လစ်လပ်နေသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးရဲမင်းဦးအား ခန့်အပ်တာဝန်ပေးရေးအား ယနေ့ ဇွန် ၃ ရက်တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအဝေး ဒုတိယနေ့တွင် ကန့်ကွက်သူမရှိ သဘောတူခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက “ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးရဲမင်းဦးအား ခန့်အပ်တာဝန်ပေးလိုကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ တင်ပြချက်ကို လွှတ်တော် အရေးပေါ်အစည်းအဝေး ပထမနေ့တွင် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ယင်းပုဂ္ဂိုလ်နှင့် စပ်လျဉ်းပြီး ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ် ရှိပါက ကန့်ကွက်နိုင်ကြောင်း ကြေညာခဲ့သော်လည်း အမည်စာရင်း ပေးပို့လာခြင်း မရှိပါ။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဦးရဲမင်းဦးအား ခန့်အပ်တာဝန်ပေးအပ်ခြင်းကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ နှင့် အညီ လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်။”ဟု ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ယခင် ဝန်ကြီး ဦးမြင့်သောင်းသည် ဧပြီ ၂၀ ရက်တွင် ကွယ်လွန်သွားခဲ့ပြီးနောက် လစ်လပ်သွားသော ဝန်ကြီးနေရာအား ခန့်အပ် တာဝန်ပေးနိုင်ရေး အတွက် တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီချက် ရယူရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး အဖြစ် လွှတ်တော်မှ သဘောတူခဲ့သော ဦးရဲမင်းဦးသည် ၁၉၇၅ ခုနှစ်တွင် မွေးဖွားပြီး အသက်အားဖြင့် ၄၅ နှစ် အရွယ်ရှိကြောင်းသိရသည်။ သူသည် ၂၀၁၉ ခုနှစ်မှ စတင်၍ နေပြည်တော်စည်ပင်ဘဏ်(ယခု နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်)ဥက္ကဋ္ဌ နှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း လည်းသိရသည်။ (Xinhua)
ဦးရဲမင်းဦးရေးသားတဲ့ သူ့အကြောင်း
ရန်ကုန်က ဂန္ဒီဆေးရုံကြီးမှာ ၁၉၇၅ ခုနှစ်က မွေးတယ်ဗျ။ အသက် ၄၅ နှစ်ထဲ ဆိုကြပါစို့။
ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာပဲ ကြီးပါတယ်။ ငယ်စဉ်က သင်္ဃန်းကျွန်း ၁၆ ရပ်ကွက် (ကိုမင်းကိုနိုင်တို့ရပ်ကွက်)နဲ့ တောင်ဥက္ကလာ ၁၂ ရပ်ကွက် (ဆရာအီကြာကွေးရပ်ကွက်)တို့မှာ နေထိုင်ခဲ့ပါတယ်။
အ.မ.က (၃၇)၊ သင်္ဃန်းကျွန်း၊ အ.လ.က (၄) သင်္ဃန်းကျွန်းတွေမှာ တက်ရောက်ခဲ့ပါတယ်။ ကျောင်းမှာတော့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးလို့ ဘုရားစူးရစေရဲ့ မဖြစ်ခဲ့ရပါဘူး။
၁၉၉၃ မှာ ဗဟန်း၊ နန်ယန်လို့ လူသိများတဲ့ အ.ထ.က (၂)၊ ဗဟန်းကနေ ဆယ်တန်းအောင်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကို ၁၉၉၅ မှာ တက်ခွင့်ရပါတယ်။ လှိုင်နယ်မြေမှာ တက်ခဲ့ပါတယ်။ ၂၀၀၁ မှာ ဘွဲ့ရပါတယ်။
အဲဒီကာလမှာ စစ်အစိုးရက ရန်ကုန်တက္ကသိုလ်ကို ပိတ်ပြီး နေ့တက်ကျောင်းသားအားလုံးကို ဒဂုံတက္ကသိုလ်ကို အတင်းရွှေ့လိုက်လို့ ဘွဲ့ယူတဲ့အချိန်မှာ ဒဂုံတက္ကသိုလ်ကျောင်းသားအနေနဲ့ပဲ ယူခဲ့ရပါတယ်။ တက္ကသိုလ်မှာလည်း ထာဝရ FA အဖြစ်ပဲ လူသိများပါတယ်။
၂၀၀၀ ခုနှစ်မှာ Y2K ကိစ္စကြောင့် ကမ္ဘာကြီးပဲ ပျက်တော့မလိုလို ပြောနေကြတာတွေကို အစိုးရိမ်လွန်ပြီး အိမ်ထောင်ပြုလိုက်မိပါတယ်။ လူပျိုအဖြစ်နဲ့ ကမ္ဘာပျက်သွားတာကို မခံနိုင်တာပေါ့။ ကျားကြောက်လို့ အရှင်မကြီး ကိုးမိတယ်ဆိုရမလားပါပဲ။ (ကျန်တာဆက်ပြောဖို့ အစီအစဉ်မရှိသေးပါ။)
