မရိုးနိင်သည့် ရန်ကုန်မြို့ကားကြပ်သည့်ပြဿနာနှင့် ပြည်သူတို့၏ ရင်တွင်းဖြစ် ငြီးတွားဖွင့်ဟသံတစ်ချို့


26 July, 2018

တစ်နေ့လျှင် ရှစ်နာရီမျှသာ လုပ်ငန်းခွင်ဝင်ရသည့် ၎င်းအနေ ဖြင့် ယာဉ်ကြောကျပ်တည်းမှု ကြောင့် ဘတ်စ်ကားပေါ်၌ ကုန်ဆုံးရသည့်အချိန်သည် အလုပ်ချိန်၏ ထက်ဝက်ကျော်ပင် ရှိနေပါသည်။

ထိုသို့ လုပ်ငန်းခွင်သို့ သွား ရောက်ရန် အချိန်ကြာမြင့်စွာပေးဆပ်ရသော်လည်း အလုပ်ချိန် နောက်ကျ၍ လစဉ်နီးပါး လစာ ဖြတ်တောက်ခံရခြင်းများမှာလည်း ပြည်သူများအတွက် မဆန်းတော့ပေ။

‘‘တစ်နှစ်လုံးမှာမှ လစာအ ပြည့်ရတဲ့လဆိုတာ ရှားတယ်။ အလုပ်ချိန် အချိန်မီအောင်ကြိုစား တာပဲလေ။ လမ်းတွေက ဒီ လောက်ပိတ်တာ ဘယ်တတ်နိုင် မလဲ’’ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ မသဲစုက ညည်းတွားသည်။

ထိုသို့ ကိုယ်ပိုင်အချိန်များကို လမ်းမပေါ်ထက်၌ အချိန်ကြာမြင့် စွာ ပေးဆပ်နေရသည်မှာ မသဲစု တစ်ယောက်တည်းမဟုတ်ဘဲ လူဦးရေ ငါးသန်းကျော်ရှိသော ရန်ကုန်မြို့တွင်း သွားလာသူအ များစု နေ့စဉ်ကြုံတွေ့နေရသည့် မရိုးနိုင်သော ပြဿနာပင်ဖြစ် သည်။

ပို့ဆောင်ရေးဆိုင်ရာ စစ် တမ်းတစ်ခုအဆိုအရ ရန်ကုန်မြို့ ရှိ ခရီးသွား ၃၀ ရာခိုင်နှုန်းသည် တစ်ရက်လျှင် သုံးနာရီကျော်၊ တစ်နှစ်လျှင် ၄၅ ရက်ခန့် လမ်းမပေါ် တွင် အချိန်ကုန်နေကြောင်း ဆိုသည်။

ထိုသို့ ယာဉ်ကြောကျပ် တည်းမှုပြဿနာသည် ယခင်အစိုး ရလက်ထက် ၂၀၁၁ အလွန်က မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒပြောင်းလဲပြီးနောက်ပိုင်းရန်ကုန်တွင် ကားအစီးရေ များလာခြင်းနှင့်အတူ ပိုမိုဆိုးရွားလာခြင်း ဖြစ်သည်။

ယင်းပြဿနာကို အစိုးရ ဟောင်းအနေဖြင့် ဖြေရှင်းရန်ကြိုး စားသော်လည်း သက်တမ်းကုန်ဆုံးချိန်အထိ ဖြေရှင်းနိုင်ခြင်းမရှိဘဲ ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့မည်ဟူသည့် ကြွေး ကြော်လာသည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရသစ်ကို လွှဲ ပြောင်းပေးခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး၌ ယာဉ်အစီးရေ ငါးသိန်းကျော်ရှိပြီး ယခင် အစိုးရ လက်ထက် (၂၀၁၄)ကထက်အစီးရေ တစ်သိန်းခန့်တိုးမြှင့်လာ သဖြင့် ယာဉ်ကြောကျပ်တည်းမှု ကို ဖြေရှင်းရန် ပို၍ အခက်တွေ့ စေခဲ့သည်။

