စီမံကိန်းရေးဆွဲသည့် အဆင့်သာရှိသေးသည့် ရန်ကုန်မြို့တော်ကို အသစ်ထပ်မံတိုးချဲ့မည့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ(NYDC) သည် Oriental Consultants Japan ဂျပန်ကုမ္ပဏီလီမိတက်ကို ယခင်ရက်သတ္တပတ်က ရွေးချယ်လိုက်ကြောင်း အောက်တိုဘာ ၈ရက်နေ့က ကြေညာခဲ့သည်။
Oriental Consultants Japan ဂျပန်ကုမ္ပဏီလီမိတက်
တိုကျိုအခြေစိုက်ဖြစ်သည့် ယင်းကုမ္ပဏီသည် မြို့ပြနှင့်ဒေသစီမံကိန်းနယ်ပယ်၊ လမ်းပန်းသယ်ယူပို့ဆောင်ရေး၊ ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးမှုတို့အပြင် အခြားဝန်ဆောင်မှုများ ပေးလျက်ရှိသည်။
ရည်ရွယ်ထား
မြို့သစ်တွင် အားကောင်းသည့် အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုအနည်းဆုံးဖြစ်စေရန် ရည်ရွယ်ထားကြောင်း ရန်ကုန် မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ NYDC က ပြောသည်။
NYDC ၏ အင်တာနက်စာမျက်နှာရှိ ၎င်း၏အပတ်စဉ်ဘလော့တွင် NYDC အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေ @ Serge Pun က “ နိုင်ငံသားအားလုံး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ချိတ်ဆက်သွားလာနိုင်ရေး သေချာစေဖို့ ရည်ရွယ်ထားပါတယ်။ အိမ်ကနေ ၅ မိနစ်၊ ၁၀ မိနစ် လမ်းလျှောက်သွားရုံနဲ့ ရောက်နိုင်တဲ့နေရာမှာ တည်ရှိပါတယ်” ဟု ဆိုသည်။
NYDC ၏အနီးကပ်ကြီးကြပ်မှုဖြင့် Oriental Consultants Japan ကုမ္ပဏီသည် စင်ကာပူအခြေစိုက် AECOM နှင့်ပူးပေါင်းပြီး ရန်ကုန်မြို့သစ်အတွက် မြို့ပြမဟာစီမံချက်နှင့်ဒီဇိုင်းကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
ရွေးချယ်
မြို့ပြမဟာစီမံချက်ရေးဆွဲရန်အတွက် လျှောက်လွှာတင်သွင်းသည့် စိတ်ဝင်စားသည့်လုပ်ငန်းကုမ္ပဏီ ၁၄ ခုအနက် AECOM ကို ရွေးချယ်ထားခြင်းဖြစ်သည်။
မူကြမ်း
ပြီးခဲ့သည့်လက NYDC သည် ရန်ကုန်မြို့သစ်အတွက် လူမှု-စီးပွားမဟာစီမံချက်မူကြမ်းကို McKinsey & Company အမေရိကန်စီမံခန့်ခွဲမှုလုပ်ငန်းနှင့် ဗြိတန်အစိုးရငွေကြေးတို့ဖြင့် ရေးဆွဲထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ရန်ကုန်မြို့သစ်၏ပထမအဆင့်သည် မြေဧက ၂ သောင်း ပါဝင်မည်ဖြစ်ပြီး မြို့နယ် ၅ မြို့နယ်၊ တံတားနှစ်စင်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ရေ နှင့်ရေဆိုးစွန့်စက်ရုံ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်တခုတို့ ပါဝင်သည်။ ကနဦးအခြေခံတည်ဆောက်မှုမှာ ပထမအဆင့်အတွက်ဖြစ်ပြီး ဒေါ်လာ ၁ဒသမ၅ ဘီလီယံကုန်ကျမည်ဟု NYDC က ပြောသည်။
စီမံကိန်းတည်နေရာ
အဆိုပါစီမံကိန်းတည်နေရာမှာ မြေမျက်နှာသွင်ပြင်နိမ့်သဖြင့် ဝေဖန်မှုများရှိနေခဲ့သည်။ ပင်လယ်ရေ မျက်နှာပြင်အထက် အများဆုံးအမြင့်ပေမှာ ၅ မီတာသာရှိပြီး ရေလျှံနိုင်သောနေရာဖြစ်သည်။ ရေကြီးမှုအန္တရာယ်အကဲဖြတ်ဆန်းစစ်ရန်အတွက် ဒတ်ချ်အတိုင်ပင်ခံလုပ်ငန်းဖြစ်သည့် Royal HaskoningDHV နှင့် စတင်ပူးပေါင်းဆောင်ရွက်နေကြောင်း NYDC က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏အားပေးမှုဖြင့် NYDC ကို မတ်လတွင် စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်ကာလ ယင်းကုမ္ပဏီကို အစိုးရက အပြည့်အဝပိုင်ဆိုင်ကြောင်းနှင့် မြို့သစ်စီမံကိန်းမှနေ၍ အလုပ်အကိုင်သစ်ပေါင်း ၂ သန်းဖန်တီးပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
သို့သော် တိုင်းဒေသကြီးလွှတ်တော်၏ကြိုတင်ခွင့်ပြုချက်မရယူဘဲ ယင်းစီမံကိန်းအတွက် ကျပ်ငွေ ၁၀ ဘီလီယံ(ဒေါ်လာ ၆ဒသမ၅ သန်း) ရင်းနှီးမြှပ်နှံထားသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် လုပ်ပိုင်ခွင့် ကျော်လွန်လုပ်ဆောင်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက မကြာသေးမီက ဝေဖန်ခဲ့ကြသည်။
irrawaddy