ယခုနှစ်ပိုင်းအတွင်း ရန်ကုန်မြို့၏ နေရာတော်တော်များများတွင် အဆင့်မြင့်အိမ်ရာစီမံကိန်း၊ ဟိုတယ်များနှင့် နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာများ၊ ရုံးခန်းများပါဝင်သော ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းကြီးများကို အကောင်အထည်ဖော်လာကြသည်ကို တွေ့ရပါသည်။
ထိုစီမံကိန်းကြီးများကြောင့် ရန်ကုန်မြို့၏အလှအပသည် ပိုပြည့်စုံလာပြီး မြို့နေပြည်သူများအတွက် သွားလာလည်ပတ်စရာနေရာများ တိုးလာနေသကဲ့သို့ တစ်ဖက်တွင်လည်း ယာဉ်ကြောကျပ်တည်းမှုပြဿနာ ကြုံတွေ့နေကြရပါသည်။ စီမံကိန်းများ အများကြီးရှိသည့်အထဲက မကြာခင်နှစ်ပိုင်းများအတွင်း ထပ်မံထွက်ပေါ်လာမည့် အိမ်ရာစီမံကိန်းတချို့ကို ကောက်နုတ်တင်ပြလိုက်ပါသည်။
The Peninsula Residences Yangon အိမ်ရာစီမံကိန်း
************************************
အဆင့်မြင့်အိမ်ရာပေါင်း ၉၆ ခုပါဝင်သည့် The Peninsula Residences Yangon မှာ ၁၀ ဧကကျယ်ဝန်းသည့် မြေပေါ်မှာတည်ရှိပြီး ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းဆုံရာ ရန်ကုန်မြို့လယ်တွင် တည်ရှိပါသည်။
အဆိုပါအိမ်ရာစီမံကိန်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ် ၂၄ ရက်မှာ အိမ်ရာအခန်းများ စတင်ရောင်းချနေကြောင်း ကြေညာခဲ့ပါသည်။ စီမံကိန်းကို ၂၀၂၁ ခုနှစ် အပြီးသတ်ဆောက်လုပ်ပြီးစီးရန် မျှော်မှန်းထားကြောင်းလည်း သိရပါသည်။
Yoma Central ၏ စုပေါင်းအိမ်ရာ တည်ဆောက်ရေးတွင် ရန်ကုန်မြို့၏ သက်တမ်းအရှည်ဆုံးနှင့် နာမည်အကြီးဆုံး ကိုလိုနီခေတ်အဆောက်အအုံဖြစ်သည့် ယခင်မီးရထားရုံးချုပ်ဟောင်းကို ပြန်လည်မွမ်းမံတည်ဆောက်မည့် The Peninsula Yangon မှာ အဆင့်မြင့်ဇိမ်ခံအိမ်ရာပေါင်း ၉၆ ခုပါရှိသော The Peninsula Residences Yangon အပြင် Grade A အဆင့်ရှိသည့် ရုံးခန်းများပါဝင်သော တာဝါ နှစ်ခုနှင့် စီးပွားရေးလုပ်ငန်းဟိုတယ်တို့ ပါရှိပါသည်။ ထို့အပြင် အဆိုပါအဆောက်အအုံများ၏ အောက်ခြေကို လက်လီအရောင်းဆိုင်ခန်းတွဲများနှင့် ချိတ်ဆက်တည်ဆောက်ထားမှာဖြစ်သည်ဟုလည်း သိရပါသည်။
The Peninsula Residences Yangon မှာ အထပ်ပေါင်း ၂၆ ထပ် ပါရှိမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ အသင့်နေထိုင်နိုင်သော လူနေအိမ်ခန်းများအနေနှင့် အိပ်ခန်းနှစ်ခန်းမှ လေးခန်းအထိပါဝင်သည့် အိမ်ခန်းများအပြင် Penthouse များလည်း ပါဝင်မည်ဖြစ်ပါသည်။
