ရေသန့်ဘူး သောက်သုံးမှု အများဆုံး နိုင်ငံ ၅၀
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
စင်ကာပူမှာ နေထိုင်ကြသူများသည် အခြားနိုင်ငံများထက် တစ်ဦးချင်းအရ ရေသန့်ဘူး သောက်သုံးမှု ပိုများပြားသည့်အပြင် ရေသန့်ဘူးအတွက် တစ်ဦးချင်းအရ ငွေကြေးအကုန်အကျခံရာတွင်လည်း အခြားနိုင်ငံများထက် ပိုများပြားသည်ဟု မတ်လ ၁၆ ရက်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂ ရေ၊ ပတ်ဝန်းကျင်နှင့် ကျန်းမာရေး အင်စတီကျု United Nations University Institute for Water, Environment and Health မှ တွေးဆပညာရှင်များ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်လွှားရှိ နိုင်ငံအသီးသီးတွင် တစ်ဦးချင်းအရ တစ်နှစ်တာ ရေသန့်ဘူး ရောင်းချသည့်ဝင်ငွေနှင့် ပမာဏများတွင် အများဆုံးသည် စင်ကာပူဖြစ်ပြီး ဩစတေးလျသည် ဒုတိယနေရာတွင် ရှိနေပါသည်။
ရေသန့်ဘူးဟု ဆိုရာ၌ ဘူးသွတ်သောက်ရေ၊ အိတ်သွတ်သောက်ရေ၊ ပုလင်းသွတ်သောက်ရေ စသဖြင့် ထည့်ပြီး ရောင်းချသော ရေများ၊ ရေသန့်စက်ဖြင့် ရောင်းချသောရေများ၊ ရေအိတ်များ အစရှိသည်တို့ အကျုံးဝင်ပါသည်။
အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း စင်ကာပူတွင် တစ်ဦးချင်းအရ ရေသန့်ဘူးများအတွက် ၁,၃၄၈ ကန်ဒေါ်လာ သုံးစွဲခဲ့ပြီး 2021 ခုနှစ်တွင် ရေသန့်ဘူး ၁,၁၂၉ လီတာ သောက်သုံးခဲ့ကြသည်။
ဒုတိယနေရာတွင် ရှိနေသည့် ဩစတေးလျတွင် ၃၈၆ ကန်ဒေါ်လာ သုံးစွဲခဲ့ပြီး ၅၀၄ လီတာ သောက်သုံးခဲ့ကြသည်။
သို့ဖြစ်ရာ ပထမနေရာမှ စင်ကာပူနှင့် ဒုတိယနေရာမှ ဩစတေးလျတို့အကြား အတော်ကွာခြားပသည်ကို တွေ့ရပါသည်။
အစီရင်ခံစာတွင် တစ်ဦးချင်းအရ ရေသန့်ဘူး သောက်သုံးမှု အများဆုံးနှင့် ရေသန့်ဘူးအတွက် ငွေသုံးစွဲမှု အများဆုံး နိုင်ငံ ၅၀ ကို ကောက်နုတ်တင်ပြထားသည်ကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။
ရေသန့်ဘူးများကြောင့် ပတ်ဝန်းကျင်တွင် ပလတ်စတစ် ဘူးခွံ အမှိုက် အများအပြားရှိနေစေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ကမ္ဘာ့ပလတ်စတစ် အမှိုက်အမျိုးမျိုးကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုတွင် ၅.၅% သည် ရေသန့်ဘူးခွံများ ဖြစ်ပါသည်။
ရေသန့်ဘူးအတွက် သုံးစွဲသည့် ဘူးခွံများသည် polyethylene terephthalate (PET) ဖြင့် ပြုလုပ်ထားပါသည်။ ၂၀၂၁ ခုနှစ်တွင် PET ဘူးခွံ တန်ချိန် ၂၅ သန်းေကျာ် စွန့်ပစ်ခဲ့ကြပါသည်။
ယေဘူယျအားဖြင့် ရေသန့်ဘူးခွံများသည် ကုန်ကြမ်းအဖြစ် တစ်ဖန် ပြန်လည်အသုံးပြုရန် လွယ်ကူပါသည်။ သို့ဖြစ်ရာ ရေသန့်ဘူးခွံ သုံးစွဲခြင်းကို အပြစ်တင်နေမည့်အစား တစ်ဖန်ပြန်သုံးသည့် အစီအစဉ်များ အကောင်အထည်ဖော်ရမည်ဟု အကြံပြုထားပါသည်။
ရေသန့်ဘူးအတွက် အကြီးမားဆုံးဈေးကွက်မှာ အမေရိကန်နိုင်ငံ ဖြစ်ပါသည်။ ရေသန့်ဘူး အရောင်းဝင်ငွေ စုစုေပါင်း ကန်ဒေါ်လာ ၆၄ ဘီလီယံ ရှိပါသည်။
ဒုတိယအကြီးမားဆုံးဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်ပြီး ရေသန့်ဘူး အရောင်းဝင်ငွေ စုစုေပါင်း ကန်ဒေါ်လာ ဘီလီယံ ၅၀ ရှိပါသည်။
တတိယနေရာမှ အင်ဒိုနီးရှားနိုင်ငံတွင် ရေသန့်ဘူး အရောင်းဝင်ငွေ စုစုေပါင်း ကန်ဒေါ်လာ ၂၂ ဘီလီယံ ရှိပါသည်။
ရေသန့်ဘူး သောက်သုံးမှု အနည်းအများသည် အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်း၊ ရေသန့်ဘူးဖိုးအတွက် ငွေကြေးတတ်နိုင်ခြင်း၊ အများသုံး ပေးဝေသည့်ရေ အရည်အသွေး မကောင်းခြင်း စသည့်အချက်များအပေါ် မူတည်သည့်အပြင် ထင်မြင်ယူဆချက်များအပေါ်တွင်လည်း မူတည်သည်ဟု အစီရင်ခံစာက ဆိုပါသည်။
အချို့နိုင်ငံများတွင် လူထုအတွက် ပေးဝေသော ရေသည် သောက်သုံးရန် အရည်အသွေး ပြည့်မီပါသော်လည်း လူအများစုက ရေသန့်ဘူးသည် ကျန်းမာရေးအတွက် ပိုကောင်းသည်၊ အရသာ ပိုကောင်းသည်ဟု မှတ်ယူထားကြပြီး ရေသန့်ဘူး ဝယ်သောက်ကြသည် အစီရင်ခံစာက ဆိုပါသည်။
Source United Nations University Institute for Water, Environment and Health