လက်ရှိ မော်တော်ယာဉ်အစီးရေ ငါးသိန်းတွင် အငှားယာဉ်စီး ရေ ၃၈,၀၀၀ ခန့်နှင့် ဘတ်စ်ကား အစီးရေ ၄,၀၀၀ ခန့် ပါဝင်သည်။

ကျန်ယာဉ်များသည် လုပ်ငန်းသုံးနှင့် ကိုယ်ပိုင်အိမ်စီးယာဉ်များဖြစ် သည်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရသည် ယာဉ် ကြောကျပ်တည်းမှု လျော့ကျစေ ရန်ဆိုကာ ဆယ်စုနှစ်ပေါင်း များစွာ ပြေးဆွဲခဲ့သော မထသကို ဖျက်သိမ်းပြီး ဝိုင်ဘီအက်စ်ဘတ်စ် ကားစနစ်ကို ၂၀၁၇ ဇန်နဝါရီ ၁၆ ရက်က စတင်ပြောင်းလဲကျင့်သုံးခဲ့သည်။

ထို့အပြင် ယာဉ်ကြောကျပ် တည်းမှုကို ဗဟိုထိန်းချုပ်ရေးစင် တာက စောင့်ကြည့်ဖြေလျှော့ပေး နိုင်မည့်စနစ် တပ်ဆင်ခြင်း၊ လမ်း သားမြေနေရာချဲ့၍ လူသွားစင်္ကြန်များ ဖြတ်တောက်ခြင်း၊ မြစ် ကြောင်းများမှ သယ်ယူပို့ဆောင် ရေးစနစ်အသစ် Water Busပြေးဆွဲခြင်း၊ ကျောင်းကားစနစ်အ သစ် စမ်းသပ်ကျင့်သုံးခြင်း စသည့် နည်းလမ်းများကို အသုံးပြု၍ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းခဲ့သည်။

သို့သော် အစိုးရသက်တမ်း သုံးနှစ်အတွင်း ရောက်ရှိလာချိန် အထိ နေ့စဉ်ခရီးသွားဦးရေ နှစ် သန်းကျော်၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ စီးပွားရေးမြို့ တော် ရန်ကုန်အတွက် ကြီးမား သော စိန်ခေါ်မှုဖြစ်နေဆဲပင်။

‘‘အရင်အစိုးရလက်ထက်က ရေတိုနည်းအနေနဲ့ ခုံးကျော်တံ တားတွေဆောက်ပြီး ဖြေရှင်းခဲ့ တယ်။ အလုပ်မဖြစ်ခဲ့ဘူး။ ဒီအစိုး ရလက်ထက်မှာလည်း နည်းမျိုးစုံ နဲ့ ဖြေရှင်းဖို့ ကြိုးစားနေတာတွေ တွေ့ရတယ်။ ဒါပေမဲ့ ဒီနေ့အချိန် အထိ အားရကျေနပ်လောက်စရာ မတွေ့ရသေးဘူး’’ဟု မြို့ပြသယ် ယူပို့ဆောင်ရေးဆိုင်ရာ လေ့လာ သူဦးသိန်းနိုင်က ပြောသည်။

ရန်ကုန်မြို့တွင် နေ့စဉ် ခရီး သွားဦးရေ ၂ ဒသမ ၅ သန်း ကျော် ရှိပြီး ခရီးသွားနှစ်သန်းကျော်အ နေဖြင့် ဘတ်စ်ကားကို အဓိက စီးနင်းအသုံးပြုနေကြောင်း ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA) ၏စစ်တမ်းများက ဆိုသည်။

