မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအပေါ် ကိုဗစ်-၁၉ သက်ရောက်မှု ကမ္ဘာ့ဘဏ်စစ်တမ်း အကျဉ်းချုပ်ကို ဖော်ပြပေးထားပါသည်။
စီးပွားရေးလုပ်ငန်းများအပေါ် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှု
ပထမအသုတ်စောင့်ကြည့်လေ့လာမှုမှ ရလဒ်များအနှစ်ချုပ်
၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့အထိ
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ အရေအတွက်စံပြုသည့် အထောက်အထားများ ရရှိစေရန်အတွက်ကမ္ဘာ့ဘဏ်သည် စီးပွားရေးလုပ်ငန်းအဆင့်စစ်တမ်းတစ်ခုကို ဆောင်ရွက်စေခဲ့ပါသည်။
စစ်တမ်းသည် တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်ပြီး များပြားလှစွာသောကဏ္ဍများမှ ကုမ္ပဏီများ/ စီးပွားရေး လုပ်ငန်းများ ပါဝင်ပါသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအဆင့် စစ်တမ်းများသည် ကုန်ထုတ်လုပ်မှု၊ လက်လီ/လက်ကားနှင့် ဝန်ဆောင်မှုကဏ္ဍများကို အဓိကထား လေ့လာကြသော်လည်း ကမ္ဘာ့ဘဏ်စစ်တမ်းသည် စိုက်ပျိုးရေးကဏ္ဍ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(SMEs) နှင့် ကျပန်းစီးပွားရေးလုပ်ငန်းများ ပါဝင်သည့်မြန်မာ့စီးပွားရေးလုပ်ငန်းများအားလုံးကို ပိုမို တိကျစုံလင်စွာ လေ့လာထားပါသည်။
တစ်နိုင်ငံလုံးကို ကိုယ်စားပြုသော စစ်တမ်းတွင် လုပ်ငန်းကဏ္ဍအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးရှိသော တရားဝင်နှင့် ကျပန်း စီးပွားရေးကဏ္ဍနှစ်ခုစလုံးမှ ကုမ္ပဏီ/ စီးပွားရေးလုပ်ငန်း ပေါင်း ၅၀၀ ပါဝင်ခဲ့ပါသည်။
ပထမအသုတ် စစ်တမ်းသည် မေလတွင် ကောက်ယူပြီးစီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း ဆက်လက် ကောက်ယူသွားမည့်ကျန်ရှိသော စစ်တမ်းခုနစ်ကြိမ်မှ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှုများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို စဉ်ဆက်မပြတ် ပံ့ပိုးပေးသွားနိုင်မည်ဖြစ်သည်။
ယေဘုယျအားဖြင့် စီးပွားရေးလုပ်ငန်းများ၏ ၁၆ ရာခိုင်နှုန်းသည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ပျမ်းမျှအားဖြင့် ရှစ်ပတ်ကြာ ယာယီပိတ်ထားသည်ဟု ဆိုပြီး ပိတ်ထားသော လုပ်ငန်းများမှ ကိုယ်စားလှယ်များက လုပ်ငန်းများ ပြန်လည်စတင်ရန် ပျမ်းမျှအားဖြင့်လေးပတ်ခန့် အချိန်ယူရမည်ဟု ခန့်မှန်းကြပါသည်။
ရည်ညွှန်းချက် - ကမ္ဘာ့ဘဏ်၏ ကိုဗစ်-၁၉ စီးပွားရေးလုပ်ငန်းစစ်တမ်း
ဝန်ဆောင်မှုကဏ္ဍအတွင်းရှိ ကုမ္ပဏီများသည် ကိုဗစ်-၁၉ ၏ သက်ရောက်မှုကို အဆိုးရွားဆုံးခံကြရပြီး ဖြေဆိုသူများ၏ ၃၉ရာခိုင်နှုန်းက လုပ်ငန်းများ ယာယီပိတ်သိမ်းထားသည်ဟု ဆိုပါသည်။
ဖြေဆိုမှုအများဆုံး ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုသုံးမျိုးမှာ ရောင်းအား ကျဆင်းခြင်း၊ ငွေသားစီးဆင်းမှု မရှိတော့ခြင်းနှင့် ချေးငွေ ရရှိနိုင်မှု အလားအလာ လျော့နည်းသွားခြင်းတို့ ဖြစ်ပါသည်။