၁၉၉၃ ဆယ်တန်းအောင်ကတည်းက KMD မှာ သင်တန်းတက်ပြီး အလုပ်တန်းဝင်ခဲ့ပါတယ်။ ကွန်ပျူတာသမားအဖြစ်ပဲ အသက်မွေးဖို့ အားထုတ်ခဲ့ပါတယ်။ အလုပ်တွေပြောင်းရင်း ၁၉၉၅ မှာ ထူးကုမ္ပဏီကို ရောက်ပါတယ်။ တစ်နှစ်ကြာမှာ အလုပ်ထွက်ပါတယ်။ ကွန်ပျူတာသင်တဲ့သူအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်။ ၁၉၉၈ မှာ ထူးကို အလုပ်ပြန်ဝင်ပါတယ်။ ၂၀၁၄ မှာ အလုပ်ထွက်ပါတယ်။
၂၀၁၀ မှာ ဘဏ်လောကကို စရောက်ပါတယ်။ AGD Bank ကို တည်ထောင်ခဲ့သူများထဲမှာ MD ရာထူးနဲ့ ပါဝင်ခွင့်ရခဲ့ပါတယ်။ အဲဒီကာလက မြန်မာနိုင်ငံဘဏ်များအသင်းရဲ့တွဲဖက်အတွင်းရေးမှူး၊ Myanmar Payment Union ရဲ့ အတွင်းရေးမှူး၊ Myanmar Credit Bureau ရဲ့ အတွင်းရေးမှူး တာဝန်တွေကို ယူခဲ့ပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်မှာလည်း ဗဟိုအလုပ်အမှုဆောင် လုပ်ခဲ့ပါတယ်။ ၂၀၁၄ အလုပ်ထွက်ချိန်မှာ တာဝန်ယူထားတဲ့ ကုမ္ပဏီအားလုံးနဲ့ အသင်းအဖွဲ့အားလုံးကနေ နှုတ်ထွက်ခဲ့ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းအဖြစ် ရှမ်းပြည်မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ပါတယ်။ ဘဏ်တချို့မှာ အကြံပေးလုပ်ပါတယ်။ ရှမ်းပြည်က ဟိုတယ်အသေးလေးတစ်ခုမှာ အစုရှယ်ယာ ပါပါတယ်။
၂၀၁၉ ဇန်နဝါရီလမှာ နေပြည်တော်စည်ပင်ဘဏ် (အခု နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်)မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးလို့ တာဝန်ထမ်းဆောင်ရပါတယ်။
ဇူလိုင်လမှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထပ်ပေးပါတယ်။ အဲဒီကစလို့ ရန်ကုန်သားကနေပြီး နေပြည်တော်သား ဖြစ်သွားပါတယ်။ နေ့လည်း နေပြည်တော် ညလည်းနေပြည်တော်ဆိုပြီး စိတ်ထဲ အမြဲထည့်ထားပါတယ်။ (ရန်ကုန်ကို သေတ္တာ စဖောက်တဲ့သဘောပေါ့)
၂၀၁၉ ထဲမှာပဲ မြန်မာနိုင်ငံဘဏ်များအသင်းရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် အသင်းက တာဝန်ပေးပါတယ်။ Myanmar Payment Union ရဲ့ ဥက္ကဋ္ဌအဖြစ် MPU က တာဝန်ပေးပါတယ်။ လစာမပေးရတော့ တာဝန်တွေ အရမ်းပေးကြတာပါပဲ။ ?
ဒီလိုပဲ ဟိုကော်မတီပါ ဒီကော်မတီပါလေးတွေလည်း ရှိပါသေးတယ်။ ကော်မတီအစည်းအဝေးတွေက တိုက်တဲ့ လက်ဘက်ရည်နဲ့ မုန့်တွေကို မကြာခဏ စားခဲ့ရပါတယ်။
၂၀၁၆ကနေ ၂၀၂၀ အတွင်းမှာ
ရန်ကုန်တိုင်းဒေသကြီး အထပ်မြင့်အဆောက်အအုံများ စိစစ်ရေးကော်မတီ၊ အဖွဲ့ဝင်
ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးကြပ်ရေးကော်မတီ၊ အဖွဲ့ဝင်
ရန်ကုန်ဝန်ကြီးများရုံး ကြီးကြပ်ရေးကော်မတီ၊ အဖွဲ့ဝင်
ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ အဖွဲ့ဝင်
MSME Development Working Committee, Fund Management Team, အဖွဲ့ဝင်
Digital Economy Development Committee၊ အဖွဲ့ဝင်
COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force)၊ အဖွဲ့ခေါင်းဆောင်
အဲလိုတွေလည်း လုပ်နေခဲ့တာ အခုထိပါပဲ။
အလုပ်လုပ်ရတာ ဝါသနာပါတယ်။ အလုပ်မရှိရင် မနေတတ်ဘူး။ ခေါင်းစဉ်မတူတဲ့ အလုပ်တွေကို တပြိုင််တည်း လုပ်နေတတ်ပါတယ်။ လူတွေက ကံလို့ ပြောတတ်တယ်။ အလုပ်လုပ်ရတဲ့ ကံမို့လို့ ကျေနပ်မိတာပါပဲ။
စာဖတ်တယ်။ ရုပ်ရှင်ကြည့်တယ်။ ဒီနှစ်ခုပဲ ဝါသနာပါတယ်။
ငယ်စဉ်ကတည်းက ဘာအားကစားမှ မလုပ်ခဲ့ဘူး။ ဒါကြောင့်လည်း ထွားကျိုင်း ခန့်ညားနေတာ နေမှာပေါ့။
ဘဝမှာ ဘယ်အရာမှ အလကားမရခဲ့ဖူးဘူး။ အလွယ်တကူ မရခဲ့ဖူးဘူး။
ကြိုးစားအားထုတ်မှု မပြုရဘဲ ဘာမှလည်း မလိုချင်ခဲ့ဖူးဘူး။ ထီတောင်မထိုးဘူး။
အားနည်းချက် တစ်ခုပဲ ကြီးကြီးမားမား ရှိပါတယ်။ လူသားတွေကို လူဖြစ်နေတဲ့အတွက် ချစ်ခင်မှုပါ။
@Ye Min Oo