နိုင်ငံတကာတွင် မြို့ပြယာဉ် ကြောကျပ်တည်းမှုပြဿနာကို ဖြေလျှော့ရန် ရထားပို့ဆောင်ရေး စနစ်ကို ပိုမိုအလေးထားဆောင် ရွက်သော်လည်း ရန်ကုန်မြို့၌ မြို့ပတ်ရထားစီးခရီးသည်ဦးရေ နေ့စဉ်ကိုးသောင်းသာရှိ၍ ဘတ်စ်ကား စနစ်သည် အများပြည် သူသယ်ယူပို့ဆောင်ရေး၏ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားသည်။ မြို့တွင်း နေ့စဉ် သွားလာသူများ၏ ၈၀ ရာခိုင်နှုန်း ကျော်သည် ဘတ်စ်ကားကို အသုံးပြုနေသည်။

ထို့ကြောင့် လက်ရှိအချိန် တွင် မြန်မာ့မီးရထားအနေဖြင့် မြို့ပတ်ရထားလမ်းပိုင်းများကို အကြီးစားအဆင့်မြှင့်တင်နေပြီး ယင်းစီမံကိန်းပြီးစီးပါက ရထားစီးခရီးသည်ဦးရေ ပိုမိုတိုးမြင့်လာစေရန် ရည်ရွယ်ထားသည်။

သို့သော် စီမံကိန်းသည် ၂၀၂၀ အလွန်မှသာ ပြီးစီးနိုင်မည်ဖြစ်ပြီးရထားစီးခရီးသည်ဦးရေ သုံးသိန်းအထိ ရှိလာနိုင်၍ လက်ရှိရထားစီးခရီးသည် ဦးရေထက် ပိုများလာမည်ဖြစ် သော်လည်း ဘတ်စ်ကားများထမ်းနေရသော ဝန်ထုပ်ဝန်ပိုးများစွာ မလျော့ကျနိုင်သေးပေ။

ထို့ကြောင့် ယာဉ်ကြောကျပ် တည်းမှုကို ဖြေရှင်းနိုင်မည့်နည်း လမ်းကောင်းများကို ထပ်မံရှာဖွေ ပြုပြင်ရန် လိုအပ်နေသည်ဟု ဦးသိန်းနိုင်က အကြံပြုသည်။

‘‘ရေတို၊ ရေရှည်အစီအမံ တွေကို ချမှတ်ပြီး လုပ်ဖို့လိုတယ်။ တစ်ခုပြီးမှ တစ်ခုလုပ်နေမယ်ဆို ရင် ဘယ်လိုမှ အဆင်မပြေနိုင် ဘူး’’ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရလက်ထက်တွင် ယာဉ်ကြော ကျပ်တည်းမှုနှင့် ခရီးသွားလာမှု အဆင်ပြေရန် အဓိကပြောင်းလဲ မှုပြုလုပ်သည့် ပြုပြင်ပြောင်းလဲ မှုသည် ရန်ကုန်ဘတ်စ်ကား အများပိုင်စနစ်(YBS) ပြေးဆွဲခြင်း ဖြစ်သည်။

ဝိုင်ဘီအက်စ်ဘတ်စ်ကား စနစ် ပြောင်းလဲမှုကြောင့် သွားလာရာတွင် ယခင်ထက် သက်သောင့်သက်သာရှိပြီး ပိုအဆင့်မြင့်လာသော်လည်း ယာဉ်ကြောကျပ်တည်းမှု နှင့် ဘတ်စ်ကားပေါ်၌အချိန်ကုန်ဆုံးရမှုသည် သိသာစွာတိုးတက် ပြောင်းလဲမှုမရှိကြောင်း ခရီးသွား များက ဆိုသည်။

ထိုသို့ ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုနှင့်ပတ်သက် ၍ အစိုးရ၏ ဖြေရှင်းဆောင်ရွက်မှု များအပေါ် မြို့နယ်ပေါင်းစုံက ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းအချို့အပါအဝင်ပြည်သူ ၁၀၀ ဦးကို 7Day Daily သတင်းစာက ကျပန်းမေးမြန်းရာ ၈၅ ဦးက ယခင်ဘတ်စ်ကားစနစ်ထက်သွားလာရအဆင်ပြေလာသည်ဟုဆိုသည်။

