထူးသဖြင့် ကောင်းမွန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်မည့် ပြည်သူ့ကျန်းမာရေး စနစ် ခိုင်ခိုင်မာမာ မရှိသော အခြေအနေတွင် လူ့အသက်များ၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ နှင့် စီးပွားရေးတို့ကို ချက်ခြင်းလက်ငင်း ခြိမ်းခြောက်နေပါသည်။ ... စစ်ဆေးအတည်ပြုနှုန်း နည်းပါးနေသေးသော်လည်း စမ်းသပ်စစ်ဆေးသည့် လူနာအရေအတွက်တွင် အတည်ပြုလူနာတွေ့ရှိမှု မြင့်မားလွန်းသည့်အတွက် လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ပြန့်နှံ့နေကြောင်း ညွှန်ပြနေသည်။ ကူးစက်ပြန့်ပွားမှုကို တားဆီးရန် ကန့်သတ်ချက်များနှင့် ကြိုတင်ကာကွယ်သည့် အပြုအမူများ ပေါင်းစပ်လိုက်ပါက ယင်းသည် မြန်မာ့စီးပွားရေးအတွက် ဆတိုး စိန်ခေါ်မှုများ ဖြစ်လာပါလိမ့်မည်

ကာလရှည် စီးပွားရေး မျှော်မှန်းချက်အနေဖြင့်ဆိုရလျှင် မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အကြောင်းခြင်းရာများသည် ဆယ်စုနှစ် တစ်ခုစာ ကြိုးပမ်းခဲ့သော တိုးတက်မှုများကို ပျက်စီးသွားစေနိုင်သည်။ အရင်းအနှီးများ၊ လူသားရင်းမြစ် နှင့် ကုန်ထုတ်လုပ်စွမ်းအားတို့ အပေါ် သိသာထင်ရှားစွာ ထိခိုက်ခြင်းကြောင့် စီးပွားရေး လုပ်ကိုင်နိုင်မည့် ပတ်ဝန်းကျင်အခင်းအကျင်းအပေါ် သက်ရောက်မှုကို အနာဂါတ် နှစ်ပေါင်းများစွာအထိ ဆက်လက်ရင်ဆိုင်ဖြေရှင်း ရဖွယ် ရှိပါသည်
 

Industry Reviews Read 942 times