ယေဘုယျအားဖြင့် ကုမ္ပဏီများ၏ ၈၃ ရာခိုင်နှုန်းသည် ရောင်းအား ကျဆင်းမှု၊ ၅၁ ရာခိုင်နှုန်းသည် ငွေသား စီးဆင်းမှု မရှိတော့ခြင်းနှင့် ၂၉ ရာခိုင်နှုန်းသည် ချေးငွေရရှိ နိုင်မှု အလားအလာ လျော့နည်းသွားခြင်းတို့ကို ကြုံတွေ့ ကြရပါသည် ။
ရည်ညွှန်းချက် - ကမ္ဘာ့ဘဏ်၏ ကိုဗစ်-၁၉ စီးပွားရေးလုပ်ငန်းစစ်တမ်း
စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများ/ ကုမ္ပဏီများတွင် ငွေသားစီးဆင်းမှု မရှိတော့ခြင်းနှင့် ချေးငွေရရှိနိုင်မှု အလားအလာ လျော့နည်းသွားခြင်းတို့ အများဆုံးဖြစ်ခဲ့ကြသည်ဖြစ်ရာ
၎င်းတို့၏ စီးပွားရေးအကျပ်အတည်းကြောင့် ထိခိုက်လွယ်မှု ပိုမိုကြီးမားခြင်းကို ပေါ်လွင်စေပါသည်။ ငွေသားစီးဆင်းမှုမရှိတော့ခြင်းသည် နိုင်ငံတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းထက်ဝက်ကို ထိခိုက်စေပါသည်။ သို့သော် စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများကိုသာ သီးသန့်ကြည့်မည်ဆိုလျှင် ဤအချိုးအစားသည် သုံးပုံနှစ်ပုံအထိ မြင့်တက်သွားပါသည်။
ထို့ပြင် စိုက်ပျိုးရေးအခြေခံသော စီးပွားရေးလုပ်ငန်းများ၏ ၄၂ ရာခိုင်နှုန်းသည် ချေးငွေရရှိနိုင်မှု အလားအလာလျော့နည်းသွားသည့် ပြဿနာကို ရင်ဆိုင်ကြရပြီး စီးပွားရေးလုပ်ငန်းများအားလုံးကို ကြည့်လျှင် ဤရာခိုင်နှုန်းသည် ၂၉ ရာခိုင်နှုန်းသာ ရှိပါသည်။
ထို့ကြောင့် စိုက်ပျိုးရေးအခြေခံသော စီးပွားရေးလုပ်ငန်းများသည် အခြားကုမ္ပဏီများ/ စီးပွားရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် ငွေကြေးပြည့်စုံမှုမရှိခြင်း၊ ကျပန်းစီးပွားရေးလုပ်ငန်းများ ဖြစ်နိုင်ခြေ ပိုများခြင်းနှင့် သာမန်အားဖြင့်လည်း ချေးငွေများကို လက်လှမ်းမီမှု မရှိခြင်းများ ကြောင့် ထိုသို့ဖြစ်ရခြင်းဖြစ်ပါသည်။ ကျား/မကွာဟချက်များအရကြည့်မည်ဆိုလျှင် အမျိုးသမီး ပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်း/ကုမ္ပဏီများသည် အမျိုးသား ပိုင်ဆိုင်သော လုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် ရောင်းအားကျဆင်းမှု (၈၆ ရာခိုင်နှုန်း)၊ ငွေသားစီးဆင်းမှု မရှိတော့ခြင်း (၅၂ ရာခိုင်နှုန်း) နှင့် ချေးငွေရရှိနိုင်မှု အလားအလာလျော့နည်းသွားခြင်း (၃၂ ရာခိုင်နှုန်း) တို့ကို ပို၍ ရင်ဆိုင်ကြရပါသည်။
ဤပုံစံကို ကြည့်လျှင် မြန်မာနိုင်ငံရှိအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပေါ်လွင်စေပြီး ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များ ရေးဆွဲရာတွင် အမျိုးသမီးပိုင်လုပ်ငန်းများနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အပါအဝင် စီးပွားရေးအကျပ်အတည်းများအတွင်း ကြီးမားသည့်စိန်ခေါ်မှုများကို အများဆုံး
ရင်ဆိုင်ကြရသည့် စီးပွားရေးလုပ်ငန်းများကို ထိထိရောက်ရောက်ကူညီနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ရန် အရေးကြီးကြောင်းလည်းတွေ့ရှိရပါသည်။