သို့သော် ကွာခြားမှုမရှိဟုဆိုသူ ၁၀ ဦးရှိပြီး ပိုဆိုးသွားသည်ဟုဖြေသူ သုံးဦးရှိကာ မည်သည့်အချက်မျှ ဖြေကြား ခြင်းမရှိသူ နှစ်ဦးရှိသည်။

ရန်ကုန်မြို့တွင်း ဘတ်စ်ကားပေါ်နှင့် မှတ်တိုင်များ၌ ဘတ်စ် ကားစောင့်ဆိုင်းနေသည့် ခရီး သည်များထဲမှ ၁၀၀ ဦးကို ကျပန်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဝိုင်ဘီအက်စ်စနစ် စတင်ပြီး နောက် ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှုအခြေအနေနှင့်ပတ် သက်၍ မေးမြန်းမှုအပေါ် ဖြေဆို သူ ၆၆ ဦးက ယခင်ကနှင့် ကွာ ခြားမှုမရှိဟု ဆိုသည်။

စစ်တမ်းဖြေဆိုသူ ၂၃ ဦးက ယခင်ထက် ယာဉ်ကြောကျပ် တည်းမှု လျော့ကျသွားသည်ဟု ထင်ကြောင်းဆိုပြီး ၁၁ ဦးက ယခင်ကထက် ပိုဆိုးသည်ဟု ဖြေဆိုသည်။

‘‘ဘတ်စ်ကားတွေ ကောင်းလာရုံနဲ့တော့ ရပ်နေလို့မရဘူး။ System တွေကို နောက်ကလိုက် မဖြည့်နိုင်ဘဲနဲ့ကတော့ ကိုယ်ပိုင် ကားစီးသူတွေ ဘတ်စ်ကားစီးလာ အောင် မဆွဲဆောင်နိုင်ဘူး။ ကိုယ်ပိုင်ကား အသုံးပြုမှုတွေများနေ သမျှတော့ ယာဉ်ကြောကျပ်တည်း မှုက ရှိနေဦးမှာပဲ’’ဟု ဦးသိန်းနိုင် က ပြောသည်။

လက်ရှိရန်ကုန်တိုင်းဒေသ ကြီးအစိုးရက ယာဉ်ကြောကျပ်တည်းမှု လျော့ကျအောင် ဖြေရှင်း ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိအပေါ် ဆက်လက်မေးမြန်းရာ ၆၇ ဦးကအနည်းငယ်သာ ဖြေလျှော့နိုင်ခဲ့ သည်ထင်ကြောင်း ဖြေကြားပြီး ဖြေလျှော့နိုင်ခြင်းမရှိသေးဟု ၃၁ ဦးက ဖြေကြားသည်။

ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့နိုင်ခဲ့သည်ဟု ဖြေကြားသူ နှစ်ဦးသာရှိခဲ့သည်။

ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့မည်ဟု ပြောကြားခဲ့ သော ရန်ကုန်တိုင်းဒေသကြီးအစိုး ရ၏ ကတိပြုစကားအပေါ် ယုံကြည်နေသည်ဟုဖြေဆိုသူ ၂၃ ဦး ရှိသလို ယုံကြည်မှုမရှိတော့ကြောင်း ခုနစ်ဦးက ဖြေကြားသည်။ ကတိစကားအတိုင်းဆောင်ရွက်ရန် မျှော်လင့်နေသေးသည်ဟု ဖြေဆိုသူ ၇၀ ဦးရှိသည်။

