ယူနန်အစိုးရရဲ့ မှောင်ခိုစီးပွားရေး တိုက်ဖျက်မှုကြောင့် နယ်စပ်မှ မြန်မာပို့ကုန်များ အခက်အခဲကြုံ


04 March, 2019

ယူနန်အစိုးရက တရားမဝင်ကုန်သွယ်ရေး (မှောင်ခိုစီးပွားရေး) တိုက်ဖျက်တဲ့ စစ်ဆင်ရေးလုပ်ဆောင်နေခြင်းကြောင့် မြန်မာနိုင်ငံမှ ဆန်၊ သကြားအပါအဝင် ပို့ကုန်များတင်ပို့ရန် အခက်အခဲဖြစ်နေကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့က ပြောပါတယ်။


ဖေဖော်ဝါရီ ၂၅ ရက်မှ မတ်လ ၁၅ ရက်အထိ မှောင်ခိုစီးပွားရေးတိုက်ဖျက်မှု စစ်ဆင်ရေးကာလအတွင်း ဖမ်းဆီးမိပါက ကုန်ပစ္စည်းများ၊ ကုန်တင်ယာဉ်များသိမ်းဆည်းခြင်းနဲ့ တရုတ်ကုန်သည်များကို ထောင်ချအရေးယူခြင်းများပြုလုပ်ကြောင်း ၎င်းတို့က ပြောပါတယ်။


အဆိုပါအခြေအနေကြောင့် တရုတ်အစိုးရက ခွဲတမ်းပေးတင်သွင်းခွင့်ပြုထားတဲ့ ဆန်တန်ချိန် အနည်းငယ်မှအပ မြန်မာနိုင်ငံမှ ပို့ကုန်များတင်ပို့ရောင်းချနိုင်ခြင်းမရှိပေ။ မတ်လ ၁၅ ရက် နောက်ပိုင်းမှသာ မြန်မာပို့ကုန်များ ယခင်ကဲ့သို့ ပြန်လည်တင်ပို့နိုင်မယ်လို့ ဆန်ကုန်စည်ဒိုင် (မူဆယ်) မှ အသင်းဝင်တစ်ဦးက ပြောပါတယ်။

ပို့ကုန်ပိုင်းက အဖမ်းအဆီးတွေရှိနေတော့ မသွားနိုင်ဘူး။ အသီးတွေလောက်ပဲ သွားတာများတယ်လို့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးအသင်း (မူဆယ်) ဥက္ကဋ္ဌဦးဝင်းအောင်ခန့်က ပြောပါတယ်။

မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဇုန်လေးခုမှာ မူဆယ်၊ ရွှေလီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ပြီး ဆန်၊ သကြား၊ ပြောင်းဖူးစေ့အပါအဝင် မြန်မာနိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံကို ပို့ကုန်စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တင်ပို့နေခြင်းဖြစ်ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကလြမ်း၊ နယ်စပ်စီးပွားရေးဇုန်များကို နှစ်နိုင်ငံပူးပေါင်းအကောင်အထည်ဖော်ရန် အားထုတ်နေသော တရုတ်အစိုးရက မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များအပါအဝင် ပို့ကုန်များကို ၂၀၁၈ အောက်တိုဘာက စတင် ဖမ်းဆီးနေပါတယ်။

နယ်စပ်မှ တရားဝင်ကုန်သွယ်ရေးကို ခွင့်ပြုခြင်းမရှိသော တရုတ်နိုင်ငံဟာ မှောင်ခိုကုန်သွယ်မှုတိုက်ဖျက်ရေးကို တင်းကျပ်စွာ ထိန်းချုပ်ကိုင်တွယ်နေခြင်းကြောင့် မြန်မာနိုင်ငံအတွက် ပို့ကုန်ပမာဏလျော့ကျစေပါတယ်။

ဒါ့ကြောင့် ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ ဖေဖော်ဝါရီ ၁၅ ရက်အထိ လေးလခွဲအတွင်း မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုက ပြီးခဲ့တဲ့နှစ်ကာလတူထက် ကန်ဒေါ်လာ သန်း ၄၀၀ ခန့်လျော့နည်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်လေးလခွဲအတွင်း မူဆယ်နယ်စပ်မှ ပို့ကုန်ပမာဏ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံခန့်ရှိခဲ့ပေမယ့်လည်း ယခုဘဏ္ဍာနှစ်မှာတော့ ၁ ဒသမ ၄ ဘီလီယံခန့်သာ တင်ပို့နိုင်ခဲ့ပါတယ်။

မြန်မာ-တရုတ်နယ်စပ်မှ ကုန်သွယ်မှုပမာဏဟာ တစ်နှစ်ကို ပျမ်းမျှဒေါ်လာငါးဘီလီယံကျော် ရှိပေမယ့်လည်း မြန်မာနိုင်ငံရဲ့ပို့ကုန်အများစုကို တရုတ်နိုင်ငံက တရားမဝင်သာဝယ်ယူခဲ့ပါတယ်။ ဒါ့ကြောင့် ယူနန်ပြည်နယ်အတွင်း မြန်မာပို့ကုန်များ ဖမ်းဆီးခြင်း၊ တရုတ်နိုင်ငံနယ်စပ်ရှိ ဘဏ်များမှ မြန်မာကုန်သည်များ၏ငွေစာရင်းများ အပိတ်ခံရခြင်းတို့ကို မကြာခဏ ကြုံတွေ့နေရတာဖြစ်ပါတယ်။

7day daily

Myanmar Industry Directory

Export, Import Agriculture & Livestock Read 6046 times