စီးပွားရေးတိုးတက်နှုန်း ၆.၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁.၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ကမ္ဘာဘဏ်မှ ထုတ်ပြန်


16 December, 2020

COVID - 19 ဒုတိယလှိုင်းက မြန်မာ့စီးပွားရေးကို ပြင်းထန်သည့် သက်ရောက်မှုရှိခဲ့ပြီး မြန်မာ့စီးပွားရေးသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုကို ဆက်လက်ရင်ဆိုင်နေရပြီး

ယခင်နှစ်က စီးပွားရေးတိုးတက်နှုန်း ၆.၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁.၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ကမ္ဘာဘဏ်မှ ထုတ်ပြန်သည့် မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအစီရင်ခံစာတွင် ခန့်မှန်းထားပါသည်။

မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအစီရင်ခံစာကို မြန်မာနိုင်ငံတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ၊ စီးပွားရေး အလားအလာများ နှင့် ဦးစားပေး မူဝါဒများ ကိုစောင့်ကြည့်လေ့လာ သုံးသပ်၍ တစ်နှစ်လျှင် နှစ်ကြိမ် ထုတ်ပြန်ပါသည်။ ဤအစီရင်ခံစာသည် မြန်မာနိုင်ငံတော် အစိုးရထံမှ ရရှိသော သတင်းအချက်အလက်များ နှင့် ကမ္ဘာ့ဘဏ်၏ ပုံမှန် စီးပွားရေး စောင့်ကြည့်လေ့လာမှုနှင့် မူဝါဒ ဆွေးနွေးစကားဝိုင်းများမှ စုဆောင်းရရှိသော ထပ်ဆောင်းသတင်းအချက်အလက်များ အပေါ်အခြေခံထားခြင်းဖြစ်ပါသည်။

မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှုအစီရင်ခံစာတွင် မြန်မာ့စီးပွားရေးသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုကို ဆက်လက်ရင်ဆိုင်နေရပြီး ယခင်နှစ်က စီးပွားရေးတိုးတက်နှုန်း ၆.၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁.၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟုခန့်မှန်းသည်။ ကမ္ဘာ့ကပ်ရောဂါနှင့် ယင်းကိုထိန်းချုပ်ရန် လုပ်ဆောင်ရသည့် ကန့်သတ်ချက်များကြောင့် စားသုံးမှုနှင့် ရင်းနှီးမြုပ်နှံမှုများကို ထိခိုက်စေကာ စီးပွားရေးလုပ်ငန်းများ နှောင့်နှေးခြင်း၊ လုပ်သားနှင့် သွင်းကုန်ထောက်ပံ့မှုပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

COVID-19 ၏ အကျိုးဆက်အနေဖြင့် ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၂၂.၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀-၂၁ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်ပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည့် အစောဆုံး ကာလကို ၂၀၂၁-၂၂ ဘဏ္ဍာနှစ်ဟု ခန့်မှန်းသည်။ ရောဂါကူးစက်မှု ပထမလှိုင်းတွင် များစွာသော ဆင်းရဲသည့် အိမ်ထောင်စုများသည် ထိခိုက်မှုသက်သာစေရန်အလို့ငှာ နေ့စဉ်စားသုံးသည့် အစားအစာပမာဏကို လျှော့ချခြင်း အပါအဝင် အန္တရာယ်များ၍ ယာယီသုံးနည်းလမ်းများကို အသုံးပြုကာဖြစ်သလို ဖြေရှင်းရကြောင်း တွေ့ရသည်။ သြဂုတ်လနှောင်းပိုင်း ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်ပွားခင်ကပင် အိမ်ထောင်စုများစွာသည် ချေးယူထားသည့် ကြွေးမြီများ ပြန်ဆပ်ရန် အခက်အခဲတွေ့နေရသည်။ ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကန့်သတ်ချက်များ ဆက်လက်ချမှတ် လုပ်ဆောင်နေရသည့်အတွက် အိမ်ထောင်စုများစွာ ဆင်းရဲမွဲတေသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ရောဂါကူးစက်မှု ဒုတိယလှိုင်းဖြစ်ပွားစဉ် အသွားအလာကန့်သတ်သည့် တားမြစ်ချက်များကြောင့် စီးပွားရေးလုပ်ငန်းများကို ပထမလှိုင်းထက် ပိုမိုထိခိုက်စေသည်။ ရန်ကုန်၌ စစ်တမ်းကောက်ယူခဲ့သည့် စီးပွားရေးလုပ်ငန်းများ၏ ထက်ဝက်ခန့်က အောက်တိုဘာလတွင် လုပ်ငန်းများ ရပ်နားခဲ့ရကြောင်း နှင့် ဖြေဆိုသူများ၏ ၃၅ ရာခိုင်နှုန်းက လာမည့် သုံးလအတွင်း လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ဦးမည် မဟုတ်ကြောင်း စိုးရိမ်ပူပန်ကြသည်ကို တွေ့ရသည်။

