ရန်ကုန်တိုင်းဒေသကြီးတွင် အသေးစားချေးငွေများရယူနိုင်


14 February, 2018

ရပ်ကွက်၊ ကျေးရွာတွေမှာ အသေးစား ငွေရေးကြေးရေးလုပ်ငန်း အဖွဲ့အစည်းများ ဖွဲ့စည်းထားခြင်းသည် အခြေခံလူတန်းစားများ၏ ဆင်းရဲမွဲတေမှုကိုလျော့ချဖို့နှင့် လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရန် ရည်ရွယ်ထားကြောင်း ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်၊ကျေးရွာတွေမှာ နေ့သွင်း၊ လသွင်း၊ အပတ်သွင်းစနစ်ဖြင့် ဆောင်ရွက်နေသော အသေးစားငွေရေးကြေးရေး လုပ်ငန်းအဖွဲ့အစည်းများမှာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီရဲ့ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ဖြင့် ဆောင်ရွက်နေသော အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ ဖြစ်တယ်လို့ သိရပါသည်။

အပေါင်ပစ္စည်းရယူခြင်းမရှိဘဲ နေ့စဉ်ဆပ်၊ အပတ်စဉ်ဆပ်၊ လစဉ်ဆပ်ပုံစုံများဖြင့် ချေးငွေတွေကို ထုတ်ချေးနေတာဖြစ်ပြီး လက်ကျန်ငွေအပေါ်မှာ အတိုးနှုန်းတစ်လကို ၂.၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ တွံ့တေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရပ်ကွက်၊ ကျေးရွာများအတွင်း နေ့သွင်း၊ လသွင်း၊ အပတ်စဉ်သွင်းစနစ်ဖြင့် ပြုလုပ်နေသော ချေးငွေအဖွဲ့အစည်းများသည် တရားဝင်ပြုလုပ်ခြင်း ဟုတ်/မဟုတ် သိလိုပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုထားသော ငွေချေးလုပ်ငန်း ဘယ်လောက်ရှိနေသည်ကို မေးမြန်းခဲ့ကြောင်း သိရပါသည်။

တွံ့တေးမြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာတွေမှာ နေ့သွင်း၊ လသွင်း၊ အပတ်စဉ်သွင်းစနစ်ဖြင့် ဆောင်ရွက်နေသော အသေးစားငွေရေးကြေးရေးလုပ်ငန်း အဖွဲ့အစည်း ၁၈ ဖွဲ့ရှိပြီး လုပ်ကိုင်ခွင့်လိုင်စင်ဖြင့် ဆောင်ရွက်နေသော အသေးစားချေးငွေရေးကြေးရေးအဖွဲ့အစည်းများဖြစ်ကြောင်း သိရပါသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ စာရင်းများအရ တွံ့တေးမြို့နယ်အတွင်း အသေးစား ငွေရေးကြေးရေးလုပ်ငန်းအသင်းသား ဦးရေ ၅၅,၈၅၀ ဦးရေရှိပြီး ချေးငွေလက်ကျန်မှာ ကျပ် ၁၂,၉၅၆.၇၀ သန်းရှိနေကြောင်း သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီက အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ခွင့်ပြုထားသော အဖွဲ့အစည်း ၈၆ ဖွဲ့ရှိပြီး လုပ်ငန်းဆောင်ရွက်နေသော အဖွဲ့အစည်း ၈၄ ဖွဲ့ရှိနေကြောင်း သိရပါသည်။

စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးတွင် အသင်းသားဦးရေ စုစုပေါင်း ၁,၁၅၄,၅၂၉ဦးနှင့် ချေးငွေလက်ကျန် စုစုပေါင်းကျပ် ၂၁၅,၄၆၁ ဘီလျံရှိနေပြီး အခြေခံလူတန်းစားများ၏ ငွေကြေးအရင်းအနှီး လိုအပ်ချက်များကို ၀န်ဆောင်မှုပေးနေသောကြောင်း သိရပါသည်။

Banking & Loan Read 902 times