ယွမ်ငွေ မာသဖြင့် တရုတ်ပို့ကုန်လုပ်ငန်းငယ်များ ထိခိုက်


20 January, 2021

တရုတ်နိုင်ငံသုံးငွေ ယွမ် ဈေးမာလာသဖြင့် တရုတ်ပြည်တွင်းမှ ပို့ကုန်လုပ်ငန်းငယ်များ ကုန်ကျစရိတ် တက်ပြီးထိခိုက်ကုန်ကြတယ်။

အတိမ်းအစောင်း မခံနိုင်တဲ့ လုပ်ငန်းငယ်တွေအဖို့ တရုတ်ပြည်စီးပွားရေး ပြန်နာလန်ထတဲ့အခါ ပေးဆပ်ရတာက ကြီးမားနေတယ်။

တီယံကျန်း ဘင်ဟိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖော့ကလစ်တွေနဲ့ ဆေးပစ္စည်းတွေကို လေဆိပ်သိုလှောင်ရုံမှ လေယာဉ်ဆီသို့ သယ်ပို့နေကြတယ်။ ထူထူထဲထဲ ထုပ်ပိုးထားတဲ့ ဆေးပစ္စည်းတွေဟာ မတ်စ်တွေအပါအဝင် ကိုဗစ်တိုက်ပွဲအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဖြစ်ပြီး ပြည်ပသို့ တင်ပို့ဖို့ လေယာဉ်ပေါ် တင်နေကြတာ ဖြစ်ပါတယ်။

အခုလို ပစ္စည်းတွေ တင်ပို့နေရပေမဲ့ အမြတ်ကောင်းကောင်း ရလိမ့်မယ်လို့ တပ်အပ်သေချာ မပြောနိုင်ဘူး ဖြစ်နေတယ်။

တီယံကျန်းမှ ကုန်သွယ်မှုကုမ္ပဏီ ပိုင်ဆိုင်လုပ်ကိုင်သူ လီဟွာက “ကျနော်တို့ အမှာစာတွေ အများကြီးရတယ်။ ဒါပေမဲ့ ငွေကြေးအမြတ်အစွန်းကတော့ မကောင်းလှဘူး” လို့ ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မတိုင်ခင်ကာလတုန်းက လုပ်ကြကိုင်ကြတဲ့အတိုင်း တရုတ်ပြည်မှာ ပြန်လည် လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ ကူးစက်မှု အသစ်တွေ ရှိနေပေမဲ့လည်း နိုင်နိုင်နင်းနင်းဖြင့် ထိန်းချုပ်ပေးထားနိုင်တာကြောင့် စီးပွားရေး လုပ်ငန်းတွေ ပြန်လည်ပတ်နေကြပြီ။ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍကလည်း မြန်မြန်ဆန်ဆန် နာလန်ထနိုင်ခဲ့တယ်။ အိန္ဒိယနဲ့ ဗီယက်နမ်အစား တရုတ်ပြည်ကို ပြောင်းလဲသုံးစွဲကြတဲ့ ပြည်ပကုမ္ပဏီတွေထံမှ အမှာစာတွေ အမြောက်အမြား ရရှိကြတယ်။

တခြားနိုင်ငံတွေရဲ့ စီးပွားရေးတွေထက် ပိုမိုမြန်ဆန်စွာဖြင့် နာလန်ထတဲ့အတွက် တရုတ်နိုင်ငံသုံး ယွမ်ငွေ အားကောင်းသွားတယ်။ ဒီတော့ လီဟွာလို့ ပြည်ပပို့ကုန် လုပ်ကိုင်တဲ့ လုပ်ငန်းငယ်တွေ ရမယ့် အမြတ်အစွန်း လျော့ကျသွားစေတယ်။

ယွမ်က ဈေးမာလာတာ မေလအနှောင်းပိုင်းကတည်းက ဖြစ်ပြီး တဖြည်းဖြည်း မှန်တန်းဖြင့် ဈေးတက်လာတယ်။ အဲဒီမေလမှာ တရုတ်နိုင်ငံက ကိုဗစ်ကပ်ရောဂါကို စတင်ထိန်းချုပ်ထားနိုင်ခဲ့ပြီး စီးပွားရေး လုပ်ငန်းတွေ ပြန်လည်စတင်လည်ပတ်ခဲ့ကြတယ်။ ၂၀၂၁ နှစ်သစ်ကူးချိန်မှာ အမေရိကန်ဒေါ်လာနဲ့ ငွေလဲနှုန်းက တစ်ဒေါ်လာကို ၆ . ၄ ယွမ် ဝန်းကျင် ဖြစ်လာတာမို့ ၁၀ % ဈေးမာသွားခဲ့တာ ဖြစ်ပါတယ်။

