ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၃ ခု ခွင့်ပြု


27 November, 2017

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက မတည်ရင်းနှီးငွေ အမေရိကန် ဒေါ်လာ ငါးသန်း သို့မဟုတ် ကျပ်သန်း ၆၀၀၀ အထိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကို ခွင့်ပြုမိန့် လွှဲပြောင်းပေးပြီးနောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၃ ခုကို ခွင့်ပြုပေးခဲ့ကြောင်း သိရပါသည်။

ယခုနှစ် သြဂုတ်လမှ နိုဝင်ဘာလ ၈ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက အမေရိကန် ဒေါ်လာ ၁၈ သန်းကျော်ရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၃ ခုကိုခွင့်ပြုပေးနိုင်ခဲ့ကြောင်း အဆိုပါ ကော်မတီ၏ စာရင်းများအရ သိရပါသည်။

အဆိုပါလုပ်ငန်းများမှာ စင်ကာပူ၊ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယားနှင့် ဟောင်ကောင်တို့မှ လာရောက် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး စက်မှုလုပ်ငန်းများနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်ကာအလုပ်အကိုင် အခွင့်အလမ်းပေါင်း ငါးထောင်ကျော်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရပါသည်။

ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များကို လုပ်ကိုင်ပိုင်ခွင့်ပြုပြီး နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအချို့မှာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) သို့ တိုက်ရိုက် လျှောက်ထားရန် မလိုတော့ကြောင်း DICA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။

ယခုု ဖွဲ့စည်းလိုက်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ခွင့်ပြုပေးနိုင်ရန် လုပ်ဆောင်ထားခြင်းဖြစ်ကြောင်းသိရပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများကို ယခုနှစ် စက်တင်ဘာလက စတင်ဖွဲ့စည်းပြီး ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုများကိုစိစစ်ဆောင်ရွက်လျက်ရှိသည်။

Source:the voice Myanmar

Investment/Divestment Read 764 times