ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြု
တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန် ချောမွေ့စေနိုင်ရန်နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေရန် နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်းငွေကြေးသုံးစွဲ မှုကို တိုးမြှင့်ရန်တို့အတွက် ရည်ရွယ်၍ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမိန့်ကြော်ငြာစာအမှတ် ၄၈ / ၂၀၂၁ ကို ၁၃၈၃ ခုနှစ်နတ်တော်လဆန်း ၁၁ ရက် (၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာပါသည်။
ယွမ် /ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များတွင် နယ်စပ်ကုန်သွယ်မှုဆောင်ရွက်မည့် သွင်းကုန်တင်သွင်းသူများနှင့် ပို့ကုန် တင်ပို့သူများ၏ ယွမ်စာရင်းဖွင့်လှစ်ရန် ခွင့်ပြုပါသည်။
ဆောင်ရွက်ခွင့်ပြုသည့် Designated Bank များသည် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ်တိုက်ရိုက် အသုံးပြုပေးချေရေးလုပ်ငန်းစဉ်များ ဆိုင်ရာလမ်းညွှန်ချက် (Guideline) အား လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း ညွှန်ကြားထားပါသည်။