မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုစာရင်း အဆင့် ၁၀၀ အတွင်းသို့ ရောက်ရှိရန် ကြိုးပမ်းနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားသည်။
နေပြည်တော် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာကို ယမန်နေ့က လွှတ်တော်သို့ လာရောက်တင်သွင်းစဉ် ပြောကြားခြင်း ဖြစ်သည်။
ဦးကျော်တင့်ဆွေက “မြန်မာနိုင်ငံအနေဖြင့် Ease of Doing Business Ranking (စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအဆင့်) ကို လက်ရှိ အဆင့် ၁၇၁ ရှိရာကနေ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အဆင့် ၁၀၀ အတွင်းသို့ ရောက်ရှိအောင် သက်ဆိုင်ရာ ဌာနများက ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
ကမ္ဘာ့ဘဏ်အုပ်စုက နိုင်ငံတခုချင်းစီ၏ စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်ရာတွင် လွယ်ကူမှုဆိုသည့် အချက်အပါ အဝင် အချက်ပေါင်း ၁၀ ချက် အပေါ် မူတည် ထုတ်ပြန်သည့် စီးပွားရေးလုပ်ကိုင်ရ လွယ်ကူမှုအဆင့် သတ်မှတ်ချက်အရ ၂၀၁၇ ခုနှစ်၌ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ တွင် အဆင့် ၁၇၁ နေရာတွင် ရှိနေသည်။
၂၀၁၈ ခုနှစ်တွင် အဆိုပါ အညွှန်းကိန်း၌ ရှေ့သို့ အဆင့်၂၄ ဆင့် တိုးမြှင့်ရန် ကြိုးပမ်းမည်ဟု ဒု သမ္မတ ဦးမြင့်ဆွေကလည်း ယခုနှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြားထားသည်။
အဆိုပါ စာရင်းတွင် သတ်မှတ်အဆင့် မြင့်တက်လာရုံသာမဟုတ်ဘဲ ဌာနဆိုင်ရာများ၏ အသားကျနေသောလုပ်နည်းလုပ်ဟန်များကိုပါ ပြောင်းလဲအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးကျော်တင့်ဆွေက ဆိုသည်။
ဦးကျော်တင့်ဆွေက “အထူးသဖြင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ကြိုးနီးစနစ် ထူပြောခြင်း၊ အဂတိ လိုက်စားမှု မြင့်မားခြင်း နဲ့ လက်ရှိ နိုင်ငံတော် အစိုးရရဲ့ မူဝါဒ ရည်မှန်းချက်တွေနဲ့ ဌာနတွေရဲ့ ဖွဲ့စည်း လုပ်ကိုင် ဆောင်ရွက်မှု မကိုက်ညီခြင်းတွေ ကို အမြန်ဆုံး ပြုပြင် ပြောင်းလဲဖို့ ကြိုးပမ်းလျက် ရှိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများ ဖြစ်နေသည်မှာ အဓိကအားဖြင့် ဌာန ဆိုင်ရာများ၏ ကြိုးနီ စနစ်ကြောင့် ဖြစ်ပြီး အခြားသော ကိစ္စများ အဖြစ် မြေယာ ကဏ္ဍ၊ ချေးငွေ ကဏ္ဍ၊ လျှပ်စစ်မီး၊ လမ်းပန်း ဆက်သွယ် ရေး စသည့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ရှိနေကြောင်း ပုဂ္ဂလိက ကဏ္ဍမှ လုပ်ငန်းရှင်များနှင့် လွှတ်တော် ကိုယ်စားလှယ် တချို့ကလည်း ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်ရန် လျှပ်စစ် ကဏ္ဍနှင့် ချေးငွေ ကဏ္ဍတွင် အဆင်မပြေသေးကြောင်း၊ ယင်း ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံလိုသူများ အတွက် ဌာနဆိုင်ရာများက လွယ်ကူ အဆင်ပြေစေရန် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေး ကြောင်း၊ လက်ဝါးကြီးအုပ် လုပ်ကိုင် ခွင့်ပြုထားသည့် ပုံစံများကို ပြောင်းလဲရန် လိုကြောင်း ပြည်သူ့ လွှတ်တော် ရင်းနှီး မြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဦးအောင်ကျော်ကျော်ဦး ကလည်း ဧရာဝတီကို ပြောသည်။
