ယခင်က စက်မှုဇုန်များ အဆင့်မြှင့်တင်ရေးနဲ့ စက်မှုဇုန်စီမံခန့်ခွဲမှုအပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီးဌာနမှ ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး အခုအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အားလုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသွားဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
မေ ၂၂ ရက်က မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များရဲ့ ( ၂၇ ) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အရင်ကာလတွေတုန်းက စက်မှုဇုန်ဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အိုးအိမ်ဦးစီးဌာနဘက်က စီမံခန့်ခွဲမှုကို ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ အခုကတော့ တိုင်းဒေသကြီးကနေ စက်မှုဇုန်အဆင့်မြှင့်တင်ရေးနဲ့ စက်မှုဇုန်စီမံခန့်ခွဲမှုပိုင်းကို ကိုင်တွယ်ဖို့အတွက် ဥပဒေအရဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ စက်မှုဇုန်တွေအားလုံးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ စီမံခန့်ခွဲဖို့ဖြစ်ပါတယ်။ စက်မှုဇုန်တွေအားလုံးမှာ လိုအပ်ချက်တွေရှိပါတယ်လို့ ပြောပါတယ်။
စက်မှုဇုန်တွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့အတွက် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီအပြင် စက်မှုဇုန်အဆင့်မြှင့်တင်မှု ကြီးကြပ်ရေးကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဒါ့ပြင် စက်မှုဇုန်တွေထဲမှာ လျှပ်စစ်မီး၊ ရေကောင်းရေသန့်လိုအပ်ချက်၊ ရေဆိုးစွန့်ပစ်မှု၊ အမှိုက်စွန့်ပစ်မှု၊ လမ်းပန်းဆက်သွယ်ရေးတို့ကို စနစ်တကျ ဆောင်ရွက်ဖို့အတွက် ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ စက်မှုဇုန်တွေကို သီလဝါအထူးစီးပွားရေးဇုန်ကြီးကို နမူနာယူပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကြိုးစားနေပါတယ်လို့ ဦးဖြိးမင်းသိန်းက ပြောပါတယ်။
အခုလို စက်မှုဇုန်များ အဆင့်မြှင့်တင်ခြင်းဟာ နိုင်ငံရဲ့ ပို့ကုန်များတိုးမြှင့်နိုင်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြည်တွင်းကို ပိုမိုဝင်ရောက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ဒါမှသာ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုများ ရရှိလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း၊ ပြည်ပို့ကုန်များ တိုးမြင့်လာနိုင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
Democracy