မင်္ဂလာဒုံလေဆိပ် ခရီးသည်များ ကြန့်ကြာမှု ဖြစ်ပေါ်ခဲ့


29 July, 2018

ခရီးသည် စံချိန်တင်များပြားသဖြင့် ရန်ကုန်လေဆိပ် Terminal 1 ၌ ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရပြီး အမြန်ဆုံးဖြေရှင်းမည်ဟု တာဝန်ရှိသူများ သတင်းထုတ်ပြန်ခဲ့သည်ကို နိုင်ငံပိုင် သတင်းစားတွင် ဖော်ပြထားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သည် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အစည်ကားဆုံးလေဆိပ်ဖြစ်ပြီး ယနေ့ (ဇူလိုင် ၂၇ ရက်)သည် ဝါဆိုလပြည့်နေ့ လည်းဖြစ်ပြီး ခရီးသွားလာသူများ လည်း စံချိန်တင်များပြားသောကြောင့် ခရီးသည် ထူထပ်များပြားသဖြင့် စောင့်ဆိုင်းရသည်များ၊ ကြန့်ကြာမှုများ ကြုံတွေ့ခဲ့ရသည့်အတွက် စိတ်မကောင်း ဖြစ်ရပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဝင်၊ ထွက်ကြသော များပြားလာသည့် ခရီးသည်များအား ပိုမိုဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း Yangon Aerodromeကုမ္ပဏီက ယနေ့သတင်းထုတ်ပြန် ထားသည်။

စောင့်ဆိုင်းရမှုများရှိ

ယနေ့နံနက်တွင် လေဆိပ် Terminal 1 ၌ ခရီးသည်များ ထူထပ် များပြားရခြင်းမှာ ယခင်Terminal 2 မှ လေကြောင်းလိုင်း ၁၁ လိုင်းသည် ယနေ့တွင်Terminal 1 သို့ စတင် ပြောင်းရွှေ့ပျံသန်းမှုပြုခဲ့ပြီး နေ့ထူး နေ့မြတ်ဖြစ်သည့်အတွက် ခရီးသွားလာ သူများစွာ ရှိခဲ့ခြင်းကြောင့် ယနေ့နံနက် တွင် ခရီးသည်များ ထူထပ်များပြားခြင်း၊ စောင့်ဆိုင်းရမှုများရှိခြင်းတို့ ဖြစ်ပေါ် ခဲ့သည်ဟု သိရသည်။

အသစ်ဖွင့်ထားပေး

‘’ထွက်ခွာခရီးသည်တွေ Terminal 1ကို သွားဖို့ဆိုရင် ဂိတ်အမှတ် ၃ကနေ လုံခြုံရေးစစ်ဆေးမှု ဖြတ်သန်း ပြီး ဝင်ပေါက်လမ်းကြောင်း နှစ်ကြောင်း နဲ့ Check-in Counter အမှတ်အေ နဲ့ ဘီကို သွားနိုင်ပါတယ်။ ဂိတ်အမှတ် ၄ ကနေ ဝင်မယ်ဆိုရင် စီနဲ့ အက်ဖ် ကောင်တာတွေကို သွားနိုင်ပါတယ်။Terminal 1 က ခရီးသည်တွေ ဆိုက်ရောက်နေရာကို သွားမယ်ဆိုရင် ဂိတ်အမှတ် ၇ မှာ ခရီးသည်တွေကို လာရောက်ကြိုဆိုတဲ့ မိသားစုတွေနဲ့ လွယ်လွယ်ကူကူ ဝင်ရောက်နိုင်ဖို့ ဝင်ပေါက် လမ်းကြောင်းကိုလည်း အသစ်ဖွင့်ထားပေးတယ်။ အခုအခါမှာ ခရီးသည်တွေ အဆင်ပြေစေဖို့ လုံခြုံရေး စစ်ဆေးမှု Screening ဖြတ်ဖို့ လမ်းကြောင်းလေးခုကို ထပ်မံတိုးချဲ့ ပေးထားတာဖြစ်ပါတယ်။ လတ်တလော ခရီးသည်တွေ ကြန့်ကြာတဲ့ အခက်အခဲ တွေ ကြုံရတဲ့အတွက် အဆင်မပြေတာ တွေကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ အနူးအညွတ်လည်း တောင်းပန်အပ်ပါတယ်’’ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သတင်းထုတ်ပြန်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၏Terminal 2ကိုမူ အဆင့်မြှင့်တင် ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိတ်ထားမည်ဖြစ်ပြီးTerminal 1 တွင် ယခုထက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးအပ်ရန် စီစဉ် လျက်ရှိကြောင်းYangon Aero-dromeကုမ္ပဏီမှ သတင်းထုတ်ပြန် ထားသည်။

ယခင်က လေဆိပ်အဆောက်အဦအတွင်းသို့ ဝင်ရာ၌ လုံခြုံရေး စစ်ဆေးမှု မတင်းကျပ်ခဲ့သော်လည်း ဦးကိုနီ အသတ်ခံရပြီးသည့်နောက်တွင် ဝင်ပေါက်များ၌ X-ray စက်ဖြင့် စစ်ဆေးခြင်းကိုပါ ဆောင်ရွက်ခဲ့သည်။ ထို့အတွက် စက်များ ရွှေ့ပြောင်းရာ၌ အချိန်မီ မပြီးစီးနိုင်သောကြောင့် ယခုလို ကြန့်ကြာမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Terminal-2 အား ဇူလိုင် ၂၇ ရက်တွင် အကြီးစား ပြုပြင်မွမ်းမံရန်အတွက် အဆိုပါ Terminal-2 မှ လေဆိပ်ကောင်တာများ၊ လေဆိပ်ရှိ လုံခြုံရေးဆိုင်ရာ စက်ပစ္စည်းများ၊ X-ray စက်များကို ဇူလိုင် ၂၆ ရက် လေကြောင်းလိုင်းခရီးစဉ်များပြီးဆုံးသည့် ညအချိန်၁၂ နာရီနောက်ပိုင်းမှ ရွှေ့ပြောင်းရသဖြင့် ဇူလိုင် ၂၇ ရက် မနက်ပိုင်းတွင် စက်ပစ္စည်းများ၊ X-ray စက်များ ပြောင်းရွှေ့

တပ်ဆင်မှုမပြီးစီးသည့် အခက်အခဲများကြောင့် ခရီးသည်များအား စစ်ဆေးရာတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ လုံခြုံရေးဆိုင်ရာ စက်ပစ္စည်းများ၊ X-ray စက်များ တပ်ဆင်ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များနှင့် ခရီးသည်များ အဆင်ပြေချောမွေ့စွာ သွားလာလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်လေဆိပ်သည် အ ပြည်ပြည်ဆိုင်ရာလေကြောင်း လိုင်း ၂၈ ခုကို ဝန်ဆောင်မှု ပေးနေပြီး ၂၀၁၇ အတွင်း ခရီးသည် ၅ဒသမ ၉၂ သန်းကို ဝန်ဆောင်မှုပေးခဲ့သည်။ ရန်ကုန်လေဆိပ်သည် တစ်နှစ်လျှင် ခရီးသည်သန်း ၂၀ ကို ဝန်ဆောင်မှုပေးရန် မျှော်လင့် ထားသည်။

Local News Read 677 times