ယာဉ်ကြောပိတ်ဆို့မှုဖြစ် ပွားစေသည့် အဓိကအကြောင်း ရင်းများမှာ လမ်းများမကောင်း ခြင်း၊ ယာဉ်နှင့် လမ်းအသုံးပြုသူ များ စည်းကမ်းမဲ့ခြင်းနှင့် အခြား ပြဿနာများကြောင့်ဟု ၅၂ ဦးက မှတ်ချက်ပြုသည်။ ဖြေရှင်းဆောင်ရွက်ရန် အချိန်လိုနေသေးခြင်း ကြောင့်ဟု ၄၁ ဦး က မှတ်ချက်ပြုပြီး အစိုးရ၏ စီမံဆောင်ရွက်မှု အားနည်းချက်ကြောင့်ဟု ဖြေဆို သူငါးဦးရှိသည်။

ရန်ကင်းမြို့နယ်တွင် နေထိုင်သည့် စစ်တမ်းဖြေဆိုသူတစ်ဦးက ယာဉ်ပေါ်တွင်ကုန်ဆုံးချိန် များသဖြင့် ကိုယ်ပိုင်အနားယူချိန် လျော့နည်းစေသည်ဟု ပြောသည်။

‘‘လမ်းတွေ တိုးချဲ့သင့် တယ်။ လမ်းစည်းကမ်းကိုလည်း တင်းကျပ်သင့်တယ်’’ဟု ၎င်းက အကြံပြုသည်။

ထို့အပြင် လမ်းမတော်မြို့ နယ်မှ ကမာရွတ်မြို့နယ်သို့ သွား ရောက်အလုပ်ဆင်းရသူ အမျိုးသားတစ်ဦးက ယာဉ်ကြောကျပ် တည်းမှုကြောင့် ချိန်းထားသည့် နေရာများသို့ အချိန်မီရောက်ရှိရန် မလွယ်သည့်အတွက် လုပ်ငန်းခွင်နှင့် လူမှုရေးကိစ္စများအပေါ် ထိခိုက်နစ်နာမှုရှိစေသည်ဟု မှတ် ချက်ပြုသည်။

‘‘စည်းကမ်းချိုးဖောက်တဲ့သူကို တိကျတဲ့ ဥပဒေနဲ့ ထိရောက်တဲ့ အရေးယူမှုလုပ်ဖို့လိုတယ်။ ဥပဒေကို လူတိုင်းသိထားပြီး ခိုင်မာရမယ်။ အရေးယူမှုကလည်း တန်းတူညီမျှဖြစ်ရမယ်’’ ဟု ၎င်းက ဆိုသည်။

‘‘ကိုယ်ပိုင်ယာဉ်အသုံးပြုမှု လျှော့ချပြီး အများသုံးယာဉ်တွေကို ပိုအသုံးပြုသင့်တယ်’’ဟု စစ်တမ်းဖြေဆိုသူတစ်ဦးက မှတ်ချက်ပြုသည်။

7Day က မေးမြန်းခဲ့သူ ၁၀၀ ဦးထဲမှ တစ်ဦးဖြစ်သော YBS (၃၅) ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ‘‘စည်းကမ်းမဲ့မောင်းတဲ့ YBS ယာဉ်မောင်းတွေနဲ့ တက္ကစီသမားတွေကို ထိထိရောက်ရောက်အရေးယူမယ်ဆိုရင် လမ်းပိတ်တာထိုက်သင့်သလောက် လျော့သွားမယ်။ ဒီလူတွေ ပပျောက်သွားရင် ရန်ကုန်ရဲ့လမ်းကျပ်တဲ့ အခက်အခဲက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ်’’ဟု မှတ်ချက်ပြုသည်။

ဝိုင်ဘီအက်စ်စနစ် ပြောင်းလဲခဲ့ပြီးနောက် ရန်ကုန်မြို့တွင်း ကားအသွားအလာ ယခင်ကထက် အနည်းငယ်ပိုအဆင်ပြေ လာပြီး မြို့ပြင်လမ်းမများ၌မူ ကားလမ်းပိတ်ဆို့မှုများ လျော့ပါးခြင်းမရှိဟု အငှားယာဉ်မောင်း ဦးအောင် လွင်က ပြောသည်။

