ပြည်တွင်းထုတ်သစ်အစားထိုး Wood Plastic Composite(WPC)များကို ပြည်ပမှ ၀င်ရောက် လာသော WPC များကို ယှဉ်နိုင်စေရန်နှင့် ပြည်ပစျေးကွက်သို့ အများအပြား တင်ပို့ရောင်းချနိုင်စေရန် အရည်အသွေးမြှင့်တင် ထုတ်လုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံပလတ်စတစ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လူနေအိမ်များတွင် သစ်အစားထိုး WPC ပစ္စည်းများကို အသုံးပြုခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ သစ်တောပြုန်းတီးမှုတို့ကို လျော့ပါးစေနိုင်ပြီး WPC ကုန်ပစ္စည်းတစ်တန် ထုတ်လုပ်နိုင်သည့်အခါတိုင်း သစ်တောပြုန်တီးမှုတစ်တန် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်းထုတ် WPC အပြားများ သည် ရေစိုခံနိုင်သည့်အပြင် ပိုးစားခြစားခြင်း၊ ဆွေးမြေ့ပျက်စီးခြင်းမရှိဘဲ နှစ်ပေါင်း ၃၀ နီးပါးအထိ တာရှည်ခံ နိုင်ကြောင်း ယင်းကပြောသည်။
ယခုအခါ ပြည်တွင်းမှ ထုတ်လုပ်သော WPC အပြားများကို ပြည်ပနိုင်ငံများသို့ အများအပြား တင်ပို့လာနိုင် စေရန် စျေးကွက်ရှာဖွေလျက်ရှိကြောင်း၊ ပြည်တွင်း၌ အဆိုပါ WPC အပြားများ ထုတ်လုပ်ရာတွင် အဓိက ကုန်ကြမ်းများဖြစ်သော လွှစာမှုန့် ရ၀ ရာခိုင်နှုန်း၊ polyethylene(PE) နှင့် အခြားပစ္စည်း ၃၀ ရာခိုင်နှုန်းတို့ကို ရောနှောသမကာ ဓာတ်ပြုထုတ်လုပ်ခြင်းဖြစ်ပြီး အလိုရှိသော အတိုင်းအတာများ၊ အရောင်များအတိုင်း ပေ ၃၀ ကျော်အရှည်အထိ ထုတ်လုပ်နိုင်ကြောင်း သိရသည်။
ထို WPC အပြားများ ထုတ်လုပ်သည့်နည်းပညာကို ဂျာမနီနိုင်ငံမှ ရရှိထားခြင်းဖြစ်ပြီး လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ပြည်တွင်းမှ ရရှိကြောင်း၊ ယခုနောက်ပိုင်းတွင် ပြည်တွင်း၌ WPC အပြားများ အသုံးများ လာကာ အိမ်မျက်နှာကျက်များ၊ ရေကူးကန်၊ ရေချိုးခန်းများ ကြမ်းခင်းများ၊ အိမ်ဘေးနံရံအကာများအဖြစ် တပ်ဆင်အသုံးပြုကြကြောင်း သိရသည်။
(မိုးယံထက်)