ဈေးကွက်တွင် နေရာရလာသည့် ရန်ကုန်တာယာ


10 August, 2018

မြန်မာနိုင်ငံ၏ တာယာဈေးကွက်တွင် နိုင်ငံခြားတာယာ အမှတ်တံဆိပ် အများအပြား ရရှိနိုင်ပြီး ဈေးကွက်ဝေစုအများစုကိုလည်း ထိုနိုင်ငံခြားအမှတ်တံဆိပ်များကသာကြီးစိုးထားသည့်အခြေအနေတွင် ပြည်တွင်းထုတ် တာယာအမှတ်တံဆိပ်တစ်ခုဖြစ်သော ရန်ကုန်တာယာကလည်း ဈေးကွက်ထဲတွင် တဖြည်းဖြည်းနေရာရလာသည်ကို ထူးခြားစွာ လေ့လာတွေ့ရှိရပါသည်။

ရန်ကုန်တာယာဟာ မြန်မာပြည်ရဲ့ပထမဆုံး ပုဂ္ဂလိက တာယာထုတ်လုပ်သော လုပ်ငန်းဖြစ်ပြီး သူတို့၏စက်ရုံက ရွှေပြည်သာစက်မှုဇုန်တွင်တည်ရှိ၍ ၂ဝဝ၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ ၂ဝ၁ဝ ပြည့်နှစ်တွင် တာယာများ စတင်ထုတ်လုပ်နိုင်ခဲ့သည်ဟု ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ ထင်ကျော်ဦးက ပြောပါသည်။

ပထမအစခြေလှမ်း

***********

''၂ဝဝဝ ခုနှစ်မှာ အစိုးရ အမှတ်−၂ စက်မှုဝန်ကြီးဌာနအောက်က သထုံတာယာစက်ရုံမှာ စက်ပစ္စည်းနဲ့ နည်းပညာပေးပြီး သူတို့ဆီကနေ တာယာပြန်ယူတယ်။ အဲဒီအချိန်က အဲဒီစက်ရုံကနေ ခြောက်ဘီး၊ ဟီးနိုးတီအီးကားတွေအတွက် တာယာတွေသာ ထုတ်နိုင်ခဲ့တယ်။ ၁ဝ ဘီးကားတွေအတွက် တာယာတွေ ထုတ်မပေးနိုင်ဘူး။ ဈေးကွက်ထဲမှာ ပြည်ပကနေ အကုန်တင်သွင်းနေရတယ်။ ကိုယ်တို့က စက်ရုံကို သွားလေ့လာပြီး သူတို့ဘက်က ထုတ်ချင်ပေမဲ့ နည်းပညာနဲ့ စက်ပစ္စည်းတွေ မရင်းနှီးနိုင်ဘူး။ ဒါကြောင့် ထိုင်ဝမ်စက်သစ်တွေ နည်းပညာတွေ ရင်းနှီးမြှုပ်နှံပေးခဲ့ပြီး ထွက်လာတဲ့တာယာတွေကို ဈေးကွက်ထဲ ကိုယ်ဘာသာပြန်ဖြန့်တယ်။ အခြေခံက အဲဒါနဲ့ စခဲ့တာပေါ့။ လုပ်နည်းတွေ၊ စနစ်တွေ၊ ဈေးကွက်တွေကတော့ ကိုယ်တို့အတွက် အမြတ်ကျန်ခဲ့တာပေါ့''လို့ တာယာဈေးကွက်ထဲသို့ စတင်ဝင်ရောက်ခဲ့ပုံကို သူက ပြန်ပြောပါတယ်။

ထိုနှစ်များတွင် နိုင်ငံ၏လမ်းအများစုသည် ကြမ်းသည့်အတွက် အကြမ်းသော အိန္ဒိယထုတ်တာယာများက ဈေးကွက်ကို အဓိကလွှမ်းမိုးခဲ့ပြီး အစိုးရပိုင် သထုံတာယာစက်ရုံကထုတ်သော Myanmar Tyre and Rubber Industrial (MTRI) အမှတ်တံဆိပ်က ဈေးကွက်၏ ငါးရာခိုင်နှုန်းခန့် သာရရှိခဲ့သည်ဟု ဆိုပါသည်။