လှိုင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအောင်ကျော်ကျော်ဦး က “နိုင်ငံခြား ဘဏ်တွေ ဖွင့်ပေး တာမျိုး၊ စက်သုံးဆီ ကဏ္ဍမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံလိုက်တာမျိုး၊ ဒါမှ ဈေးကွက်က အပြိုင်အဆိုင် ဖြစ်ပြီး စားသုံးသူတွေလည်း သက်သာမှာ။ အဲဒါကို အစိုးရက မဖြေလျှော့နိုင်ဘူး။ ပြည်တွင်းဘဏ်က နှစ်ရှည် ချေးငွေ မပေးနိုင် ဘူး။ အတိုးနှုန်းက ၈ ဒသမ ၅ နဲ့ တနှစ်ပဲ ချေးတယ်။ နိုင်ငံခြားဘဏ်တွေကို စီမံကိန်း ချေးငွေ၊ အသေးစား၊ အလတ်စား ချေးငွေတွေ ခွင့်မပြုဘူး။ ပြည်တွင်း ဘဏ်တွေကလည်း အဲဒီလောက် အထိ အင်အား မရှိဘူး”ဟု ဆိုသည်။
လျှပ်စစ် ကဏ္ဍတွင်လည်း တယူနစ်လျှင် မည်မျှနှုန်းထားဖြင့် ဝယ်ယူမည် ဆိုသည့် အချက်ကို လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာနက မသတ်မှတ်နိုင်သေး သဖြင့် ရင်းနှီးမြှုပ်နှံသူများက လုပ်ငန်း မစတင်နိုင်ဘဲ စောင့်ဆိုင်းနေရသည့် အခြေအနေမျိုး ဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
မော်တော်ယာဉ် ထုတ်လုပ်၊ တင်သွင်း ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ စိုးထွန်းက “အဓိက ကတော့ ကြိုးနီ စနစ်တွေ ဖြေလျှော့ပေးဖို့ လိုတာပေါ့နော်။ လက်ရှိ ကြိုးနီစနစ်တွေ ရှိနေတယ်။ Ease of Doing Business မှာတော့ လုပ်ငန်း စတင် တည်ထောင်တဲ့ ကိစ္စတွေ၊ ချေးငွေ ရယူမှု ကိစ္စတွေ၊ ဆောက်လုပ်ရေး ကဏ္ဍမှာ အဆောက်အဦး ပါမစ်ကျ ဖို့၊ မြန်ဖို့ ဒါတွေ လိုနေတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ၌ ကုမ္ပဏီများကို အွန်လိုင်းမှ မှတ်ပုံတင်နိုင်ခြင်းနှင့် အသေးစား၊ အလတ်စား လုပ်ငန်း များကို ချေးငွေထုတ် ချေး ရန် ဖွဲ့စည်းလိုက်သည့် ချေးငွေ သတင်း အချက်အလက် ဌာန (Credit Breau) ဖွဲ့စည်း လိုက်ခြင်း စသည့် အချက်များ ကြောင့် ကမ္ဘာ့ဘဏ်၏ အဆင့် သတ်မှတ်ချက်တွင် အဆင့် တက်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ဒေါက်တာ စိုးထွန်း က “လက်ရှိ အချိန်မှာ Credit Breau အဖွဲ့ အလုပ်လုပ်တာတော့ မတွေ့သေးဘူး။ ဘာပဲ ပြောပြော ဒီပွိုင့်တွေက တက်လာ နိုင်တဲ့ အနေအထားတွေ လို့တော့ မြင်တယ်။ ဒီနှစ်ချက်နဲ့တင် တကယ် လုပ်ကိုင် ရတာ လွယ်တာ မလွယ်တာ ခဏ ထားဦး၊ လောလောဆယ်တော့ အမှတ်ပေး စည်းမျဉ်း အရ အဆင့် တက်လာမယ် လို့ မြင်ပါ တယ်” ဟုလည်း ပြောသည်။
ယင်းသို့ အဆင့် တက်လာပါက ပြည်ပ ရင်းနှီးမြှုပ်လိုသူများ အနေနှင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ယုံကြည်မှုများ ရှိလာမည် ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက နိုင်ငံ၏ စီးပွားရေး၊ အလုပ်အကိုင် အခွင့် အလမ်း တို့ကိုပါ အထောက် အကူ ဖြစ်စေနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောဆိုကြသည်။
အကြီးစား မွေးမြူရေး ကုမ္ပဏီ တခုမှ အထွေထွေ မန်နေဂျာ ဦးကျော်မိုးကလည်း“ရင်းနှီးမြှုပ်နှံမှု လွယ်ကူဖို့ အတွက် အဓိက က တော့ မြေယာတွေကို သေချာ လုပ်ပေးနိုင်ရင် ပိုကောင်းသွားမှာပေါ့။ မြေငှားရတာကလည်း အခက်အခဲ တွေ့တာ တွေ ရှိတယ်။ မြေနဲ့ ပတ်သက်လို့ ဈေးနှုန်းတွေ သက်သာမယ်။ ဈေးတည်ငြိမ်မယ် ဆိုရင် ကောင်းတာပေါ့။ လျှပ်စစ် မီးတို့ လမ်းပန်း ဆက်သွယ်ရေးတို့ ထပ်ဖြည့်ပေးလိုက်ရင် ပိုပြီး ကောင်းတာပေါ့”ဟု ပြောဆိုသည်။
Source: irrawaddy