ရန်ကုန်မြို့သစ်အတွက် ၂၄ နာရီ လျှပ်စစ်မီးပေးနိုင်သူကို ဈေးကွက်ပေး


18 February, 2019

ရန်ကုန်မြို့သစ်အတွက် ဗို့အားတည်ငြိမ်ပြီး ၂၄ နာရီ လျှပ်စစ်မီးပေးနိုင်မည့် ကုမ္ပဏီကို ဈေးကွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်၏  ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေက ပြောပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်း၏ အပြီးသတ်အဆင့် Master Plan ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ ညပိုင်း၌ ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 မကြာမီနှစ်များတွင် ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ထုတ်လုပ်နိုင်မည့် လျှပ်စစ်ဓာတ်အားမှ ယင်းဒေသများတွင်အသုံးပြုပြီး ပိုလျံသည့် ဓာတ်အားကို ရန်ကုန်တိုင်းဒေသကြီးအတွက်ပါ သုံးစွဲသွားရန် စီစဉ်ထားကြောင်း ရန်ကုန်ုတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ လက်ရှိ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သူများမှ အစိုးရအနေဖြင့် ဝယ်ယူနေရပြီး ပြည်သူများရောင်းချရာတွင် ဈေးလျော့ရောင်းချနေရသည့်အတွက် အစိုးရအနေဖြင့် ကျပ် (၄၀၀) ဘီလီယံခန့် ဆုံးရှုံးမှုများရှိနေသည်ဟု သိရပါတယ်။

ယင်းသို့ အစိုးရမှ တာဝန်ယူပေးနေရသည့် လျှပ်စစ်ဓာတ်အားပေးအခြေအနေမျိုးမရှိစေရန် ရန်ကုန်မြို့သစ်၏ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများအား အစိုးရမှ တာဝန်ခံဝယ်ယူပေးသည့်စနစ်မျိုး မဟုတ်ပဲ တည်ငြိမ်သည့် လျှပ်စစ်ဓါတ်အားကို (၂၄)နာရီထုတ်ပေးနိုင်မည့် ကုမ္ပဏီအား ဈေးကွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေက ဆိုပါတယ်။

အဆိုပါရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီအနေဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးမည့် ဈေးနှုန်းကို ဒေသတွင်း အာဆီယံနိုင်ငံများထက် မကြီးသောနှုန်းထားကို စိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။ လျှပ်စစ်ကုမ္ပဏီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုအတွက် သာမက တွေ့ကြုံတွေလာရမည့် စိန်ခေါ်မှုများလည်း ရင်ဆိုင်နိုင်ရမည်ဖြစ်ပါတယ်။

“ရင်းနှီးမြှုပ်နှံမှုအတွက် မှန်ကန်တဲ့၊ သင့်တော်တဲ့ Return ရဖို့ ကျွန်တော်တို့သတ်မှတ်တာက (၁၃) ရာခိုင်နှုန်း တစ်နေ့ရဲ့ အဲဒီ Return ရဖို့ ဘယ်နှစ်နှစ်လိုလဲ။ ၁၅ နှစ်လိုလား အနှစ် ၂၀ လိုလား ခင်ဗျားတွက်ပြ သင့်တော်ရင် ကျွန်တော်တို့က ၁၅ နှစ်ပေးမယ် မလောက်ရင် အနှစ် ၂၀ ပေးမယ်။ ဒါပေမယ့်အစိုးရအနေနဲ့ မီးရချင်တယ် ပိုက်ဆံလည်းမထုတ်ဘူး မီးဝယ်တဲ့တာဝန်လည်းမယူဘူး။ အဲဒီလိုအောင်မြင်သွားလို့ရှိရင် ခုနဝန်ကြီးချုပ်ပြောတဲ့ မီးသည် ရန်ကုန်မြို့သစ်ကို ထမ်းဖို့မလိုတော့ဘူး” ဟု ဦးသိမ်းဝေက ဆိုပါတယ်။

လက်ရှိအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ လုပ်ငန်းသုံးလျှပ်စစ်ဓာတ်အားခအနေဖြင့် (တစ်ဒေါ်လာ ၁၅၀၀ ကျပ်ဖြင့်တွက်ပါက) တစ်ကီလိုဝပ်လျှင် (၄၂) ကျပ် ကျသင့်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝက်ဘ်ဆိုက်ဒ်ဖြစ်သည့် www.cambodiainvestment.gov မှ သိရပါတယ်။ ၂၀၁၈ ခုနှစ်တွင် စစ်တမ်းကောက်ယူထားသော Cost Of Doing Business In Myanmar ၌ လုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခမှာ တစ်ယူနစ် (၇၅) ကျပ် ရှိနေသည်ကို တွေ့ရပါတယ်။

BE NEWS

Local News Read 1753 times