၂ဝဝဝ မှ ၂ဝ၁ဝ ပြည့်နှစ်အထိ အစိုးရပိုင် သထုံတာယာစက်ရုံနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ပြီး MTRI တာယာကို ဖြန့်ဖြူးရောင်းချခဲ့သည်ဟု ဒေါက်တာထင်ကျော်ဦးက ပြောပါသည်။ ၂ဝဝ၈ ခုနှစ်မှာ ကိုယ်ပိုင်တာယာစက်ရုံ ထူထောင်နိုင်ခဲ့ပြီး နှစ်နှစ်အကြာမှ စက်ရုံမှ ရန်ကုန်တာယာတံဆိပ်ဖြင့် စတင်ထုတ်လုပ်ဖြန့်ဖြူးခဲ့ပြီး ကိုယ်ပိုင်အမှတ်တံဆိပ်နှင့် တာယာဈေးကွက်ကို ဝင်ရောက်လာချိန်မှာ နိုင်ငံခြားတာယာများနှင့် ယှဉ်ပြိုင်ခဲ့ရပါသည်။

ယှဉ်ပြိုင်ခြင်း

********

''အဓိကက အာမခံချက်ပေးပြီး ထိုးဖောက်ရတာပေါ့။ ဒါမှလည်း သုံးစွဲသူက ယုံကြည်မှာကိုး။ နိုင်ငံခြားတာယာနဲ့ယှဉ်ရင် ဈေးသက်သာတယ်၊ အရည်အသွးယှဉ်နိုင်တယ်၊ အာမခံချက်လည်းပေးတယ်''လို့ ဒေါက်တာ ထင်ကျော်ဦးက ပြောပါတယ်။

အာမခံချက်

********

ရန်ကုန်တာယာ၏ အာမခံချက်မှာ တာယာ၏ ၇၅ ရာခိုင်နှုန်းကျန်နေသေးသည်ဆိုလျှင် တာယာအသစ်တစ်လုံး အခမဲ့လဲလှယ်ပေးပြီး တာယာ၏ ထက်ဝက် ၅ဝ ရာခိုင်နှုန်းကျန်သေးလျှင် တာယာသစ်ကို ဈေးလျှော့ရောင်းပေးသည့်နည်းဖြင့် ဈေးကွက်ကို ထိုးဖောက်ခဲ့ပါသည်။ ဆိုလိုသည်မှာ ရန်ကုန်တာယာ သုံးစွဲသူသည် တာယာ ၂၅ ရာခိုင်နှုန်းသုံးပြီးတိုင်း သွားပြန်ပေးရင် အခမဲ့ အသစ်တစ်လုံးရမည့်သဘောဖြစ်ပြီး ထက်ဝက်လောက်သုံးပြီး အဟောင်းပြန်အပ်လျှင် လျှော့ဈေးနှင့် တာယာသစ်ရသည့် သဘောဖြစ်ပါသည်။

တိုးတက်လာမှု

*********

ထိုစက်ရုံက စတင်ထုတ်လုပ်ချိန်တုန်းက တစ်ရက်တာယာလုံးရေ ၂ဝဝ ခန့်သာ ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုအခါ စက်များတိုးချဲ့လိုက်သည့်အတွက် လေးဆတိုးထုတ်နိုင်နေပြီဖြစ်သောကြောင့် တစ်ရက် တာယာ ၈ဝဝ ခန့်ထုတ်လုပ်ပါသည်။ ထိုပမာဏဟာ မြန်မာပြည် နိုင်လွန်တာယာဈေးကွက်၏ ၆ဝ ရာခိုင်နှုန်းထိ ထိုစက်ရုံမှ ထုတ်လုပ်နိုင်သည့်သဘောဟု သူက ဆိုပါသည်။

၂ဝ၁၄ ခုနှစ်မှာ အစိုးရပိုင် ဘီလင်းတာယာစက်ရုံကို နှစ်ရှည်ငှားရမ်းခဲ့ပြီး လူစီးကား၊ ကုန်တင်ကားငယ်များအတွက် စတီးရေဒီယယ် တာယာများကို စတင်ထုတ်လုပ်ခဲ့ပါသည်။ ထိုစက်ရုံမှ ယခုနှစ်တွင် ဆိုင်ကယ်တာယာများကိုလည်း စတင်ထုတ်လုပ်နေပြီဖြစ်ပါသည်။ ထိုစက်ရုံမှ အစောပိုင်းမှာ တစ်ရက် တာယာ ၂ဝဝ ခန့်သာ ထုတ်လုပ်နိုင်ခဲ့ရာမှ ယခုအချိန်မှာ တစ်ရက် တာယာ ၆ဝဝ ခန့်ထိ ထုတ်လုပ်နိုင်ပြီဟု ဆိုပါသည်။ သူတို့လုပ်ငန်းသည် ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်သလို မိမိလုပ်ငန်းအပေါ် ပြန်လည်ရင်းနှီးမြှုပ်နှံမှု ပြန်ပြန်လုပ်ပြီး ဖြည်းဖြည်းချင်း တိုးချဲ့လာခဲ့သည်ဟု သူက ပြောပါသည်။

