ပြည်ပသို့ ပထမဦးဆုံးတာယာများ တင်ပို့နိုင်သည့် ရန်ကုန်တာယာစက်ရုံ


10 August, 2018

မြန်မာနိုင်ငံတွင် တာယာစက်ရုံ စုစုပေါင်း လေးရုံရှိပြီး ရန်ကုန် တာယာစက်ရုံက ထုတ်လုပ်သော တာယာများကိုသာ ပြည်ပသို့ တင်ပို့နိုင်သေးကြောင်းမြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပြောသည်။ သို့ဖြစ်ရာ ပြည်တွင်း ရော်ဘာကုန်ကြမ်းကို အခြေခံသော အရည်အသွေး မြင့်မားသည့် တာယာစက်ရုံများ ရှိရန် လိုအပ်ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ပိုင် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ တာယာစက်ရုံ နှစ်ရုံ၊ မြန်မာ့စီးပွားရေး ဦးပိုင် ကော်ပိုရေးရှင်းပိုင် တာယာစက်ရုံ တစ်ရုံရှိပြီး ပုဂ္ဂလိကပိုင်သည့် စက်ရုံမှာ ရန်ကုန်တာယာ စက်ရုံတစ်ရုံ တည်းသာ ရှိသည်။

"ဒီလိုစက်ရုံမျိုး အများကြီး ပေါ်လာဖို့ လိုတယ်။ အခုက မြန်မာပြည်ကို ဗီယက်နမ်က တာယာတွေ လှိမ့်ဝင်တယ်။ တအား ဝင်တယ်။ ဒါပေမဲ့လည်း မြန်မာပြည်က တာယာကို ရန်ကုန် တာယာစက်ရုံက မလေးရှားကို ပို့နေတယ်။ မြန်မာနိုင်ငံက တာယာကို တရုတ်ပြည်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့ဆီက တောက်လျှောက် ဝယ်နေတယ်။ ဘာကြောင့် မလေးရှားက ကိုယ့်ဆီက ဝယ်သလဲ။ အရည်အသွေး ကောင်းလို့ပါ" ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးက ပြောသည်။ မြန်မာနိုင်ငံက ထွက်ရှိသော ရော်ဘာများကိုသာ ပြည်ပသို့ တင်ပို့နေရပြီး လက်ရှိတွင် အရည်အသွေးမြင့် ရော်ဘာကုန်ကြမ်း တင်ပို့ရန်ပင် များစွာ ကြိုးစား လုပ်ကိုင်နေရသည်။

ပြည်တွင်း၌ လိုအပ်သည့် တာယာများကို ပြည်ပမှ အဓိက ဝယ်ယူနေရပြီး ယခု ရန်ကုန် တာယာစက်ရုံက တင်ပို့မှုသည် မြန်မာနိုင်ငံမှ တစ်ခုတည်း တင်ပို့နိုင်ခြင်း ဖြစ်သည်။ ယခုအချိန်တွင် မြန်မာနိုင်ငံထုတ် တာယာများကို ရန်ကုန်တာယာ စက်ရုံမှ မလေးရှားနိုင်ငံက ဝယ်ယူမှုဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ စတင်၍ တင်ပို့ခဲ့ပြီး ယခုအခါ လေးကြိမ် တင်ပို့ထားပြီး ဖြစ်သည်။ တစ်ကြိမ်လျှင် ကွန်တိန်နာ နှစ်လုံးဆံ့ တာယာအလုံး ၈၀၀ ကို ရေကြောင်းဖြင့် တင်ပိုြ့ခင်း ဖြစ်သည်။ ခြောက်လတစ်ကြိမ် တင်ပို့နေပြီး၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ပထမဦးဆုံးအကြိမ်အဖြစ် ယခုသီတင်းပတ်အတွင်း တင်ပို့ခဲ့သည်။