Yoma Central အိမ်ရာစီမံကိန်းကို မြန်မာ့ယဉ်ကျေးမှုအနုပညာနှင့် ရှေးဟောင်းလက်ရာများကို အခြေခံပြီး ကမ္ဘာ့ထိပ်တန်း ဒီဇိုင်းဗိသုကာပညာရှင်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီများက ဒီဇိုင်းရေးဆွဲ တည်ဆောက်နေခြင်းဖြစ်သည်ဟု ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်များအရ သိရပါသည်။
The Peninsula Residences Yangon ကို Meeyahta Development Limited နှင့် Hong Kong and Shanghai Hotels တို့မှ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။
လတ်တလောမှာ The Peninsula Residences Yangon ၏ အိမ်ခန်းများကို ၎င်းတို့က ဖိတ်ကြားထားသူများကသာ ဝယ်ယူနိုင်မည်ဖြစ်ပြီး အိပ်ခန်း နှစ်ခန်းပါသော အခန်းတစ်ခန်းကို ပျမ်းမျှ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းမှ စတင်ရောင်းချမည်ဖြစ်သည်ဟု သိရပါသည်။
Star City အိမ်ရာစီမံကိန်း
*****************
အဆင့်မြင့်အိမ်ရာစီမံကိန်းများသည် ရန်ကုန်မြို့တွင်းမှာသာမက ရန်ကုန်ပြင်ပမြို့နယ်များမှာလည်း အသီးသီး တည်ရှိနေကြပါသည်။ ရန်ကုန်•သန်လျင်တံတားအဆင်းမှာ တည်ရှိသော Star City အိမ်ရာစီမံကိန်းမှာ ဇုန်သုံးဇုန် ခွဲခြားထားပါသည်။ ဇုန်(A) နှင့် ဇုန် (B) ကိုတော့ ရာနှုန်းပြည့် ဆောက်လုပ်ရောင်းချပြီးဖြစ်ပါသည်။
အသစ်ဆောက်လုပ်နေသော ဇုန် (C) တွင် လူနေမှုပုံစံအသစ်ကို မိတ်ဆက်ထားသည့် ဂလက်ဇီတာဝါ ခြောက်ခုကို တည်ဆောက်ရောင်းချမည်ဖြစ်ပြီး လူနေအိမ်ခန်းပေါင်း ၁ဝ၃၈ ခန်း ပါဝင်မည်ဖြစ်ပါသည်။ ထိုအထဲက တိုက်နံပါတ် ၂ နှင့် ၄ တို့ကို စတင်ရောင်းချနေပြီလို့လည်း သိရပါသည်။
၂၀၁၀ ပြည့်နှစ်ကစပြီး စတင်ဆောက်လုပ်ခဲ့သော အဆိုပါစီမံကိန်းသည် လက်ရှိအချိန်တွင် ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီး အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်ဟု Star City အိမ်ရာစီမံကိန်း၏ Assistant Sales Manager ဒေါ်သိမ့်ဆုမွန်က ပြောပါသည်။
Star City အိမ်ရာစီမံကိန်းမှ လူတိုင်းတတ်နိုင်သော သင့်တင့်မျှတ အိမ်ရာစီမံကိန်းတစ်ခုကိုလည်း ယခုနှစ်ကုန်တွင် စတင်အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်နေသည်ဟုလည်း ဆိုပါသည်။
အိမ်ရာစီမံကိန်းတစ်ခုလုံး၏ စုစုပေါင်းအကျယ်အဝန်းက ၄၈၈ ဧကရှိပြီး ဂေါက်ကွင်းနှင့် နိုင်ငံတကာကျောင်းများပါဝင်သော သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ တစ်ခုတည်းသော အကြီးဆုံး အိမ်ရာစီမံကိန်းတစ်ခုလည်းဖြစ်ပါသည်။
HAGL Myanmar စီမံကိန်း
