ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ ၁၄ ရုံပိတ်သိမ်း


26 July, 2018

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ ၁၄ ရုံပိတ်သိမ်းမှုသည် လှိုင်သာယာ စက်မှုဇုန်၌ တရားဥပဒေစိုးမိုးမှုအားနည်းနေခြင်းကြောင့် ပိတ်သိမ်းရခြင်းအတွက် ပါဝင်သည်ဟု ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအတွင်းရေမှူး ဦးကျော်ဇေယျက ဇူလိုင် ၂၆ ရက်၌ပြောဆိုသည်။

ယင်းအပြင် လှိုင်သာယာစက်မှုဇုန်အနေဖြင့် မီးမမှန်ခြင်း ၊ မြေငှားခများဈေးကြီးခြင်းနှင့် ကျူးကျော်များကြောင့် ဘဝလုံခြုံရေးမရှိခြင်းကြောင့် စက်ရုံများရပ်နားခြင်းနှင့် ပြောင်းရွေ့ခြင်း များဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

" မဖွင့်တာက အခြေအနေအကြောင်းကြောင်းကြောင့်ပါ ။ အဘက်ဘက်က စီးပွာရေးတွက်ခြေလည်းမကိုက်ဘူး ။ လှိုင်သာယာစက်မှုဇုန်က တရားဥပဒေစိုးမိုးမှုကလည်း လျော့နည်း သွားတာကြောင့် အဲ့တာမျိုးလေးတွေပါ ။ကျုးကျော်တွေဆိုရင် သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်ရတယ်။ တချို့ကျူးကျော်တွေကလည်း တရားမဝင်စက်သုံးဆီတွေအကြီးအကျယ်ရောင်းတယ်။ အဲ့ဒါတွေကို တာဝန်ရှိတဲ့သူတွေကို သွားပြောတော့လည်း တိုင်တော့လည်း ထိထိရောက်ရောက်အရေးမယူဘူး အဲ့အတွက် ရှိတာပါ " ဟု ဦးကျော်ဇေယျက ပြောဆိုသည်။

ထို့အပြင် ယင်းစက်ရုံများကို အာမခံထားရှိရန်အတွက် အာမခံလုပ်ငန်းများကို ပြောဆိုခဲ့ သော်လည်း စက်ရုံများ၏ ပတ်ဝန်းကျင်တွင် အာမခံထားရှိရန်လက်ခံနိုင်သည့်် အနေအထားများ မရှိသောကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်းလည်းသိရသည်။

" စက်ရုံအဖွဲ့ မီးအာမခံထားချင်တယ် ။ တာဝန်ရှိသူတွေကလာကြည့်တယ် စက်ရုံရဲ့ ပတ်ဝန်းကျင် အခြေအနေက လက်ခံနိုင်ဖွယ်မရှိတာကြောင့် တချို့ဆိုရင် အခက်အခဲ အများကြီးဖြစ်တယ်ပေါ့ ။ တချို့စက်ရုံတွေက ပြောင်းသွားတယ် ပြောင်းတဲ့နေရာမှာ တိုင်းကျော်ပြီး ပြောင်းတာတွေရှိပါတယ် ။ တချို့စက်ရုံက နာမည်ပြောင်းပြီးတော့ ဖွင့်တာလည်း ရှိတယ် ။ တချို့စက်ရုံတွေက ဆက်ပြီးလုပ်ရင်တောင် လက်ရှိလုပ်နေတဲ့ လှိုင်သာယာစက်မှုဇုန်မှာ မလုပ်တော့ပါဘူး ။ အလုပ်သမားတွေအနေနဲ့က စက်ရုံအချို့ပြောင်းတဲ့နေရာလိုက်ပေါ့ မလိုက်ချင်ရင် နစ်နာကြေးခဲ့တာတွေရှိပါတယ် " ၎င်းပြောဆိုသည်။

အလုပ်သမားသမဂ္ဂအဖွဲ့က ယင်းစက်မှုဇုန်များသည် ပိတ်သိမ်းခြင်းမရှိဟု ပြောဆိုနေမှု အပေါ်ကိုလည်း " အလုပ်သမားသမဂ္ဂ နဲ့ အယူအဆလွဲတာက သူတို့ကို စက်ရုံတာဝန်ရှိသူ တွေက တရားဝင်ပိတ်ပါပြီလို့မပြောထားသေးတဲ့အတွက်ကြောင့် သူတို့နဲ့က အယူအဆလွဲနေတာပါ " ဟု ၎င်းပြောဆိုသည်။

ပိတ်သိမ်းလိုက်သော စက်ရုံ ၁၄ ရုံမှာ မိကျောင်းပီနံအိတ်(ပီနံအိတ်) ၊ ပုလဲအထည်ချုပ်(အထည်ချုပ်) ၊ ဝါးဟားဟား (ရေခဲမုန့်) ၊ မြတ်ပန်းမွေး (သနပ်ခါး) ၊ ရေခဲတောင် (အအေးခန်း) ၊ ChamZon (အထည်ချုပ်) ၊ Success Time (ဖိနပ်) ၊ Beauty Place (လူသုံးကုန်) ၊ Kuwahara (အထည်စက်) ၊ TMP (ငါးဖမ်းပိုက်) ၊ မြို့မဆင်ဖြူတော် (ပဲသန့်စင်) ၊ United Knitting Myanmar Co,Ltd (ခြေအိတ်) ၊ Popular (အထည်ချုပ်) နှင့် North Shore Group Co ,Ltd (အထည်ချုပ်) ဖြစ်သည်။

Myanmar Times

Local News Read 1087 times