ငွေသားစီးဆင်းမှုမရှိခြင်းကို ရင်ဆိုင်ရသော စီးပွားရေးလုပ်ငန်းများအနက် မိတ်ဆွေနှင့် မိသားစုများထံမှ ချေးငွေရယူခြင်းသည် လုပ်ငန်းလည်ပတ်ရန် လိုအပ်သည့် ငွေသားစီးဆင်းမှု ပြတ်လပ်ခြင်းကို ဖြေရှင်းရန် အသုံးပြုသော အဓိကနည်းလမ်း ဖြစ်ပါသည်။
လုပ်ငန်းလည်ပတ်ရန် ငွေသားစီးဆင်းမှု ပြတ်လပ်ခြင်း ပြဿနာလျော့ပါးသွားစေရန် အဓိကအသုံးပြုသော နည်းလမ်းအဖြစ်မိတ်ဆွေနှင့် မိသားစုထံမှ ချေးငွေရယူသည်ဟု ဆိုသော စီးပွားရေးလုပ်ငန်းမှာ ၆၀ ရာခိုင်နှုန်းခန့် ရှိပါသည်။
ကုမ္ပဏီများ၏ အမြတ်ငွေသည် ယခင်နှစ်၏ တူညီသော သုံးလပတ်ကာလအတွင်း ရရှိခဲ့သော အမြတ်ငွေထက် ၆၉ ရာခိုင်နှုန်း လျော့နည်းသွားပြီး ပျှမ်းမျှအမြတ်ငွေ ကျဆင်းမှုနှုန်းမှာ ၅၅ ရာခိုင်နှုန်း ရှိပါသည်။
နောက်လာမည့် သုံးလအတွင်းတွင် စီးပွားရေးလုပ်ငန်း/ ကုမ္ပဏီများ၏ ၃၆ ရာခိုင်နှုန်းသည် အကြွေးပြန်မဆပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားပြီး ထိုလုပ်ငန်းများ၏ ထက်ဝက်ကျော်သည် စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသော လုပ်ငန်းများ ဖြစ်ပါသည်။
ကုမ္ပဏီ/ လုပ်ငန်းအများစုသည် ကိုဗစ်-၁၉ ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ သက်ရောက်မှုများ၊ ငွေရေးကြေးရေးဆိုင်ရာ သက်ရောက်မှုများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲလည်ပတ်နိုင်ခြင်းမရှိခဲ့ကြပါ။
ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ကုမ္ပဏီများမှ အများဆုံး ပြောင်းလဲအသုံးပြုသည့် နည်းလမ်းမှာအိမ်အရောက်ပို့ဆောင်သည့် ဝန်ဆောင်မှုများကို စတင်ခြင်း
သို့မဟုတ် တိုးမြှင့်လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ငန်းများ၏ ၃၆ရာခိုင်နှုန်းက ဤသည်ကို လုပ်
ဆောင်ခဲ့သည်ဟု ဆိုပါသည်။
လုပ်ငန်းအများစုသည် ၎င်းတို့၏ သမားရိုးကျ လုပ်ဆောင်နေသည့် ထုတ်လုပ်မှု သို့မဟုတ် ဝန်ဆောင်မှုပုံစံများကို ဆက်လက်လုပ်ဆောင်ကြသည်ဖြစ်ရာ လက်ရှိလုပ်ငန်းလည်ပတ်မှုပုံစံများကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးလုံးလျားလျား ပြောင်းလဲခဲ့သည်ဟုဆိုသော ကုမ္ပဏီ/ လုပ်ငန်းများမှာ ၂၆ ရာခိုင်နှုန်းသာ ရှိပါသည်။
စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ရန် ဒစ်ဂျစ်တယ်စနစ်များ သို့မဟုတ် အွန်လိုင်းစနစ်များကို လက်ခံကျင့်သုံးသည့် ကုမ္ပဏီမှာ ၁၉ ရာခိုင်နှုန်းသာရှိပြီး အဝေးမှ လုပ်ငန်းများ စီမံဆောင်ရွက်နိုင်အောင် လုပ်ဆောင်ခဲ့သည့် ကုမ္ပဏီမှာ ၆ ရာခိုင်နှုန်းမျှသာ ရှိပါသည်။
စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းနှင့် အသေးစား စီးပွားရေးလုပ်ငန်းများသည် ကိုဗစ်-၁၉ အကျပ်အတည်းကို ရင်ဆိုင်ကျော်လွှားရန်အတွက် နည်းစနစ်အသစ်များကို လက်ခကျင့်သုံးသည်ဟု ပြောဆိုနိုင်ခြေ အနည်းဆုံး ဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်း/ ကုမ္ပဏီ ထက်ဝက်ကျော်သည် ဒေသန္တရနှင့် နိုင်ငံတော် အစိုးရများမှ ဆောင်ရွက်ပေးသော စီးပွားရေးကုစားမှု အစီအစဉ်များအကြောင်းကို သိရှိကြသော်လည်း အများစုသည်အစိုးရ၏ အထောက်အပံ့ကို ရယူရန် လျှောက်ထားခြင်း မရှိကြပါ။
စီးပွားရေးလုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ၏စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှု လျော့ပါးရေး ဆောင်ရွက်ပေးသော အစီအစဉ်များကို သိရှိကြသော်လည်း အစိုးရ၏ပံ့ပိုးမှုကို ရယူရန် လျှောက်ထားသည့်လုပ်ငန်းမှာ ၉ ရာခိုင်နှုန်းသာ ရှိပါသည်။
အစိုးရ၏ ပံ့ပိုးမှုပုံစံများထဲတွင် ချေးငွေနှင့် ချေးငွေအာမခံများ ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အခွန်ရွှေဆိုင်းပေးခြင်းသို့မဟုတ် အခွန်လျှော့ပေါ့ပေးခြင်းတို့သည် အရေးတကြီး ဆောင်ရွက်ပေးရန် အလိုအပ်ဆုံးသော ပံ့ပိုးမှုများဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းအများစုက အကြံပြုကြပါသည်။
မြန်မာနိုင်ငံ ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာမှု (MYANMAR COVID-19 MONITORING) ကို မြန်မာနိုင်ငံ၊ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) ၏ အကူအညီဖြင့် ကမ္ဘာ့ဘဏ်၏ ဆင်းရဲနွမ်းပါးမှုနှင့် သာတူညီမျှမှုဆိုင်ရာ နိုင်ငံတကာကျင့်သုံးမှုအဖွဲ့ (POVERTY AND EQUITY GLOBAL PRACTICE)နှင့် မေခရိုစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံတကာကျင့်သုံးမှုအဖွဲ့ (MACRO, TRADE AND INVESTMENT GLOBAL PRACTICE)တို့မှ အိမ်ထောင်စုများ၏ နေထိုင်မှုအခြေအနေနှင့် စီးပွားရေးလုပ်ငန်းများ၏ လုပ်ဆောင်ချက်များဆိုင်ရာ နောက်ဆုံးရအချက်အလက်များကို ပုံမှန်ပံ့ပိုးပေးနိုင်ရန် လစဉ်ကောက်ယူလျက်ရှိသော အိမ်ထောင်စုနှင့် စီးပွားရေးလုပ်ငန်း စစ်တမ်းတစ်ခုကို အခြေခံကာ ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
ထို့ပြင် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတကာကျင့်သုံးမှုအဖွဲ့ (SOCIAL DEVELOPMENT GLOBAL PRACTICE) မှ ဦးဆောင်ကောက်ယူသော ရပ်ရွာစစ်တမ်းတစ်ခုကိုလည်း ထည့်သွင်းထားပါသည်။
မြန်မာနိုင်ငံ ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာမှုကို ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးမှုဌာန၊ ကိုရီးယားနိုင်ငံအစိုးရ၊ အိုင်ယာလန်နိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနတို့မှ စုပေါင်းထည့်ဝင်သော စာရင်းအင်းစွမ်းရည်မြှင့်တင်ရေးရန်ပုံငွေ (TRUST FUND FOR STATISTICAL CAPACITY BUILDING - TFSCBIII) မှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါသည်။
ဩစတြေးလျနိုင်ငံအစိုးရ၊ ဒိန်းမတ်နိုင်ငံအစိုးရ၊ ဖင်လန်နိုင်ငံအစိုးရနှင့် ဆွီဒင်နိုင်ငံအစိုးရတို့မှလည်း ထပ်ဆောင်းပံ့ပိုးကူညီထားပါသည်။