*****************
Hoang Anh Gia Lai Myanmar Co.,Ltd က ရန်ကုန်မြို့မှာ ဆောက်လုပ်လျက်ရှိသည့် အဆင့်မြင့် လူနေအိမ်ရာ စီမံကိန်းတစ်ခုဖြစ်သော The Lake Suites စီမံကိန်းကို မူလရေးဆွဲထားသည့် ဒီဇိုင်းကို ထပ်မံပြုပြင် ထည့်သွင်းရေးဆွဲနေသည်ဟု အဆိုပါကုမ္ပဏီက တာဝန်ရှိသူများက ပြောပါသည်။
စီမံကိန်း အပိုင်း (၁) အဖြစ် မြန်မာပလာဇာနှင့် Meliã Yangon တို့ကို နှစ်နှစ်အတွင်း အပြီးဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။
စီမံကိန်းအပိုင်း (၂) ကို ၂၀၁၉ ပထမသုံးလပတ် ဝန်းကျင်ခန့်မှာ စတင်ဆောက်လုပ်ရန် မျှော်မှန်းထားသည်ဟုလည်း သိရပါသည်။ စီမံကိန်းအပိုင်း (၂) တွင် ပါဝင်သော အဆောက်အအုံ ငါးခုအနက် ဝယ်ယူသူများကို အမြန်အပ်ဖို့ လိုအပ်နေသော အဆောက်အအုံများကို ဦးစားပေးဆောက်လုပ်သွားမည် ဖြစ်သည်ဟုလည်း သိရပါသည်။
HAGL Myanmar အနေနှင့် စီမံကိန်းအပိုင်း (၂) မှာ ပါဝင်သော ရုံးခန်းဧရိယာ၏ အကျယ်အဝန်းစတုရန်းမီတာ ၃၀ဝဝဝ ကျော်ကို ရုပ်ရှင်ရုံ၊ ဖျော်ဖြေရေးစင်တာ၊ ဟိုက်ပါမားကက်၊ နိုင်ငံတကာအဆင့်မီ ဈေးဝယ်စင်တာများ ထပ်မံထည့်သွင်းတည်ဆောက်သွားမည် ဖြစ်သည်ဟု HAGL Myanmar က ကြေညာချက်ထုတ်ပြန်ထားပါသည်။ ထို့အပြင် ယာဉ်အစီးရေ ပိုမိုရပ်နားနိုင်မည့် ကျယ်ဝန်းသော ကားပါကင်၊ ယာဉ်ကြောပိတ်ဆို့မှုကို အသက်သာဆုံး လျှော့ချပေးနိုင်မည့် ယာဉ်ကြောသွားလာရေးလမ်းစနစ် စသည်များကို ထည့်သွင်း တည်ဆောက်နိုင်ရန်အတွက် ဒီဇိုင်းများ ပြန်လည်ရေးဆွဲထားသည်ဟု ဆိုပါသည်။
The Lake Suites အိမ်ရာစီမံကိန်းကို လာရောက်လေ့လာလိုသူများအတွက် အရောင်းပြခန်းအသစ်ကို စီမံကိန်းအပိုင်း (၂) ဆောင်ရွက်နေသော နေရာမှာ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း ဖွင့်လှစ်သွားမည်ဟုလည်း သိရပါသည်။ မူလဖွင့်လှစ်ထားသော ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းထဲက အရောင်းပြခန်းကိုတော့ ယခုနှစ် အောက်တိုဘာလကုန်ကစပြီး ယာယီပိတ်ထားမည် ဖြစ်ပါသည်။
ကန်သာယာစင်တာ
************
ရန်ကုန်မြို့၏ အချက်အချာကျသော ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြင့်လမ်းထောင့်၊ကန်တော်ကြီး ကရဝိက်ဝင်ပေါက်နှင့် မျက်နှာချင်းဆိုင်မှာတည်ရှိသော ကန်သာယာစင်တာသည် ရန်ကုန်မြို့မှာ AMSS ကုမ္ပဏီ၏ ပထမဦးဆုံး CBD စီမံကိန်းဖြစ်ပါသည်။
စီမံကိန်းမြေဧရိယာ ၃ ဒသမ ၅၃ ဧက ကျယ်ဝန်းပြီး အဆောက်အအုံ၏ စုစုပေါင်းကြမ်းခင်းဧရိယာ ၁၆၃၀ဝဝဝ စတုရန်းပေရှိပါသည်။ စီမံကိန်းထဲတွင် A Office Tower 5 Star Wyndham Grand Hotel Shopping Center Service Apartment နှင့် လူနေအိမ်ခန်းတို့ ပါဝင်ပါသည်။
အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ငါးနှစ်စီမံကိန်းဖြစ်ပါသည်။ စီမံကိန်းက ရာနှုန်းပြည့်ပြီးစီးနေပြီး ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဖွင့်လှစ်သွားမှာ ဖြစ်ပါသည်။
ကန်သာယာစီမံကိန်းကို Shining Star International Holding Co.,Ltd, Asia Myanmar Shining Star Investment Co.,Ltd, Asia Myanmar Consortium Development Co.,Ltd တို့ ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ခန့် ရင်းနှီးမြှုပ်နှံထားပါသည်။
လက်ရှိမှာ ငှားရမ်းမှုများ စတင်နေပြီဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ထားသည့်အတွက် မြန်မာနိုင်ငံ၏ အကောင်းဆုံး CBD စီမံကိန်းတစ်ခုလည်း ဖြစ်ပါသည်။
68 Residences အိမ်ရာစီမံကိန်း
*********************
ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တည်ရှိပြီး ရွှေနန်းတော် စိန်ရွှေရတနာဆိုင် မိသားစုက ဆောက်လုပ်နေသော 68 Residences အိမ်ရာစီမံကိန်းမှာ စီမံကိန်းတစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပါသည်။
စီမံကိန်းကို လာမည့် ၂၀၁၉ ခုနှစ် သြဂုတ်လမှာ အပြီးသတ်နိုင်မည်ဟု Development Co.,Ltd ၏ Chairman ဒေါက်တာ အောင်ကျော်ဝင်းက ပြောပါသည်။
တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၄ ခုနှစ် အောက်တိုဘာလက စတင်ခဲ့ပြီး ကြိုပွိုင့်ရောင်းချထားမှုများရှိနေသော်လည်း အရေအတွက်အတိအကျကိုတော့ ပြော၍မရသေးဘူးဟု ဒေါက်တာ အောင်ကျော်ဝင်းက ပြောပါသည်။
Luxury Condo တစ်ခုဖြစ်သော 68 Residences က ဘိုးဘွားပိုင်မြေပေါ်မှာ တည်ဆောက် ထားတာဖြစ်သည့်အတွက် ဝယ်ယူသူများအနေနှင့် မြေယာအချိုးကျပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်သော အရည်အသွေးမြင့်ပစ္စည်းနှင့် နည်းပညာများကို ထည့်သွင်းအသုံးပြုထားသည်ဟုလည်း ၎င်းကဆိုပါသည်။
စီမံကိန်းကို နိုင်ငံတကာအဆင့်မီ ဆောက်လုပ်ရေးကုမ္ပဏီများနှင့် လက်တွဲဆောက်လုပ်နေပြီး ရွှေတိဂုံဘုရား၊ အင်းလျားကန်၊ Pearl Condo? Promart တို့၏ အနီး၊ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်တွင်ရှိသော မြေ တစ်ဧကပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည့်အတွက် စီးပွားရေး၊ ပညာရေး၊ သွားလာရေးတို့အတွက် လွယ်ကူအဆင်ပြေစေမည်ဖြစ်သည်ဟုလည်း ဒေါက်တာအောင်ကျော်ဝင်းက ပြောပါသည်။