ရန်ကုန် - မူဆယ် ကုန်စည်ပို့ဆောင်ခ ၂၀ ရာခိုင်နှုန်းခန့် ကျဆင်း


05 February, 2021

တရုတ်နိုင်ငံကိုတင်ပို့တဲ့ ပို့ကုန်ပမာဏ လျော့နည်းသွားတာကြောင့် ရန်ကုန် - မူဆယ် ကုန်စည်ပို့ဆောင်ခမှာ ၂၀ ရာခိုင်နှုန်းကျော် ပြန်လည်ကျဆင်းခဲ့ပါတယ်။

ရန်ကုန်-မူဆယ် ကုန်စည်ပို့ဆောင်ခအနေနဲ့ ကုန်စည် ၁၇ တန်တင်ဆောင်နိုင်တဲ့ ၁၂ ဘီးကုန်တင်ယာဉ်တစ်စီးဆိုရင် ကုန်စည်ပို့ဆောင်ခမှာ ကျပ် ၁၈ သိန်း မှ ၁၄ သိန်းကိုကျဆင်းပြီး တစ်တန်ကို ကျပ်တစ်သိန်းကျော်မှ ကျပ်ရှစ်သောင်းကျော် ကျဆင်းခြင်းဖြစ်ပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီဈေး မြင့်တက်လာချိန် ကုန်စည်ရရှိမှုနည်းပါးလာတာကြောင့် ပို့ဆောင်ခဈေး လျှော့ယူနေရခြင်းဟာ ယာဉ်လိုင်းပိုင်ရှင်တွေအတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း (မူဆယ်) ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောပါတယ်။

‘‘ ဖရဲသီးကလည်း အလာနည်းသွားပြီ။  တခြားကုန်တွေကလည်း တရုတ်သွားမရတော့ ကားခက ကျသွားတယ်’’ လို့ ၎င်းက ရှင်းပြပါတယ်။

မတ်လအတွင်း ပြည်တွင်းဒီဇယ်ဈေးဟာ  ၄ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး မတ်လဆန်းက ဒီဇယ်တစ်လီတာကို ၈၇၅ ကျပ်ဈေးရှိပေမယ့်လည်း မတ်လ ၁၈ ရက်မှာတော့ တစ်လီတာကို ၉၁၀ မြင့်တက်လာပါတယ်။

၂၀၁၈ အတွင်းကလည်း စက်သုံးဆီဈေး စံချိန်တင်မြင့်တက်ပြီး ကားခကျဆင်းနေခြင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများနဲ့ ကုန်တင်ယာဉ်ပိုင်ရှင်တွေ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရတယ်လို့ မူဆယ်မြို့မှ ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ပို့ကုန်ပုံမှန်ရှိနေချိန်မှာ တစ်ရက်ကို ကုန်တင်ယာဉ်အစီး ၉၀၀ ကျော် မူဆယ်မြို့ကို အဝင်ရှိပေမယ့်လည်း အခုရက်ပိုင်းမှာ အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။

ယူနန်အစိုးရရဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အစီအစဉ်ကြောင့် တစ်ရက်ကို ကန်ဒေါ်လာ ၁၃ သန်းခွဲကျော် ကုန်သွယ်မှုရှိနေတဲ့ မူဆယ်၊ ရွှေလီ နယ်စပ်ကုန်သွယ်ရေးဟာ ဖေဖော်ဝါရီက စတင်ပြီး မြန်မာနိုင်ငံမှ ဆန်၊ ပြောင်းဖူးစေ့ စတဲ့ လယ်ယာထွက်ကုန်များ အပါအဝင် ကုန်ပစ္စည်းတွေ တင်ပို့နိုင်ခြင်းမရှိသေးပါဘူး။

7day daily

Export, Import Read 549 times