ကုန်ကြမ်း

******

ရန်ကုန်တာယာစက်ရုံများသည် တာယာထုတ်လုပ်မှု နည်းပညာနှင့် စက်ပစ္စည်းများကို ထိုင်ဝမ်နိုင်ငံက ရယူထားခြင်းဖြစ်ပြီး အဓိကကုန်ကြမ်းဖြစ်သော ရော်ဘာကို ပြည်တွင်းထွက် RSS 1 အဆင့်ရှိ ရော်ဘာကို သုံးစွဲထားပြီး လိုအပ်တဲ့ အခြားဓာတုဗေဒကုန်ကြမ်းများကို ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကိုးရီးယား၊ ထိုင်ဝမ်တို့မှ တင်သွင်းသည်ဟု ဆိုပါသည်။ ရန်ကုန်တာယာက ထုတ်သော တာယာများ၏ ၉၅ ရာခိုင်နှုန်းက ပြည်တွင်းဈေးကွက်မှာ ဖြန့်ခြင်းဖြစ်ပြီး ကျန်ငါးရာခိုင်နှုန်းကို မလေးရှားနှင့် ပါပူဝါးနယူးဂီနီနိုင်ငံတို့ကို တင်ပို့သည်ဟု ဆိုပါသည်။

ဈေးကွက်ယှဉ်ပြိုင်မှု

************

စတီးရေဒီယယ် တာယာအမျိုးအစားသည် ဈေးကွက်အပြိုင်အဆိုင် ပိုပြင်းထန်ပြီး ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ တရုတ်ထုတ် တာယာများနှင့်ယှဉ်ပြိုင်ရသောကြောင့် ဈေးကွက်၏ သုံးရာခိုင်နှုန်းခန့်သာ ရရှိပြီး ရန်ကုန်တာယာအပါအဝင် တခြားပြည်တွင်းထုတ် စတီးရေဒီယယ်တာယာများ အားလုံးပေါင်းလျှင်တောင်မှ ထိုဈေးကွက်၏ ၁ဝ ပုံ တစ်ပုံခန့်သာ ရသေးသည်ဟု သူက ဆိုပါသည်။

''ဈေးနှုန်းနဲ့ အရည်အသွေးနှစ်ခုစလုံးက ချိတ်ဆက်နေတယ်။ သိပ်မြင့်ရင်လည်း မရဘူး။ နိုင်ငံတကာတံဆိပ်တွေက အရည်အသွေးကောင်းတယ်၊ ဈေးလည်း တအားမြင့်တယ်။ ဝယ်လိုအား များများရချင်ရင်တော့ ဈေးနှုန်းလည်း အသင့်အတင့်၊ အရည်အသွေးလည်း ကောင်းတဲ့အနေအထားနဲ့ ထိုးဖောက်ရတယ်။ ပြည်ပကသွင်းတဲ့ တာယာတွေထက် ကျွန်တော်တို့က အကြမ်းဖျင်းအားဖြင့် ဈေးနှုန်းချိုသာတယ်၊ အရည်အသွေးကလည်း ယှဉ်နိုင်တယ်''လို့ သူက ရှင်းပြပါတယ်။

တိုးမြှင့်ထုတ်လုပ်မှု

***********

လက်ရှိတွင် သူတို့တာယာကို လယ်ထွန်စက်များအတွက် အသုံးများပြီး ဝယ်လိုအားလည်းမြင့်သောကြောင့် လာမယ့်သုံးနှစ်တွင် ထွန်စက်တာယာများ တိုးချဲ့ထုတ်လုပ်ရန် ရည်မှန်းထားသည့်အပြင် ဆိုင်ကယ်တာယာတိုးထုတ်ရန်လည်း ရန်ကုန်တာယာက အစီအစဉ်ရှိသည်ဟု သိရပါသည်။