အချို့သော လုပ်ငန်းများသည် အီလက်ထရောနစ် ကုန်သွယ်မှုဖြင့် အသွားအလာ ကန့်သတ်ချက်များကို ကျော်လွှားနိုင်ခဲ့ကြသော်လည်း ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍအပေါ် ထိခိုက်မှုမှာ အပြင်းထန်ဆုံးဖြစ်သည်။ ကပ်ရောဂါကြောင့် ထိခိုက်မှု ဆက်လက်ဖြစ်ပွားနေသည့်အတွက် စီးပွားရေးတိုးတက်မှုအား ၂၀၂၀ - ၂၁ ဘဏ္ဍာနှစ်တွင် ၂ ရာခိုင်နှုန်းတွင်ဆက်ထိန်းထားနိုင်မည်ဟု ခန့်မှန်းသည်။ ပြည်တွင်းကူးစက်မှုများ နှေးကွေးလာပြီး အသွားအလာကန့်သတ်မှုများ ဖြေလျော့လာပါက ၂၀၂၁ ခုနှစ် မတ်လမှစတင်၍ စီးပွားရေး တဖြည်းဖြည်းပြန်လည် နာလန်ထူလာနိုင် ပါလိမ့်မည်။ အစိုးရ ရင်းနှီးမြုပ်နှံမှုများ ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍ ပြန်လည်သက်ဝင်လာမှု နှင့် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ ကုန်ထုတ်စွမ်းအား တိုးမြင့်လာမှုတို့ကြောင့် ကာလလတ်တွင် တိုးတက်မှု အခြေအနေ ကောင်းမွန်လာမည် ဟု မျှော်မှန်းပြီး ပျမ်းမျှအားဖြင့် တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းအထိပြန်လည်ခေါင်းထောင်လာမည်ဟု ခန့်မှန်းသည်။

သို့သော် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ကပ်ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေမှာ သေချာရေရာမှု မရှိသောကြောင့် ထိခိုက်နိုင်ခြေ အန္တရာယ် မြင့်မားနေဆဲဖြစ်သည်။ ကာကွယ်ဆေး သို့မဟုတ် ကုသဆေး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ခြင်း မရှိသေးသောကြောင့် ကပ်ရောဂါ ကူးစက်မှုလှိုင်းသစ်များ ဖြစ်ပေါ်လာပါက ပိုမိုတင်းကျပ်သော ကန့်သတ်ထိန်းချုပ်မှုများ ကာလကြာရှည် လုပ်ဆောင်ရဖွယ်ရှိသဖြင့် လုပ်ငန်းများနှောင့်နှေးခြင်း ၊ အလုပ်အကိုင်တိုးပွားမှုကို အဟန့်အတားဖြစ်စေခြင်း နှင့် စုဆောင်းမှုအပြင် ပညာရေး ၊ ကျန်းမာရေး ဝန်ဆောင်မှုများ လက်လှမ်းမီနိုင်ရေးတို့ကို အတားအဆီးဖြစ်စေနိုင်သည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတော် ဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးကို အထောက်အကူပြုဖို့ နဲ့ ဆင်းရဲမွဲတေမှု မြင့်တက်လာခြင်းကို လျှော့ချဖို့ COVD19 အားတုံ့ပြန်မှုဆိုင်ရာ စီမံချက်တွေကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်သင့်တယ်။ ကာလတိုမှာ အစိုးရက ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို လျှော့ချရေး၊ ဆင်းရဲသူများ နှင့် အားနည်းတဲ့ အုပ်စုများ သက်သာချောင်ချိစေရေး နှင့် အစားအစာ လုံလောက်စွာ ရရှိစေရေး၊ စီးပွားရေးလုပ်ငန်းဆောင်တာများကို ပံ့ပိုးမှုပေးနိုင်ရေးတို့ကို အလေးထား လုပ်ဆောင်သင့်ပါတယ်။ ရေရှည်မှာ ပြည်သူ့အခြေခံအဆောက်အအုံများ နှင့် ဒစ်ဂျစ်တယ် နည်းပညာများမှာ ရင်းနှီးမြုပ်နှံခြင်းဖြင့် ပြည်တွင်းဝယ်လိုအားနှင့် အလုပ်အကိုင်များတိုးပွား လာစေနိုင်သလို စီးပွားရေး ကုန်ထုတ်လုပ်အားကိုလည်း တိုးမြှင့်စေနိုင်ပါတယ် “ ဟုပြောကြားခဲ့သည်။

Local News Read 394 times