ရန်ကုန် တာယာစက်ရုံ အနေဖြင့် ယခုအချိန်အထိ တာယာအလုံးပေါင်း ၃,၂၀၀ တင်ပို့ထားပြီး တာယာတစ်လုံးလျှင် ပျမ်းမျှဈေးနှုန်း အမေရိကန်ဒေါ်လာ ၆၀ ဖြင့် ရရှိပြီး စုစုပေါင်းတင်ပို့မှုမှ ကန်ဒေါ်လာ နှစ်သိန်းနီးပါး ရရှိထားကြောင်း ရန်ကုန် တာယာစက်ရုံ၊ ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ ဒေါက်တာထင်ကျော်ဦးက ပြောသည်။ တာယာများကို ပြည်ပသို့ တင်ပို့ရာတွင် နိုင်ငံတော်က အခွန်ကင်းလွတ်ခွင့် ပေးထားခြင်းကြောင့် အခွန် ပေးဆောင်ရန် မလိုဟု ဆိုသည်။ ထိုသို့ မြန်မာနိုင်ငံက တာယာကို အရည်အသွေး ကောင်းခြင်းကြောင့် မလေးရှားက ဝယ်ယူခြင်းဖြစ်ရာ ပြည်တွင်း၌ ရန်ကုန် တာယာစက်ရုံကဲ့သို့ တာယာစက်ရုံများ များစွာရှိရန် လိုအပ်ကြောင်း ဦးခိုင်မြင့်က ပြောသည်။

မလေးရှားနိုင်ငံရှိ တာယာဖြန့်ဖြူး ရောင်းချသော TYRIM RESOURCES SDN BHD ကုမ္ပဏီမှ ရန်ကုန်တာယာစက်ရုံက ထုတ်သည့် တာယာများကို ဝယ်ယူနေခြင်း ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် တစ်ဆင့် ပြန်လည်၍ မလေးရှား ဈေးကွက်ထဲသို့ ပြန်လည်ဖြန့်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ ရန်ကုန် တာယာစက်ရုံမှ တာယာ ဝယ်ယူခြင်းများအတွက် သဘောတူလက်မှတ် ရေးထိုးထားခြင်း မရှိသော်လည်း ရန်ကုန် တာယာစက်ရုံသို့ လာရောက်ကြည့်ရှုကာ ခြောက်လတစ်ကြိမ် ဝယ်ယူလေ့ရှိကြောင်း ဒေါက်တာထင်ကျော်ဦးက ပြောသည်။

"၂၃ ရက်နေ့က သင်္ဘော တင်လိုက်တယ်။ ဗီယက်နမ်က တာယာတွေနဲ့ ဈေးနှုန်း ယှဉ်ပေးတာပေါ့။ ဗီယက်နမ်ကလည်း သူတို့ ဝယ်ထားတာ ရှိတယ်။ ဗမာပြည်ကလည်း အရည်အသွေး မီတယ်ဆိုရင် သူတို့က ဝယ်တာပေါ့။ ဒါပေမဲ့ နည်းနည်းတော့ ဈေးလျော့ပေးရတယ်။ ပိုက်ဆံက သူတို့က သင်္ဘောမတင်ခင် ကျွန်တော်တို့ကို ကြိုပေးရတယ်" ဟု ၎င်းက ပြောသည်။ မလေးရှားနိုင်ငံရှိ Rubber Research Institute (RRI) က စမ်းသပ်၍ ရန်ကုန် တာယာစက်ရုံမှ တာယာများကို လက်ခံ ဝယ်ယူခြင်း ဖြစ်သည်။ ရန်ကုန် တာယာစက်ရုံမှ မလေးရှားသို့ တင်ပို့ရာတွင် တာယာတစ်လုံးကို FOB အပါအဝင် အမေရိကန်ဒေါ်လာ ၆၀ ဈေးနှုန်းဖြင့် ရရှိထားသည်။ ရွှေပြည်သာ ဇုန်ထဲရှိ ရန်ကုန်တာယာ စက်ရုံမှ နိုင်လွန် တာယာများကို ထုတ်လုပ်သည်။ ပြည်တွင်း ဈေးကွက်တွင်လည်း ရန်ကုန် တာယာသည် အရည်အသွေးမြင့်ပြီး မြန်မာနိုင်ငံထွက် ရော်ဘာအမျိုးအစား RSS 1 ဖြင့် ISO အသိအမှတ်ပြု ကုန်ကြမ်းများဖြင့် အသုံးပြုကာ ထိုင်ဝမ်နိုင်ငံ စက်ဖြင့် တာယာ ထုတ်လုပ်နေခြင်း ဖြစ်သည်။

Yatanarpon

Export, Import Read 1292 times