အမှာစာကို သဘောတူလက်မှတ်ထိုးချိန်မှာ ရှိတဲ့ ငွေဈေးထက် ၁၀% ပိုမြင့်သွားခဲ့တာ ဖြစ်လို့ ငွေလဲနှုန်းကြောင့် ရမယ့် အမြတ် လျော့ကျသွားပါတယ်။

လီဟွာအနေဖြင့် တစ်ဒေါ်လာကို ခုနစ်ယွမ် ငွေလဲနှုန်းဖြင့် မျှော်မှန်းတွက်ချက်ပြီး အမှာစာတွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ “ကျနော်တို့က အမြတ်ကို ၁၅% လောက် ရအောင် ဈေးတင်ထားတယ်။ အခုတော့ ငွေလဲနှုန်းကြောင့် မှန်းထားသလို မရနိုင်တော့ဘူး” လို့ ပြောပြတယ်။

မတ်စ် ထုတ်လုပ်တဲ့ လီဟွာက ပို့ကုန်အမှာစာကို စာချုပ်ဲတဲ့အခါ တန်ဖိုးကို ယွမ်ဖြင့်သာ ချုပ်ထားပါတယ်။ တရုတ်ပြည် ပို့ကုန်လုပ်ငန်း အများစုဟာ အခုလို ယွမ်နဲ့သာ စာချုပ်ကြတာ ထုံးစံ ဖြစ်ပါတယ်။ N95 တွေကို တင်ပို့ရောင်းချခဲ့တာမှာ တစ်ဒေါ်လာဖိုး ရောင်းရတိုင်း ၇ ယွမ်တော့ ရလိမ့်မယ် မှန်းထားပေမဲ့ ငွေလဲနှုန်းကြောင့် ၆ .၄ ယွမ် ဝန်းကျင်သာ ရရှိပါတော့တယ်။

ပစ္စည်းတင်ပို့ဖို့အတွက် ကွန်တိန်နာ ရှားပါးနေခြင်း၊ ဆိပ်ကမ်းတွေမှာ ကွန်တိန်နာတွေကို ပိုးသတ်တဲ့အတွက် စရိတ်စက အကုန်ကျခံရခြင်းတွေဟာလည်း ပို့ကုန်လုပ်ငန်းငယ်တွေကို ထိခိုက်စေပါတယ်။ သင်္ဘောတန်ဆာခတွေ ၁၀ ဆ တက်သွားတာဟာလည်း ပို့ကုန်လုပ်ငန်းငယ်တွေကို ထိခိုက်ပါတယ်။

အခုလို အပိုဆောင်း ကုန်ကျစရိတ်တေွ ကာမိအောင် ပစ္စည်းရောင်းဈေးကို မြှင့်တင်ဖို့အတွက် အခက်အခဲ ရှိနေပါတယ်။ ပြည်ပဈေးကွက်မှာ ကိုဗစ်ကြောင့် လုပ်ငန်းတွေ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိသေးသဖြင့် ပြိုင်ဆိုင်မှု နည်းသော်လည်း တရုတ်ပြည်တွင်း ဈေးကွက်မှာတော့ အပြိုင်အဆိုင် ကြီးမားပြင်းထန်နေတာမို့ ဈေးတင်ရောင်းရင် ဝယ်လက်တွေက ဈေးသက်သာတဲ့ တခြားကုမ္ပဏီတွေထံမှ ဝယ်ယူကြလိမ့်မယ်။

“ကျနော်တို့ ပြည်ပမှ ပြိုင်ဆိုင်မှု မရှိဘူး။ သူတို့ရဲ့ ကုန်စည်စီးဆင်း ကွင်းဆက်က ပြန်မကောင်းသေးဘူး။ တရုတ်ပြည်တွင်း ဈေးကွက်မှာတော့ ကျနော်တို့ လုပ်နေတာတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ မရေမတွက်နိုင်လောက်အောင် များပြားတယ်။ ဒီတော့ ဈေးသက်သာမှုအရ ပြိုင်ဆိုင်နေကြရတယ်” လို့ ဘီဟွာက ပြောပြတယ်။

“ငွေလဲနှုန်းကို ကျနော်တို့က ပြောင်းလို့ မရတော့ ကျနော်တို့ ရမယ့်အမြတ်ပမာဏကို အထိခံရတော့တာပါပဲ” လို့ သူက စိတ်ပျက်လက်ပျက်ဖြင့် ပြောတယ်။

အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ယွမ် မာနေတာကြောင့် အထိနာကြပြီး တချို့ လုပ်ငန်း ပြုတ်သွားကြတယ်လို့ လီဟွာက ပြောပြတယ်။

asia.nikkei.com

Export, Import Read 929 times