ဒေါ်လာ နေရာ ယွမ် ဝင်လာ


20 December, 2021

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးအတွက် တရားဝင်တိုက်ရိုက်အသုံးပြုပေးချေမှု ငွေကြေးအဖြစ် တရုတ်ယွမ်အား လက်ခံထားပြီး နိုင်ငံရေးမတည်ငြိမ်မှုများကြားတွင် စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသောကြောင့် အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေများ ပြတ်လပ်မှု အကျပ်အတည်းကို ယွမ်ဖြင့် အစားထိုး သုံးစွဲပြီး ကိုင်တွယ်ဖြေရှင်းရန် ရည်မှန်းထားကြောင်း၊  ဤကိစ္စနှင့် နီးစပ်သည့် ရင်းမြစ်များက Global Times ကို ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အများဆုံးရင်းမြစ်ဖြစ်သည့် တရုတ်နိုင်ငံသည် မြန်မာဘဏ်များအတွက် ယွမ်ငွေ လက်လှမ်းမီရန် တည်ငြိမ်သောအရင်းအမြစ်ကို ပံ့ပိုးပေးမည်ဖြစ်ပြီး နိုင်ငံ၏ဘဏ္ဍာရေးအခက်အခဲများကို သက်သာစေကာ စီးပွားရေးတိုးတက်မှုကို ပြန်လည်ထူထောင်နိုင်မည်ဖြစ်ကြောင်း အဆိုပါရင်းမြစ်များက ပြောကြားသည်။

အမေရိကန် ဒေါ်လာသည် မြန်မာ၏ နိုင်ငံတကာ ငွေပေးချေမှုများကို လွှမ်းမိုးထားသောကြောင့် ယခု ယွမ်ကို အစားထိုး သုံးစွဲသည့် အရွေ့သည်အိမ်နီးနားချင်းနိုင်ငံများနှင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတို့တွင် ယွမ်သုံးစွဲမှု တိုးချဲ့ရန် တရုတ်အစိုးရ၏ အိမ်နီးနားချင်းနိုင်ငံများနှင့် ပူးပေါင်းကြိုးပမ်းမှုများတွင် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်။
ထို့ပြင် အမေရိကန်ဒေါ်လာ ဩဇာလွှမ်းခြင်းကို အကြောင်းပြုပြီး လက်နက်သဖွယ်အသုံးပြုကာ အခြားနိုင်ငံများအပေါ် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို အမေရိကန်က တိုးမြှင့်လုပ်ဆောင်ခြင်းကို တန်ပြန်ရန် အရေးပါသည့် ခြေလှမ်းတစ်ရပ်လည်း ဖြစ်ကြောင်း လေ့လာဆန်းစစ်သူများကပြောကြားသည်။ ထိုအရွေ့သည် အရှေ့တောင်အာရှ ဒေသတွင်းမှာ ယွမ်ငွေကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုဖို့ လမ်းခင်းပေးရာ ရောက်ကြောင်းလည်း လေ့လာသူတွေက ပြောကြားသည်။
 
 မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ရန် စီစဉ်ထားသည့် တရားဝင် အခမ်းအနားကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျင်းပမည်ဟု Global Times သတင်းတွင် ဖော်ပြထားသည်။


ရှေ့ပြေးအဆင့်တွင် ခန့်မှန်းခြေ ယွမ်သုံးစွဲမှုအတိုင်းအတာသည် ယွမ် ၂ ဘီလီယံ (ဒေါ်လာ ၃၁၄ သန်း) ခန့်ရှိမည်ဟု သတင်းရင်းမြစ်များက ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းပမာဏသည် Global Times ၏ တွက်ချက်မှုများအရ ကုန်းတွင်းလမ်းကြောင်းများမှတစ်ဆင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းခန့်နှင့် ညီမျှသည်။


ကုန်သွယ်မှုအတွက် ငွေပေးချေမှုများတွင် ယွမ်ငွေကို အသုံးပြုခြင်းသည် ကနဦးအဆင့်တွင် နယ်စပ်ကုန်သွယ်ရေးတွင် ရှေ့ပြေးအစီအစဉ်ဖြစ်ပြီး ဒေသခံများက "အသေးစားကုန်သွယ်မှု" ဟုခေါ်သည့် ကုန်စည်ပမာဏ အသေးစားများနှင့် နေ့စဉ်သုံးပစ္စည်းများကို အရောင်းအဝယ်ပြုလုပ်ရန်အတွက် အလေးပေးမည် ဖြစ်သည်။
နောင်တစ်ချိန်တွင် 