‘‘ဝိုင်ဘီအက်စ်စနစ်စစချင်းအချိန်ကလောက် ကားတွေမှတ်တိုင်မှာ စနစ်တကျမရပ်တော့ဘူး။ အရင်မထသတုန်းကလို လုပ်ချင်သလိုလုပ်လာတာလေးတွေ တွေ့နေရတယ်။ စည်းကမ်းပိုင်းတွေကို တင်းတင်းကျပ်ကျပ်လာမယ် ဆိုရင်အတိုင်းအတာတစ်ခု လောက်အထိ ပြေလည်နိုင်မယ်’’ ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ယာဉ်ကြောကျပ်တည်းမှု ပြဿနာကို ဖြစ်နိုင်သည့် နည်းဖြင့် ဖြေလျှော့ရန် အလေးထားဆောင်ရွက်နေပြီး ယင်းပြဿနာသည် ချက်ချင်းဖြေရှင်း နိုင်သည့်ကိစ္စမဟုတ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

‘‘အကောင်းဆုံးနည်းလမ်း တွေနဲ့ ချိတ်ဆက်လုပ်နေတယ်။ ဆက်ပြီးလုပ်စရာတွေလည်းရှိ သေးတယ်’’ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက လက်ရှိကြုံတွေ့နေရသည့် ပြဿနာများကို ဖြေလျှော့နိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းကာ မြို့ရှောင်မိုးပျံကားလမ်း တည်ဆောက်မည့်စီမံကိန်းစတင်ရန် ပြင်ဆင်နေပြီး မိုးပျံရထားလမ်း နှစ်လမ်းကို ဆောက်လုပ်ရန် အကြိုလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

သို့သော် ယင်းစီမံကိန်းများသည် နှစ်ရှည်စီမံချက်များဖြစ်သဖြင့် ရေတို အကျိုးခံစားခွင့်ရရှိနိုင်မည်မဟုတ်ပေ။

ထို့ကြောင့်တိုင်းဒေသကြီး အစိုးရ၏ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းနေခြင်းအပေါ် အသိအမှတ်ပြုသော်လည်း လုပ်ကိုင်မှုစနစ်များတွင် အားနည်းချက်များ ရှိနေသည်ဟု မြို့ပြဆိုင်ရာကျွမ်းကျင် ပညာရှင်အချို့က မှတ်ချက်ပြု သည်။

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေ ရှင်းနေသည့် တိုင်းဒေသကြီး အစိုးရ၏ လှုပ်ရှားမှုများသည် မြန်ဆန်မှုမရှိခြင်း၊ လုပ်ငန်းစဉ်တစ်ခုနှင့် တစ်ခု ချိတ်ဆက်ပြင်ဆင်မှုအပိုင်းများ အားနည်းနေခြင်းများက ရည်ရွယ်ချက် အောင်မြင်ရန် ခက်ခဲစေသည်ဟု မြို့ပြဆိုင်ရာ ကျွမ်း ကျင်ပညာရှင် ဦးမြင့်ဆွေ (ကလောင်အမည် မြင့်မိုရ်ဆွေ)က ထောက်ပြသည်။

‘‘တချို့ကိစ္စတွေက ကောက် ရိုးမီးလိုပဲ။ စစချင်းတော့ ကောင်း တော့မလိုနဲ့ နောက်တော့ပြန်ပြန် အေးသွားတယ်။ စီမံကိန်းတစ်ခုကို တောက်လျှောက် နေ့စဉ်အရှိန်မြှင့်မောင်းနှင်လုပ်ဆောင်မှု တွေသိပ်မတွေ့ရဘူး။ တာဝန်ရှိ သူတွေအနေနဲ့ ရုံးခန်းထဲမှာ ထိုင် နေလို့မရဘူး’’ဟု ဦးမြင့်ဆွေက ပြောသည်။

