မြန်မာ့ကမ်းလွန်မှာ ဇောတိကစီမံကိန်းလုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီက လုပ်ကွက် M9 မှာ စီးပွားဖြစ်ထွက်ရှိနိုင်မယ့် အလားအလာနှစ်ခု ထပ်မံတွေ့ရှိထားတယ်လို့ထုတ်ပြန်ထားပါတယ်။
လုပ်ကွက် M9 အလယ်ပိုင်းနဲ့ မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့ ရေနံတွင်း စုစုပေါင်းကိုးခုကို ၂၀၁၈ ခုနှစ် တတိယသုံးလပတ်မှ စတင်ကာ ရှာဖွေစမ်းသပ်ခဲ့ရာမှ ယခုအခါ ရေနံတွင်းငါးခုမှာ စီးပွားဖြစ်တူးဖော်နိုင်မယ့် အခြေအနေများ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် PTTEP ရဲ့အကဲဖြတ်ဆန်းစစ်ရာမှာ အောင်မြင်ထားတဲ့ အဆိုပါရေနံတွင်းများအနက် တစ်ခုဖြစ်တဲ့ ဇောတိက-၂၄ ရေနံတွင်းမှာ စီးပွားဖြစ်ရရှိနိုင်မယ့် ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့သိုက်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပြီး ကြိုတင်ခန့်မှန်းထားတဲ့ ၄၁ မီတာထက် များပြားပြီး သဘာဝဓာတ်ငွေ့ပါဝင်တဲ့ ကျောက်သားထု ၁၅၂ မီတာကို တွေ့ရှိထားပါတယ်။
“ဇောတိကစီမံကိန်းဧရိယာနဲ့ စီးပွားဖြစ် ရေနံထွက်ရှိမှု အလားအလာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိရှိနားလည်ထားတာတွေကို အတည်ပြုပေးထားတဲ့ ရေနံတွင်းရဲ့ ရလဒ်တွေကို ကြေညာရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကျေနပ်ဝမ်းမြောက်မိပါတယ်” ဟု ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာ Mr. Piya Sukhumpanumet က ပြောကြားပါတယ်။
ပီတီတီအီးပီမြန်မာ့စီမံကိန်းက မြန်မာနိုင်ငံအတွက် စွမ်းအင်လိုအပ်ချက်တွေကို ပြည့်မီစေမယ့် နောက်ထပ်စွမ်းအင်ရင်းမြစ်တွေနဲ့ ဓာတ်ငွေ့သိုက်တွေကို ဆက်လက် ရှာဖွေလျက်ရှိပါတယ်။ ယခုတွေ့ရှိမှုက ဇောတိကစီမံကိန်းရဲ့ မတူးဖော်ရသေးတဲ့ နေရာတွေမှာ ဟိုက်ဒရိုကာဗွန်တွေရှိနေနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကို တိုးပွားစေပါတယ်လို့လည်း ၎င်းက ဆက်လက်ပြောကြားပါတယ်။
ဇောတိကစီမံကိန်းဟာ အရှေ့တောင်အာရှမှာရှိတဲ့ ပီတီတီအီးပီရဲ့ အဓိကအရေးပါတဲ့ စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် ခန့်မှန်းခြေ ကီလိုမီတာ ၃၀၀ အကွာအဝေးရှိ မုတ္တမပင်လယ်ကွေ့မှာ တည်ရှိပါတယ်။
ဒီစီမံကိန်းကနေ မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံ နှစ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်အတွက် သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်ခြင်းနဲ့ ပြည်တွင်းသဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုတို့ကို ဖြည့်ဆည်းပေးလျက်ရှိပါတယ်။
PTTEP အင်တာနေရှင်နယ်လီမီတက် (ရန်ကုန်ရုံးခွဲ) ကို ထိုင်းကုမ္ပဏီ PTTEP က အစုရှယ်ယာ ၈၀ ရာခိုင်နှုန်း၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၂၀ ရာခိုင်နှုန်းနဲ့ အကျိုးတူပူးပေါင်းလုပ်ဆောင်နေပြီး လက်ရှိအချိန်မှာ သဘာဝဓာတ်ငွေ့မြေမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ခန့်မှန်းခြေ ကုဗပေ သန်းပေါင်း ၃၀၀ မှ ၃၄၅ သန်းကို ထုတ်လုပ်လျက်ရှိပါတယ်။
Frontier Myanmar