ကုန်စည်ပမာဏ ကြီးကြီးမားမားများ၊ ရေထွက်ကုန်ပစ္စည်းများ၊ စက်များနှင့် စက်ကိရိယာများ သယ်ဆောင်သည့် ကွန်တိန်နာ သင်္ဘောများအထိ အကျုံးဝင်သည့်   ကုန်သွယ်မှု ကြီးကြီးမားမားများတွင်  အမေရိကန်ဒေါ်လာအစား ယွမ်ဖြင့်ပေးချေကြသည်အထိ ချဲ့ထွင်နိုင်သည်ဟု သတင်းရင်းမြစ်တစ်ခုက မှတ်ချက်ပြုသည်။

မြန်မာအစိုးရသည် မေလကတည်းက ပိုမိုနထဥထဲဝင်ဝင်ဖြစ်သော ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရရှိရန် တရုတ်ဘဏ်များသို့ အကြိမ်ကြိမ် ချဉ်းကပ်ခဲ့သည်။

ယခုအခါ ဗဟိုဘဏ်က ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေခွင့်အတွက် Bank of China - BOC (Hong Kong) ရန်ကုန်ရုံးခွဲနှင့် Industrial and Commercial Bank of China (ICBO) တို့ကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များအဖြစ် ရွေးချယ်ထားသည်။

ICBC သည် မြန်မာနိုင်ငံတွင် လည်ပတ်သည့် ပထမဆုံးသော တရုတ်ကူးသန်းရောင်းဝယ်ရေးဘဏ်ဖြစ်ပြီး ဇွန်လတွင် ICBC ၏ ရန်ကုန်ဘဏ်ခွဲသည် ကုမ္ပဏီများ၏ ကနဦးအသုတ်အတွက် ယွမ်ငွေစာရင်းဖွင့်ရန် အတည်ပြု ခွင့်ပြုချက် ရရှိခဲ့သည်။

ICBC ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောကြားသည်မှာ ရှေ့ပြေးအစီအစဉ် အောင်မြင်သည်ဟု ယူဆပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ဒီဇိုင်းပုံစံအရ ယွမ်ကို အထွေထွေ ကုန်သွယ်မှုတွင် ထပ်မံတိုးချဲ့သုံးစွဲသွားရန် စဉ်းစားဆုံးဖြတ်ပြီး မြန်မာကုန်သွယ်မှု ကုမ္ပဏီ  အားလုံးကို ယွမ်ငွေစာရင်း ဖွင့်ခွင့်ပြုမည် ဖြစ်သည်။

"ဒါက မြန်မာနိုင်ငံတွင်း ငွေပေးချေမှုမှာ ယွမ်ငွေကို တိုးချဲ့သုံးစွဲဖို့အတွက် အဓိကကျတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ ပြည်တွင်း ကူးသန်းရောင်းဝယ်ရေးဘဏ်တွေက ယွမ်အပ်ငွေနဲ့ ချေးငွေလုပ်ငန်းကို ဆောင်ရွက်နိုင်မှာပါ" ဟု ICBC ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

နောက်တစ်ဆင့်တွင် တရုတ်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ယွမ်ငွေဖြင့် ရင်းနှီးမြုပ်နှံရန် စဉ်းစားကြမည်ဖြစ်ကြောင်း ၎င်းက ကြိုတင်ခန့်မှန်းသည်။

ယွမ်ငွေကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် တရားဝင် ငွေပေးချေနိုင်သည့် ငွေကြေးအမျိုးမျိုးစာရင်းတွင် ထည့်သွင်းခဲ့သည်။ 

အောက်တိုဘာလတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယွမ်ငွေကို နိုင်ငံခြားငွေလဲလှယ်ခြင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းဆောင်ရွက်ခွင့်လိုင်စင်များရှိသည့် ပြည်တွင်းဘဏ်များတွင် လဲလှယ်နိုင်သည့် ငွေကြေးစာရင်းတွင် ထည့်သွင်းခဲ့သည်။

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြု


တရုတ်နိုင်ငံ၏ ဗဟိုဘဏ်ဖြစ်သော တရုတ်ပြည်သူ့ဘဏ်သည် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်ကာပူနှင့် လာအိုနိုင်ငံတို့မှ ဗဟိုဘဏ်များနှင့် ငွေကြေးလဲလှယ်မှု သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။

တရုတ်ဗဟုိဘဏ် ဖြစ်သော တရုတ်ပြည်သူ့ဘဏ်နှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်တို့သည် ပြည်တွင်းငွေကြေး ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ငွေကြေးလဲလှယ်မှုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်း မပြုရသေးပေ။

 Source Global Times

 

Banking & Loan Read 1626 times