ထို့အပြင် Yangon Water Bus ပြေးဆွဲမှုကို ခရီးသွားများ အားကိုးအသုံးပြုနိုင်သည့် အခြေအနေရောက်ရှိအောင် ဆွဲဆောင်မှုမပြုလုပ်နိုင်ခြင်း၊ ဗဟိုထိန်းချုပ်ရေးစင်တာ ယနေ့အချိန်အထိ မလည်ပတ် နိုင်သေးခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဖြေရှင်းမည့်အစိုးရ၏ ရည်ရွယ်ချက်သည် လက်ရှိသက်တမ်းအတွင်း ပြည့်မီနိုင်ဖွယ်မရှိဟု ၎င်းက မှတ်ချက်ပြုသည်။

‘‘ဒီအတိုင်းပဲ ဆက်သွားနေ လို့ကတော့ ရည်မှန်းချက်ပြည့်ဖို့နေနေသာသာ နောက်တိုးလာမယ့် လူဦးရေကြောင့်အခက်အခဲ တွေတောင် ပိုများလာနိုင်တယ်’’ ဟု ဦးမြင့်ဆွေက သုံးသပ်ပြော ကြားသည်။

ထို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့နိုင်ရန် အထပ် မြင့်ကားရပ်နားကွင်းများ တည် ဆောက်ခြင်း၊ စည်းကမ်းမဲ့လမ်းဘေးဈေးသည်များ ရှင်းလင်း ခြင်း၊ မြို့၏ဗဟိုစုံမှတ်ကို ဖြန့် ကြက်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သူများကိုအရေးယူခြင်း စသည်တို့ကို ကနဦးပြုလုပ်ရန် လိုအပ်သည်ဟု မြို့ပြ နှင့် လမ်းပန်းဆက်သွယ်မှုဆိုင်ရာပညာရှင်အချို့က အကြံပြုသည်။

‘‘ဒီအချက်တွေက အရင်ကလည်း တောက်လျှောက်ပြောနေတာပဲ။ လက်ရှိအချိန်ထိ အကောင်အထည်ဖော်မှု အားနည်းနေတုန်းပဲ’’ဟု မြို့ပြသယ်ယူပို့ ဆောင်ရေးလေ့လာသူ ဦးစိုးပိုင် က ပြောသည်။

ရန်ကုန်မြို့အနေဖြင့် လာမည့် ၂၀၃၀ တွင် လူဦးရေ ၁၀ သန်းခန့်အထိ ရောက်ရှိလာနိုင် သည်ဟု အစိုးရက ခန့်မှန်းထား သည်။

ထို့ကြောင့် လူဦးရေ တိုးပွားလာမှုနှင့်အတူ ယာဉ်ကြောကျပ်တည်းမှု ပြဿနာမြင့်တက်လာမည်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုများ ကအရေးကြီးဆုံးဖြစ်ကြောင်း ပညာရှင်များက ပြောသည်။

ဘတ်စ်ကားပေါ်၌ ကုန်ဆုံးချိန်များနေခြင်းအပေါ် စိတ်ကုန် နေသည့် မသဲစုက နေ့စဉ်ကြုံတွေ့ နေရသည့် ယာဉ်ကြောကျပ် တည်းမှုပြဿနာကို အမြန်ဆုံးဖြေ လျှော့ပေးနိုင်ရန် မျှော်လင့်နေ သည်။

‘‘လိုရာခရီး မြန်မြန်ရောက်ရင် အိမ်အတွက်အချိန်ပိုပေးနိုင်မယ်။ မိသားစုကို အချိန်ပိုပေးချင်လို့ ယာဉ်ကြောကျပ်၊ လမ်းပိတ် တာတွေကို အမြန်ဖြေရှင်းပေးပါ လို့ပဲ တာဝန်ရှိသူတွေကို ပြောချင် တယ်’’ဟု ၎င်းဆန္ဒကို ဖွင့်ဟသည်။

Local News Read 765 times