ဈေးကွက်ထဲတွင်ရှိသော တာယာများနှင့်ယှဉ်လျှင် အကြမ်းဖျင်းအားဖြင့် ရန်ကုန်တာယာသည် ထိုင်းနိုင်ငံထုတ်တာယာများထက် ပျမ်းမျှ ၁၅ ရာခိုင်နှုန်းခန့် ဈေးသက်သာသည်ဟုဆိုသော်လည်း ဗီယက်နမ်ထုတ် တာယာများနှင့် ဈေးတူလောက်ရှိပြီး တရုတ်ထုတ် တာယာများမှာ သူ့ထက် ဈေးသက်သာသည်ဟု ဆိုပါသည်။

စိန်ခေါ်မှုများ

*******

လုပ်ငန်းတိုင်းမှာ အခက်အခဲများရှိကြသလို ရန်ကုန်တာယာမှာလည်း စိန်ခေါ်မှုတချို့ ရှိနေပါသည်။''တာယာလုပ်ငန်းမှာ လျှပ်စစ်မီး ပုံမှန်ရဖို့က သိပ်အရေးကြီးပါတယ်။ တခြားနိုင်ငံက စက်မှုလုပ်ငန်းတွေနဲ့ယှဉ်ရင် ကိုယ်တွေက မီးခဏခဏပျက်တယ်။ မီးပျက်တာကြောင့် ဆုံးရှုံးမှုတွေ ဖြစ်စေရုံမကဘူး၊ နောက်ပိုင်း စက်သစ်တွေက ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်တဲ့ Computerized PLC control စက်တွေဖြစ်တော့ မီးတစ်ခါပျက်တိုင်း စက်တွေပျက်စီးစေတယ်။ အဲဒါပိုဆိုးတယ်။ စက်တစ်ခုလုံးက တစ်ခါတလေကျရင် ရက်ရှည်ပျက်သွားတတ်တယ်။ ဒီလိုစက်ကြီးတွေကို UPS တပ်ထားဖို့က အဆင်မပြေဘူး။ မီးက ပျက်စီးဆုံးရှုံးမှု တော်တော်ဖြစ်စေတယ်'' လို့ ဒေါက်တာထင်ကျော်ဦးက ဖွင့်ဟပါသည်။

နိုင်ငံခြားဖြစ် တာယာအများစုက ကမ္ဘာသုံးဈေးကွက်အတွက် ထုတ်လုပ်ထားခြင်းဖြစ်သည့်အတွက် ပြည်တွင်းထုတ်တာယာများမှာ ပြည်တွင်းသုံးစွဲသူများကို လက်တွေ့သုံးစွဲမှုပုံစံကို လေ့လာပြီး သုံးစွဲသူနှင့် အဆင်ပြေပြီး ကြာရှည်အသုံးခံအောင် ဈေးနှုန်းလည်း သင့်တင့်အောင် ထုတ်လုပ်ထားခြင်းမှာ အားသာချက်ဖြစ်တယ်လို့ သူက ပြောပါသည်။ ကမ္ဘာကျော် အမှတ်တံဆိပ်များဖြစ်သည့် Michelin၊ Bridgestone တို့သည် ထိုင်းနိုင်ငံမှာ ၎င်းတို့၏ စက်ရုံများရှိနေပြီး လက်ရှိတွင် နိုင်ငံခြားမှ မြန်မာနိုင်ငံမှာလာရောက်ထုတ်လုပ်ခြင်း မရှိသေးပေ။

''ဈေးကွက်အခြေအနေအရ ဝယ်လိုအား ထပ်တက်နိုင်ခြေရှိတယ်။ လမ်းတွေကောင်းလာတော့ ကားတာယာလဲရတဲ့ အကြိမ်နည်းလာပေမဲ့ ကားတွေက ပိုပိုပြီးများလာတယ်''လို့ ဒေါက်တာ ထင်ကျော်ဦးက ပြောပါသည်။

လက်ရှိမှာတော့ ဈေးကွက်ထဲမှာ မြန်မာဖြစ်တာယာအနေနှင့် ရန်ကုန်တာယာအပြင် မန္တလေးက ပုဂ္ဂလိက လုပ်ငန်းတစ်ခုက ထုတ်သည့် စပါးနှံတံဆိပ်တာယာ၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းကထုတ်သည့် Tri Star တာယာတို့ရှိပါသည်။

Myanmar times

Local News Read 1972 times